ထိုင်းနိုင်ငံ ဓမ္မကာယကျောင်းတိုက်ကြီး၌ပြုလုပ်မည့် ဆီမီးတစ်သန်း ပူဇော်ပွဲသို့ ထိုင်းရောက်မြန်မာနိုင်ငံသားများကိုလည်း ဖိတ်ခေါ်ထား

ရန်ကုန်    ဖေဖော်ဝါရီ   ၂၂
ထိုင်းနိုင်ငံ၏ နာမည်ကျော် ဓမ္မကာယကျောင်းတိုက် ကြီး ၌ တပို့တွဲလပြည့်နေ့ (ဖေဖော်ဝါရီ ၂၄ ရက်)တွင် ပြုလုပ်မည့် မာဃပူဇာနေ့ ဆီမီးတစ်သန်း ပူဇော်ပွဲသို့ ထိုင်းနိုင်ငံရောက်    မြန်မာနိုင်ငံသားများကိုလည်း ဖိတ်ခေါ်ထားပြီး   ကြို၊  ပို့  ကားစီစဉ်ပေးမည်ဟု အဆိုပါပူဇော်ပွဲ ပြုလုပ်မည့် ဓမ္မကာယကျောင်းတိုက် မှ အသိပေးထားကြောင်း ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားတစ်ဦးက ပြောသည်။
အဆိုပါ ကျောင်းတိုက်ကြီးမှာ ထိုင်းနိုင်ငံ ပထုံ ဌာနီမြို့တွင် တည်ရှိခြင်းဖြစ်ကာ အဆိုပါ ပူဇော်ပွဲသို့ ကမ္ဘာ့နိုင်ငံအသီးသီးမှ ဗုဒ္ဓဘာသာခေါင်းဆောင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဗုဒ္ဓဘာသာဝင် လူဦးရေ နှစ်သိန်းကျော် တက်ရောက်မည်ဖြစ်ကြောင်း သိရ သည်။   
တပို့တွဲလပြည့်နေ့ကို         မြန်မာနိုင်ငံတွင် သြဝါဒပါတိမောက်အခါတော်နေ့ဟု   ခေါ်ဝေါ်ပြီး ထိုင်းနိုင်ငံနှင့်   အခြားသောနိုင်ငံများတွင်    မာဃ ပူဇာနေ့ဟု    သတ်မှတ်ခေါ်ဝေါ်ကြကာ   အဆိုပါနေ့ မှာ ဓမ္မကာယကျောင်းတိုက် တည်ထောင်ခြင်း (၅၄) နှစ်မြောက်နေ့လည်းဖြစ်ကြောင်း  သိရသည်။
“ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။    ဒါက   ပြောရမယ်ဆိုရင် ထိုင်းနိုင်ငံမှာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ အကြီးကျယ် ဆုံး ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။ ဒီပွဲကို လာမယ့် သူတွေအတွက် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ လည်း   ထုတ်ပြန်ပေးထားပါတယ်။    ကားကြိုပို့ ကတော့  အနည်းဆုံး လူ ၄၅ ဦး  ပြည့်မယ်ဆိုရင်  စီစဉ်ပေးမယ်လို့ သိရပါတယ်”ဟု အထက်ပါ မြန်မာ နိုင်ငံသားက ပြောသည်။
အဆိုပါ အခမ်းအနားတွင် ဘုရားရှိခိုး၊ စုပေါင်း တရားထိုင်ခြင်းလည်း  ပါဝင်မည်ဖြစ်ပြီး ကမ္ဘာပေါ် တွင် လူအများဆုံး စုပေါင်းတရားထိုင်ခြင်းအဖြစ် ဂင်းနက်စ်မှတ်တမ်းအဖွဲ့က ကြေညာခြင်း၊ အခမ်းအနား ဦးဆောင်ဆရာတော်က မာဃပူဇာ  အခမ်းအနား ဂါထာကို ရွတ်ဖတ်ခြင်း၊ မာဃပူဇာဆီမီးကို ဦးဆောင် ဆရာတော်မှတစ်ဆင့်  ဒါယကာများထံ အဆင့်ဆင့် လက်ဆင့်ကမ်း     ထွန်းညှိကာ     မဟာဓမ္မကာယ စေတီတော်ကို လက်ယာရစ် လှည့်လည်ပူဇော်ခြင်း၊ ဆီမီးကပ်လှူပြီး      အဓိဋ္ဌာန်ပြုဆုတောင်းခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။
ထက်ဦးမောင်