
အာရှဖလားပြိုင်ပွဲ (၁၆) သင်းအဆင့်မှ ဥဇဘက်ကစ္စတန်နှင့် ထိုင်း အသင်းပွဲစဉ်ကို ဇန်နဝါရီ ၃၀ ရက် ညနေ ၆ နာရီက ယှဉ်ပြိုင်ကစားခဲ့ရာ ဥဇဘက်ကစ္စတန်အသင်းက နှစ်ဂိုး - တစ်ဂိုးဖြင့် နိုင်ပွဲရရှိပြီး ကွာတား ဖိုင်နယ်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။
ထိုင်းအသင်းသည် ဥဇဘက်ကစ္စတန်အသင်းကို ခြေရည်တူကစား နိုင်ခဲ့သည့်အပြင် ဂိုးပေါက်ကန်သွင်းမှု ရှစ်ကြိမ်ထက်မနည်း ရှိခဲ့ပြီး ဂိုးပေါက်တည့်မတ်မှု သုံးကြိမ်တွင် တစ်ကြိမ်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ သည်။
ပွဲချိန် ၃၇ မိနစ်တွင် တာဂန်ဘဲ့ ဂိုးသွင်းယူနိုင်ခဲ့သဖြင့် ဥဇဘက် ကစ္စတန်အသင်း ဦးဆောင်ဂိုး ရရှိခဲ့သည်။ ထို့နောက်တွင် ထိုင်းအသင်း ကလည်း ချေပဂိုးရရှိရေး ကြိုးစားလာခဲ့ရာ ပွဲချိန် ၅၈ မိနစ်တွင် ရရှိခဲ့ပြီး စူပါရှော့ ဆာရာချက်က သွင်းယူပေးနိုင်ခဲ့သည်။
ဥဇဘက်ကစ္စတန်အသင်းအတွက် အနိုင်သေချာစေမည့် ဒုတိယဂိုး ကို ပွဲချိန် ၆၅ မိနစ်တွင် ဖေဇူလာယက်ဗ်က သွင်းယူနိုင်ခဲ့သည်။ ထို့နောက် တွင် နှစ်သင်းစလုံး လူစားပြောင်းလဲမှုများပြုလုပ်ကာ သွင်းဂိုးရရှိရေး အပြန်အလှန်တိုက်စစ်ဆင်ကစားမှုများ ပြုလုပ်လာသော်လည်း ထပ်မံ ဂိုးသွင်းယူနိုင်ခြင်း မရှိသည့်အတွက် ဥဇဘက်ကစ္စတန်အသင်းက အနိုင် ရရှိကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ဥဇဘက်ကစ္စတန်အသင်းသည် အာရှဖလားပြိုင်ပွဲကွာတားဖိုင်နယ် တွင် နာမည်ကြီး ကာတာအသင်းနှင့် ဖေဖော်ဝါရီ ၃ ရက်တွင် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
အောင်ဇော်