ထိရောက်တဲ့ကိုဗစ်-၁၉ကာကွယ်ဆေးတစ်ခုက ရောဂါကပ်ဘေးအတွက် အလှည့်အပြောင်း

Type

ဆောင်းပါး

=====

ထိရောက်တဲ့ကိုဗစ်-၁၉ကာကွယ်ဆေးတစ်ခုက ရောဂါကပ်ဘေးအတွက် အလှည့်အပြောင်း

=================================================

 

ကိုကို(စက်မှုတက္ကသိုလ်)

 

==========

ဝဋ်ကျွတ်ပြီလား..။

အဲဒီအရာရောက်လာတဲ့အခါ ဖန်ပြွန်အသေးကလေးနဲ့ အတူပါ။ ပထမဆုံးအနေနဲ့ လက်မောင်းပေါ်က အရေပြား ကို အရက်ပြန်နဲ့ သုတ်လိမ်းလိုက်တဲ့အခါ အေးမြမြကလေး ဖြစ်သွားမယ်။ ပြီးရင် အပ်ထိပ်ချွန်ချွန်ကလေးကြောင့် စူးခနဲဖြစ်သွားမယ်။ နှစ်ဆယ့်တစ်ရက်အကြာမှာ ဒီလိုပဲ ထပ်လုပ်ရမယ်။ သူနာပြုက သုံးပြီးသားဆေးထိုးပြွတ်ကို အမှိုက်ပုံးထဲ ထည့်ပြီးတာနဲ့ပဲ အသေးအမွှားအလုပ်ကလေး တစ်ခုက ကြီးကြီးမားမားပြဿနာတစ်ခုကို ဖြေရှင်းပေး လိုက်ပြီလို့ ဘယ်သူမှမစဉ်းစားဘဲနေကြမှာ မဟုတ် ပါဘူး။

၉၀ ရာခိုင်နှုန်း ထိရောက်မှုရှိ

ကိုဗစ်-၁၉ ကာကွယ်ဆေးဖော်စပ်နေကြတဲ့ လုပ်ဖော် ကိုင်ဖက်ကုမ္ပဏီနှစ်ခုဖြစ်တဲ့ ဖိုက်ဇာနဲ့ ဘိုင်အိုအင်န် တက်ခ်တို့က နိုဝင်ဘာလ ၉ ရက်နေ့မှာ ရောဂါလက္ခဏာ တွေပေါ်လာဖို့ သူတို့စမ်းသပ်ခဲ့တဲ့ ပထမဆုံးသော ၉၄ ဦး နဲ့ ပတ်သက်ပြီး အံ့မခန်းကိစ္စတစ်ခုကို ကြေညာခဲ့ကြ ပါတယ်။ သူတို့ရဲ့ကာကွယ်ဆေးဟာ ၉၀ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ ပြောတာဖြစ်ပါတယ်။

ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ကုမ္ပဏီတွေ အနေနဲ့ အရေးပေါ်သုံးခွင့် လျှောက်ထားတဲ့အခါ လိုအပ် တဲ့အချက်အလက်တွေကို ရရှိနိုင်ပါလိမ့်မယ်။ ဗြိတိန်နဲ့ အမေရိကန် အစိုးရတွေက ဒီဇင်ဘာလမှာ ကာကွယ်ဆေးထိုးလုပ်ငန်းတွေစတင်နိုင်မယ်လို့ ပြောထားကြပါတယ်။ အီးယူနိုင်ငံတွေကိုလည်း ကာကွယ်ဆေးကို ခပ်မြန်မြန် ဖြန့်ပေးမယ်လို့ ပြောထားပြီးပါပြီ။

ဒီသတင်းဟာ ကမ္ဘာတစ်လွှားကို စိတ်ဓာတ် တက်ကြွစေခဲ့တယ်။ စတော့ဈေးကွက်ကို ထည့်မပြော ပါဘူး။ ရောဂါကပ်ကြီးရဲ့ နိဂုံးကိုမြင်ရသလိုပါပဲ။ သိပ္ပံ နည်းကျထိုးထွင်းသိမြင်မှု ရှိခဲ့ပြီးတဲ့ လုပ်ငန်းပိုင်းဆိုင်ရာ လက်တွေ့အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေက ၎င်းတို့ရဲ့ စွမ်းပကားတွေကို ပြောင်ပြောင်မြောက်မြောက်ပြသပြီး ထွက်ပေါက် မဟာဗျူဟာကို ပေးစွမ်းခဲ့ကြပါတယ်။ ဖိုက်ဇာ နဲ့ ဘိုင်အိုအင်န်တက်ခ်တို့က မစို့မပို့ ၁၀ လတာကာလ အတွင်းမှာ ယခင်က ဘာမှန်းမသိခဲ့တဲ့ ရောဂါတစ်ခု အတွက် ကာကွယ်ဆေးကို တီထွင်ခဲ့ခြင်းမျှသာမဟုတ်ပါ။ သူတို့ဟာ လူတွေဆီ အရင်ကမသုံးဖူးခဲ့ကြတဲ့ ကာကွယ် ဆေးအပေါ် ချဉ်းကပ်မှုအခြေခံတစ်ခုကို ဆောင်ရွက် ခဲ့ကြပါတယ်။ သူတို့ရဲ့ ဆန်းသစ်တဲ့ ကာကွယ်ဆေးဟာ ကြိုတင်ခန့်မှန်းမထားတဲ့အာနိသင်ကိုပြသနိုင်ခဲ့ပါတယ်။ ဒီလောကထဲမှာက ပထမဆုံးထွက်လာတဲ့ ကာကွယ်ဆေး ဟာ ထိရောက်မှု ၇၀ ရာခိုင်နှုန်းလောက်ရှိရင်ပဲ အတော် ဟုတ်လှပြီလို့ထင်ရတာပါ။ ၅၀ ရာခိုင်နှုန်းရှိရင်ပဲ ဥပဒေ ကြောင်းအရ ခွင့်ပြုချက်ရဖို့လုံလောက်ပါတယ်။ ၉၀ ရာခိုင်နှုန်းကျော်ဆိုတာကြီးက လုံးဝမထင်မှတ်စရာ ကြီးပါ။

၉၂ ရာခိုင်နှုန်းထိရောက်မှုရှိ

ရုရှားနဲ့ တရုတ်တို့က ကိုဗစ်-၁၉ ကာကွယ်ဆေးကို စမ်းသပ်မှုအဆင့်ရဲ့ပြင်ပအနေအထားနဲ့ သူ့နိုင်ငံသား တွေကို ထိုးနှံပေးနေပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့က သူတို့ရဲ့ ကာကွယ်ဆေး စပွတ်နစ်ဗွီဟာ ၉၂ ရာခိုင်နှုန်းထိရောက်မှုရှိတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဖိုက်ဇာမကြေညာခင်မှာဆိုရင်တော့ သူတို့ရဲ့ ထုတ်ပြန်ချက်ဟာ တကယ့်ကို မယုံစရာကြီး ဖြစ်မှာပါ။ အခုတော့ ဖိုက်ဇာနဲ့ ယှဉ်လိုက်ရင် အထောက်အထားတွေက အားနည်းနေတာတောင်မှ သူတို့ရဲ့ ကြေညာချက်က မယုံနိုင်စရာ လျော့ပါးသွားနိုင်ပါတယ်။ စပွတ်နစ်ဗွီရော၊ တရုတ်ရဲ့ကာကွယ်ဆေးတွေရော တစ်ခုမှ သူတို့ရဲ့ ဘေးကင်းမှုနဲ့ ထိရောက်မှုတွေကို စည်းမျဉ်းတွေတင်းကျပ် လွန်းတဲ့ အမေရိကန်နိုင်ငံရဲ့ အစားအသောက် ဆေးဝါး အဖွဲ့ကြီးနဲ့ ဥရောပဆေးဝါးအေဂျင်စီ(အီးအမ်အေ)တို့က ပြောဆိုဆွေးနွေးခြင်း မရှိသေးပါဘူး။

ဖိုက်ဇာရဲ့ကာကွယ်ဆေးဟာ အခုဆိုရင် အဲဒီအဖွဲ့ ကြီးတွေဆီ ဦးတည်သွားနေပါပြီ။ ကုသမှု ဘယ်လောက် ထိရောက်တယ်ဆိုတာပြသဖို့ ကြီးမားတဲ့စမ်းသပ်မှုတွေ လုပ်နေပြီး တတိယအဆင့်စမ်းသပ်မှုတွေ လုပ်နေတဲ့ နောက်ထပ်ကာကွယ်ဆေးနှစ်မျိုးကလည်း သိပ်မကြာခင် မှာ သူတို့ရဲ့အချက်အလက်တွေကို တင်ပြပါတော့မယ်။

ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ အမေရိကန်ဇီဝနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ မိုဒါနာဟာ သူ့ကာကွယ် ဆေးရဲ့ အကျိုးအာနိသင်တွေနဲ့ ပတ်သက်တဲ့ ကြားကာလ တွေ့ရှိချက်တွေကို တင်ပြမယ်လို့ မျှော်လင့်ထားပါတယ်။ (မိုဒါနာက သူ့ကာကွယ်ဆေးဟာ ၉၄ ဒသမ ၅ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ နိုဝင်ဘာလ ၁၆ ရက်က ကြေညာ လိုက်ပါတယ်။ ဘာသာပြန်သူ၏ ဖြည့်စွက်ချက်)

အောက်စဖို့ဒ်တက္ကသိုလ်နဲ့ လက်တွဲလုပ်နေတဲ့ အက်စထရာဇင်နီကာ ဆေးဝါးကုမ္ပဏီအနေနဲ့လည်း ဒီနှစ် မကုန်ခင်ရလဒ်တွေကို တင်ပြပေးဖို့ရှိနေပါတယ်။

စိတ်ချယုံကြည်မှုကို ပျက်ယွင်းသွားစေနိုင်

စိန်ခေါ်မှုတွေကတော့ရှိနေဆဲပါ။ တရားဝင် ထိန်းကျောင်းတဲ့အဖွဲ့တွေအနေနဲ့ ခပ်မြန်မြန် ဖြစ်စေချင်ဦး တော့ သူတို့မှာလည်း သူတို့အလုပ်တွေ လုပ်ကြရဦးမှာဖြစ်ပါ တယ်။ ခြေလှမ်းမှားတစ်ချက်က ကာကွယ်ဆေးနဲ့ ဆေးထိုး တဲ့လုပ်ငန်းအပေါ် စိတ်ချယုံကြည်မှုကို ယေဘုယျအားဖြင့် ပျက်ယွင်းသွားစေနိုင်ပါတယ်။

ထုတ်လုပ်မှုတိုးမြှင့်တာနဲ့ ဖြန့်ချိမှုကိုမကြုံစဖူး အဆင့် အစီအစဉ်တွေကို လုပ်ဆောင်နေခဲ့ကြတာ ကမ္ဘာကြီးမှာ လပေါင်းများစွာတော့ရှိခဲ့ပါပြီ။ ဒါပေမဲ့ သူတို့ အခုလို ခပ်သွက်သွက်သွားနေကြတာတွေကို ပြန်လည်သုံးသပ်ဖို့ လိုလာမလား၊ မလိုဘူးလားဆိုတာတော့ စဉ်းစားရခက်နေပါ သေးတယ်။ သတင်းကောင်းတွေ ဆက်လာနေစေဦးတော့ ဆေးထိုးပြီးတဲ့အရေအတွက်တွေကတော့ လပေါင်းများစွာ အထိ နည်းနည်းလေးပဲ ဆက်ဖြစ်နေမှာပါ။ ဒါပေမဲ့ ကြမ္မာရဟတ်က တစ်ပတ်လည်ခဲ့ပါပြီ။

ကြီးမားတဲ့ အမြန်နှုန်းတွေဆိုတာ ကြီးမားတဲ့ လုံ့လ ကြောင့်သာ ရရှိတာဖြစ်ပါတယ်။ အောက်စဖို့ဒ်တက္ကသိုလ် ရဲ့ လက်တွေ့ဇီဝထုတ်လုပ်ရေးစက်ရုံအကြီးအကဲ ကက်ဂရင်း တစ်ယောက် ဧပြီလတုန်းက ပထမဆုံးစမ်းသပ်ကာကွယ်ဆေး ပုလင်းလေးရဖို့အရေး ဖိအားတွေရှိခဲ့တာကို သတိရမိ နေတယ်။

လူတိုင်းဟာ စနေ၊ တနင်္ဂနွေအပါအဝင် နေ့ည နှစ်ဆိုင်းနဲ့အလုပ်လုပ်ခဲ့ကြရတာပါ။ “ဒီနှစ်အတွင်း လူတွေ အတွက် ကာကွယ် ဆေးရဖို့ဆိုရင် ဒီလောက်မြန်မြန်လုပ်ကြမှ ဖြစ်မယ်ဆိုတာ ကျွန်မတို့အားလုံး သိထားခဲ့ကြတယ်” လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ဒါဟာ အလုပ်ပြင်းပြင်းထန်ထန်လုပ်တာ တစ်ခုတည်းတော့ မဟုတ်ပါဘူး။ နည်းပညာသစ်လည်း ပါပါတယ်။ ငွေကြေးသုံးစွဲမှုအကန့်အသတ်တွေမရှိ ပြီးတော့ သတ်မှတ်ထားတဲ့စံချိန်စံညွှန်းတွေကို လျှော့မချဘဲ လုပ်ထုံး လုပ်နည်းတွေကို အရှိန်မြှင့်လုပ်ဖို့ ယတိပြတ်လုပ်ဆောင် ခဲ့ကြတာဖြစ်ပါတယ်။

နည်းပညာက အရင်ဆုံးပဲ။ ဗိုင်းရပ်စ်ကိုတိုက်ဖျက်မယ့် ကာကွယ်ဆေးဆိုတာ ဗိုင်းရပ်စ်ရဲ့ အမှောင့်ပရောဂ ပစ္စည်း တွေအပေါ် အခြေခံရတာပဲဖြစ်တယ်။ အချို့ကာကွယ်ဆေး တွေကတော့ အားနည်းအောင်လုပ်ထားတဲ့ ဗိုင်းရပ်စ် မျိုးကွဲတစ်ခုဖြစ်ပြီး အချို့ကတော့ ပိုးဆက်မပွားအောင် ပုံမှန်ဗိုင်းရပ်စ်ကိုပဲ အသက်မရှိအောင် လုပ်ထားတာ ဖြစ်ပါ တယ်။ အဲဒီ ဒီဇိုင်းတွေက အောင်မြင်သွားတာတွေရှိသလို လွဲချော်သွားတာတွေလည်း ရှိတယ်။ ဒီကနေ့ ကာကွယ်ဆေး လုပ်တဲ့နည်းကတော့ ဗိုင်းရပ်စ်ရဲ့မျိုးရိုးဗီဇအပေါ်အခြေခံထားပါတယ်။ သုတေသနပညာရှင်တွေဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ်က မှတ်မိဖွယ်ရှိတဲ့ ပရိုတိန်းလို့ သတ်မှတ်ထားတဲ့ မျိုးဗီဇတစ်ခုကိုရှာကြတယ်။ ပြီးတော့ အဲဒီမျိုးဗီဇကို အခြေအနေသစ်ထဲ ထည့်လိုက်ကြပါ တယ်။

ချက်ချင်းစူးစမ်းရှာဖွေ

ကိုဗစ်-၁၉ ရောဂါဖြစ်စေတဲ့ ဆားစ်ကော့ဗ်-၂ ဗိုင်းရပ်စ် ကိစ္စမှာ သူ့ရဲ့မျိုးဗီဇကို ဇန်နဝါရီလ ၁၁ ရက်မှာ ထုတ်ပြန် ပေးခဲ့ပါတယ်။ ကာကွယ်ဆေးထုတ်လုပ်မယ့်သူတွေဟာ သူတို့ရဲ့ အခြားသော ကိုရိုနာဗိုင်းရပ်စ်တွေနဲ့ ပတ်သက်တဲ့အတွေ့အကြုံတွေအပေါ်အခြေခံပြီး ဆားစ်ကော့ဗ်-၂ ရဲ့ တည်ဆောက်ပုံကို နားလည်သွားတဲ့အခါ သူတို့ဟာ ဗိုင်းရပ်စ်ရဲ့ အမြှေးပါးပေါ်မှာ စီရရီကပ်ငြိနေပြီး ကွဲပြား ခြားနားနေတဲ့ စပိုက်ပရိုတိန်းအတွက် မျိုးဗီဇကို ချက်ချင်း စူးစမ်းရှာဖွေကြပါတော့တယ်။ အဲဒီစပိုက်ပရိုတိန်းဟာ ကိုယ်ခံအားစနစ်ကို တုံ့ပြန်နှိုးဆွပေးတယ်လို့ သူတို့ လက်ခံထားကြပါတယ်။

ဂျာမန်ဇီဝနည်းပညာကုမ္ပဏီဖြစ်တဲ့ ဘိုင်အိုအင်န် တက်ခ်ဟာ mRNAS အသုံးပြု အထူးကျွမ်းကျင်သူတွေ ဖြစ်ကြပါတယ်။ mRNAS တွေဆိုတာက မျိုးဗီဇအစဉ်တွေ ဖြစ်ပြီး သူတို့ဟာ ဆဲလ်တွေနဲ့အတူ ပရိုတိန်းတွေလုပ်နည်း ကိုပါ ဖော်ထုတ်ပေးပါတယ်။ ကုမ္ပဏီက သုတေသနပညာရှင် တွေဟာ ဗိုင်းရပ်စ်ရဲ့mRNA ပုံစံကိုပြုလုပ်ပြီး ခန္ဓာကိုယ်ထဲသွင်းထည့်လိုက်ပါတယ်။ အဲဒီလိုသွင်းလိုက်တဲ့အခါ ဆဲလ် တွေက စပိုက်ပရိုတိန်းကို ထုတ်လုပ်ပေးပြီး အဲဒါက ကိုယ်ခံအားစနစ်ကို တုံ့ပြန်လာစေပါတယ်။ အရင်က mRNA ကာကွယ်ဆေး ကို လူသားတွေဆီမှာမသုံးဖူးကြပါဘူး။ Moderna ဆေးဆိုလည်း နာမည်ကြည့်ရုံနဲ့ mRNA လမ်းကြောင်းကို သုံးထားတယ်ဆိုတာ သိနိုင်ပါတယ်။

အောက်စဖို့ဒ်ကလုပ်တဲ့ စပိုက်မျိုးဗီဇပုံစံကတော့ မျောက်တွေဆီမှာ မူရင်းတွေ့ရှိရတဲ့ အန္တရာယ်မရှိတဲ့ အက်ဒီနိုဗိုင်းရပ်စ်ရဲ့မျိုးဗီဇကို ထည့်သွင်းလိုက်တာဖြစ်ပါ တယ်။ အဲဒီအခါ အကျိုးဆက်ဗိုင်းရပ်စ်က ဆဲလ်တွေကို ကူးစက်တဲ့အခါ စပိုက်ပရိုတိန်းကိုထုတ်လုပ်ပေးပြီး ကိုယ်ခံ အားကို လှုံ့ဆော်ပေးပါတယ်။ ဂျေအင်န်ဂျေက ထုတ်လုပ် တဲ့ ကာကွယ်ဆေးရော စပွတ်နစ်ဗွီကာကွယ်ဆေးပါ အက်ဒီနိုဗိုင်းရပ်စ်ပုံစံနဲ့ ပြုလုပ်ထားကြတာဖြစ်ပါတယ်။

ဒီလိုဆန်းသစ်တဲ့ မဟာဗျူဟာတွေအပေါ် အခြေခံ ပြီး ကာကွယ်ဆေးတွေ အမြန်ဆုံး ထုတ်လုပ်လာကြတာ ဟာ မတော်တဆတိုက်ဆိုင်မှုတစ်ခုတော့မဟုတ်ပါဘူး။ ကိုရိုနာဗိုင်းရပ်စ် မဖြစ်ပွားခင်ကတည်းက ဒီနည်း ပညာတွေကို ဖော်ထုတ်ဆောင်ရွက်နေကြတာဖြစ်ပါ တယ်။ ကူးစက်ကပ်ရောဂါအတွက် အရန်သင့်ရှိမှု ဆိုင်ရာဆန်းသစ်တီထွင်မှုများ (စီအီးပီအိုင်)အဖွဲ့ကြီးရဲ့ တစ်စိတ် တစ်ပိုင်းထောက်ပံ့မှုနဲ့ ဗိုင်းရပ်စ်ရောဂါသစ်များကို အလျင်အမြန်တုံ့ပြန်နိုင်တဲ့ ပလက်ဖောင်းတစ်ခုအဖြစ်နဲ့ ဆောင်ရွက်နေခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို ပလက် ဖောင်းတွေကနေ တည်ဆောက်ထားတဲ့ ကာကွယ် ဆေးတွေဟာ ခပ်မြန်မြန်ဖွဲ့စည်းတည်ဆောက်နိုင်ပြီး ထုတ်လုပ်ရတာက သိသိသာသာကို လွယ်ကူစေပါ တယ်။

ငွေတွေပစ်ပေးနေကြ

ဒါကဘာကို ပြောနေသလဲဆိုတော့ ဒီအလုပ်ဟာ ငွေတွေလိုတယ်ဆိုတာပဲဖြစ်ပါတယ်။ ကာကွယ်ဆေး လောကက များသောအားဖြင့် ငွေပြတ်နေတတ်တာပါ။ ကိုဗစ်-၁၉ မှာတော့ အစိုးရတွေဟာ စွန့်စားရတဲ့အလုပ်မှန်း၊ ဘာမှပြန်မရနိုင်မှန်း သိသိနဲ့ပဲ ကာကွယ်ဆေး ထုတ်လုပ် သူတွေဆီ ငွေတွေပစ်ပေးနေကြတယ်။

“အလုပ်ဖြစ်ပါ့မလားလို့ သူတို့မစဉ်းစားမိခင်မှာ ငွေကြေးထောက်ပံ့မှုပေးဖို့ ယူကေအစိုးရကို ကျွန်တော် တို့စည်းရုံးခဲ့ကြတယ်” လို့ ဒေါက်တာဂရင်းကပြောပါ တယ်။ ဒါက ငွေကြေးပုံပေးတာပါ။ တစ်ခါတစ်ခါမှာတော့ နောက်ဆုံးထုတ်ကုန်ကိုဝယ်မယ်ဆိုတဲ့ကတိနဲ့ လုပ်ခိုင်း တာမျိုးလည်းရှိပါတယ်။ အဲဒါတွေကြောင့် ပုံမှန်လုပ်ထုံး လုပ်နည်းတွေကိုဖြေလျှော့ဖို့ထက် အလုပ်ကိုအရှိန်မြှင့် လုပ်စေဖို့ဖြစ်လာပါတယ်။

“ကျွန်တော်တို့ဘာတစ်ခုကိုမှ ကျော်မလုပ်ခဲ့ဘူး။ ကျွန်တော်တို့ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ဘာတစ်ခု ကိုမှမစွန့်စားခဲ့ဘူး” လို့ ဒေါက်တာဂရင်းကဆက်ပြော ပါတယ်။

နောက်ကနေရပ်ကြည့်နေကြမယ့်အစား နိုင်ငံတော် တော်များများက ကြပ်မတ်ထိန်းသိမ်းရေး အဖွဲ့အစည်း တွေဟာ ကုမ္ပဏီတွေနဲ့ အတူလက်တွဲ အလုပ်လုပ်နေကြ ပါတယ်။ အချိန်ကျလာလို့ သူတို့ခွင့်ပြုချက်လျှောက်ထား ဖို့ရှိလာရင် သူတို့ရဲ့စမ်းသပ်မှုတွေဆီကနေ အချက်အလက် ပြည့်ပြည့်စုံစုံရရှိစေဖို့ပါ။ စမ်းသပ်မှုအဆင့်ဆင့်တွေမှာ တစ်ခုပြီးမှတစ်ခု လုပ်တာမျိုးမဟုတ်ဘဲ တစ်ခုနဲ့ တစ်ခုထပ်လုပ်တာမျိုးကို ခွင့်ပြုခဲ့ကြပါတယ်။ ကနဦး စမ်းသပ်မှုသေးလေးတွေက အချက်အလက်တွေ မထုတ် ပေးခင်မှာ အကြီးစားစမ်းသပ်မှုတွေ စလုပ်တာမျိုးပဲ ဖြစ်ပါတယ်။ အောက်စဖို့ဒ်မှာ တိရစ္ဆာန်တွေနဲ့ စမ်းသပ်ပြီး စိတ်ချရတဲ့အချက်အလက်တွေတင်ပြကာ နောက်တစ် နေ့မှာပဲ လူသားနဲ့စတင်စမ်းသပ်နိုင်ခဲ့ကြပါတယ်။

mRNA ကာကွယ်ဆေးတွေဟာ အလုပ်ဖြစ်နိုင်

ဖိုက်ဇာရဲ့ ကောင်းမွန်တဲ့ရလဒ်ဟာ အခြားသော ကိုဗစ်ကာကွယ်ဆေးတွေ အောင်မြင်နိုင်မယ့် အလား အလာကိုလည်း တိုးပွားစေပါတယ်လို့ စီအီးပီအိုင်ရဲ့အကြီး အကဲ ရစ်ချတ်ဟက်ချက်က ပြောပါတယ်။ mRNA ကာကွယ်ဆေးတွေဟာ အလုပ်ဖြစ်နိုင်တယ်ဆိုတာကို ပြသနေပါတယ်။ Moderna အတွက်လည်း ဒါဟာ သတင်းကောင်းပါ။ စပိုက်ပရိုတိန်းကို ပစ်မှတ်ထား တာဟာအောင်မြင်မှုတစ်ခုပဲလို့လည်း ပြသနေပါတယ်။ အောင်မြင်မှုဟာ လက်ရှိကပ်ရောဂါထက်ကျော်လွန်ပြီး အောင်မြင်မှုရတာပါ။ စီအီးပီအိုင်က ငါးနှစ်ကနေ ဆယ်နှစ်လောက်လုပ်ရမယ်လို့ မျှော်မှန်းထားတာတွေကို တစ်နှစ်အောက်လုပ်ခဲ့ကြတာဖြစ်ပါတယ်။ အမျိုးမျိုးသော ပလက်ဖောင်းတွေမှာလုပ်နေတာတွေလည်း အောင် မြင်တယ်ဆိုရင် ဒါဟာ ကာကွယ်ဆေးပညာရပ်ကို ပြုပြင်ပြောင်းလဲပေးလိမ့်မယ်လို့ ဒေါက်တာဟက်ချက်က ပြောပါတယ်။

vစာမျက်နှာ ၁၈ မှ

မကြာခင်လာတော့မယ့် နောက်ထပ်ကာကွယ်ဆေး တွေအနေနဲ့လည်း အကြောင်းကိစ္စတွေလုပ်စရာ ရှိနေပါ တယ်။ တစ်ခုက ဒီတစ်ပတ်ထဲမှာ သတင်းကောင်းရှိ နေပေမယ့် ဖိုက်ဇာဟာ ခွင့်ပြုချက်မရသေးပါဘူး။ အကြောင်းရင်းတစ်ခုကတော့ သူ့အနေနဲ့ ဘေးကင်းတယ် ဆိုတာကို ပိုပြီးအခိုင်အမာပြဖို့ လိုအပ်နေပါသေးတယ်။ စမ်းသပ်တဲ့ အချိန်တုန်းက ဘေးအန္တရာယ်နဲ့ပတ်သက်လို့စိတ်ပူစရာ ကြီးကြီးကျယ်ကျယ်တစ်ခုမှ မရှိခဲ့ဘူးလို့ ကုမ္ပဏီကပြောထားပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးဟာ ဘေးထွက်ဆိုးကျိုး တွေတော့ရှိနေမှာပါ။ အနည်းဆုံးတော့ ဆိုးကျိုးတချို့တလေရှိနိုင်ပါတယ်။ ဒီလို ဘေးထွက် ဆိုးကျိုးတွေဟာ စီမံထိန်းသိမ်းနိုင်တဲ့ အရာတွေပါဆိုတာ အပါအဝင် ဘေးကင်းရှင်းကြောင်း နှစ်လစာအချက် အလက်တွေတင်ပြပြီးတဲ့အခါ ကုမ္ပဏီအနေနဲ့ “အရေး ပေါ်သုံးခွင့်”ကိုပဲ တောင်းခံလို့ရမှာဖြစ်ပါတယ်။ နိုဝင်ဘာတတိယပတ် လျှောက်လွှာတင်တဲ့အခါ ဒီလိုအပ် ချက်တွေကို အချိန်ကိုက်ရရှိနိုင်ဖွယ်ရှိပါတယ်။

ပြီးတာနဲ့ ကာကွယ်ဆေးဟာ ဘယ်လိုဘယ်ပုံအလုပ် လုပ်တာလဲဆိုတာ မေးစရာရှိလာပါတယ်။ ပိုးကို လုံးဝ အဝင်မခံတော့ဘဲ ကူးစက်မှုကိုလုံးဝရပ်တန့်ပစ်လိုက်တာလား၊ ဒါမှမဟုတ် ရောဂါမဖြစ်အောင် ခန္ဓာကိုယ်ရဲ့တုံ့ပြန် မှုကိုမြှင့်တင်ပေးတာလား..။ နောက်ဆုံးကကိစ္စကတော့ လူတိုင်းစိတ်ပူနေတဲ့ကိစ္စဖြစ်တာ ငြင်းစရာမလိုပါဘူး။ ရောဂါဖြစ်ဖို့ ဦးတည်တဲ့ကူးစက်မှုအခွင့်အလမ်းကို လျှော့ချ ပေးတာလား၊ မလွှဲမရှောင်သာရောဂါဖြစ်ရင် မဆိုးရွားအောင်လုပ်ပေးနိုင်တာလား။ ကာကွယ်ဆေးက ရောဂါ မဖြစ်အောင်တော့ လုပ်ပေးနိုင်ပြီး ကူးစက်မှုကိုတော့ မတားပေးနိုင်ဘူးဆိုရင် ကာကွယ်ဆေးထိုးထားသူတွေ ဟာ သူတို့ကိုယ်တိုင်ကို အန္တရာယ်မပေးနိုင်တော့ပေမယ့် အခြားသူတွေကို ကိုယ်ကနေကူးစက်နေဦးမှာဖြစ်ပါတယ်။

ကောင်းကောင်းကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးရရှိဖို့ အရေးကြီး

ဖိုက်ဇာရဲ့ ကာကွယ်ဆေးက လုံးဝမကူးစက်တော့အောင်လုပ်မပေးနိုင်ဘူးဆိုရင် အဲဒီလိုမျိုး လုပ်ပေးနိုင်တဲ့ ကာကွယ်ဆေးလိုအပ်ဦးမှာဖြစ်ပါတယ်။ အခြားနည်းလမ်း တွေကတော့ နောက်ဆက်တွဲကာကွယ်ဆေးတွေဟာ ပိုကောင်းတယ်ဆိုတာသက်သေပြဖို့ပါ။ မတူကွဲပြားတဲ့ ကာကွယ်ဆေးတွေဟာ မတူကွဲပြားတဲ့ လူအုပ်စုတွေမှာ သာတဲ့အချက်၊ ညံ့တဲ့အချက်တွေရှိနေကြမှာပါ။ ကိုဗစ်-၁၉ အတွက် သက်ရွယ်ကြီးရင့်သူတွေကို ကောင်း ကောင်းကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးရရှိဖို့ အရေးကြီးပါတယ်။ သက်ကြီးရွယ်အိုတွေကို ကာကွယ် ဆေးထိုးရင် ခုခံအားကတုံ့ပြန်မှုမပေးတာတွေ မကြာခဏ ဆိုသလို ရှိတတ်ပါတယ်။ သာမန်လူထုအတွက် ထိရောက်မှု မရှိတဲ့ ကာကွယ်ဆေးက သူတို့နဲ့ တည့်ချင်လည်း တည့် သွားနိုင်ပါတယ်။ ခြုံငုံပြီးအကောင်းဆုံးလို့ပြောလို့ရတဲ့ ကာကွယ်ဆေးတစ်မျိုးဟာ သက်ကြီးရွယ်အိုတွေအတွက် လည်း အကောင်းဆုံးဖြစ်မယ်လို့ အာမမခံနိုင်ပါဘူး။

ဖိုက်ဇာရဲ့ကာကွယ်ဆေးက သိပ်အဆင်မချောလှတဲ့အသွင်အပြင်အချို့ရှိနေပါတယ်။ ဆေးကို အနုတ် ၇၀ ဒီဂရီ စင်တီဂရိတ်နဲ့ သူ့ထက်နိမ့်တဲ့အပူချိန်အောက်မှာ သိုလှောင်သိမ်းဆည်းထားရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ထုတ်လုပ်တဲ့နေရာကနေ သုံးမယ့်နေရာကို ရွှေ့ ပြောင်းတဲ့ အခါ အခြားသောကာကွယ်ဆေးတွေတုန်းက မလိုအပ်တဲ့ ပစ္စည်းကိရိယာမျိုးတွေ ပိုမိုလိုအပ်လာမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေးကို ငွေကြေးထောက်မပေးတဲ့အဖွဲ့ ဖြစ်တဲ့ ဂါဗီရဲ့အကြီးအကဲ ဆက်ဘာကလေက “အခုလို စိန်ခေါ်မှုမျိုးကိုဖြေရှင်းနိုင်တဲ့ ဓနငွေကြေး နိုင်ငံတော်တော် များများမှာမရှိဘူး” လို့သတိပေးစကားပြောပါတယ်။ ဒါပေမဲ့ ဒီအားနည်းချက်က မကျော်လွှားနိုင်တဲ့ကိစ္စတော့မဟုတ်ပါဘူးလို့ သူကဆက်ပြောပါသေးတယ်။ အီဘိုလာ ကာကွယ်ဆေးတုန်းက ကွန်ဂိုနိုင်ငံဟာ ဒီလို အထူး လိုအပ်ချက်မျိုးကိုပဲ အောင်အောင်မြင်မြင် ကျော်လွှား နိုင်ခဲ့ပါတယ်။

“အတော်စိတ်ပျက်လက်ပျက်ဖြစ်စရာ။ ဈေးက လည်းကြီး၊ ဒါပေမဲ့ လုပ်ဆောင်နိုင်ခဲ့တယ်”လို့ သူက ပြောပါတယ်။

တစ်ခါတည်းအပြီးထိုးတာမျိုး မျှော်လင့်လုပ်ဆောင်

ကာကွယ်ဆေးတစ်ခုက အပူမကြိုက်ဘဲ အအေး ကြိုက်တာက ခပ်ကောင်းကောင်းဖြစ်ပါတယ်။ တစ်ကြိမ် တည်းထိုးရတဲ့ကာကွယ်ဆေးဆိုရင်ရော ဘယ်လိုနေမလဲ။ ဖိုက်ဇာ၊ အက်စထရာဇင်နီကာနဲ့ မိုဒါနာ ကာကွယ်ဆေးတွေ က ရက်သတ္တပတ်တွေခြားပြီး ဆေးကိုနှစ်ခါထိုးဖို့လိုအပ်ပါ တယ်။ ဂျေအင်န်ဂျေက တစ်ခါတည်းအပြီးထိုးတာမျိုး မျှော်လင့်လုပ်ဆောင်နေပါတယ်။ အဲဒါဆိုရင်တော့ ကာကွယ်ဆေးထိုးရတဲ့ အစီအစဉ်တွေက ပိုလွယ်ကူရိုးရှင်း သွားတာပေါ့။

အဲဒါတွေထက်ပိုအရေးကြီးတာက အချိန်ဘယ် လောက်ကြာကြာအထိ ဆေးက အာနိသင်ရှိမလဲဆိုတာပဲ ဖြစ်ပါတယ်။ ဖိုက်ဇာ/ဘိုင်အိုအင်န်တက်ခ်က သူတို့ဆေးဟာ အနည်းဆုံး တစ်နှစ်လောက် အကာအကွယ်ပေးနိုင်မယ်လို့ ပြောထားကြပါတယ်။ လာမယ့်နှစ်ပထမသုံးလအတွင်း သူတို့က အပြည့်အဝသုံးစွဲခွင့်ရဖို့ နောက်ဆုံးစမ်းသပ်မှု ရလဒ်တွေနဲ့ လျှောက်ထားချိန်မတိုင်ခင်အထိတော့ ဒီလို ပြောထားတာဟာ သိပ်မသေချာသေးပါဘူး။ (ရှေ့ဆုံးက ပြေးနေတဲ့ အခြားကာကွယ်ဆေးတွေကလည်း ဒီကာလ အပိုင်းအခြားကို သတ်မှတ်ထားကြပါတယ်။)

အကာအကွယ်ကောင်းကောင်းတစ်ခုပဲပေးနိုင်တဲ့ ကာကွယ်ဆေးမျိုးဟာ ဗိုင်းရပ်စ်ကူးစက်မှုတွေကို ဖြတ် တောက်ပစ်နိုင်မှာမဟုတ်ပါဘူး။ ကူးစက်လွယ်နိုင်သူအသစ် တွေဟာ လူဦးရေအများစုထဲ တစိုက်မတ်မတ်စီးဝင်လာ ကြမယ့်သဘောရှိပါတယ်။ ကာကွယ်ဆေးကို အသုံးပြု နိုင်ခွင့်ပေးဖို့ နှစ်လစာ အချက်အလက်တွေထက် ခြောက် လစာလောက် ရှိသင့်တယ်လို့ သူထင်ကြောင်း ကျန်းမာရေး ဆိုင်ရာအလေ့အထတွေရဲ့အရည်အသွေးနဲ့ ဘေးကင်း စိတ်ချရေးတို့ကို အာရုံစိုက်လုပ်ဆောင်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ “အရေးပေါ်စောင့်ရှောက်ရေးသုတေသနဌာန” ရဲ့ အကြီးအကဲ မားကတ်စ်ရှက်ဘက်ကာက ပြောပါတယ်။

ဒီလိုမေးခွန်းမျိုးတွေက ဖိုက်ဇာကာကွယ်ဆေး ဒီလနှောင်းပိုင်းမှာ အရေးပေါ်ခွင့်ပြုမိန့်လျှောက်တဲ့အခါ၊ ဖိုက်ဇာနဲ့ အခြားကာကွယ်ဆေးတွေက လာမယ့်နှစ်မှာ စမ်း သပ်ပြီးသမျှ အချက်အလက်အကုန်လုံးတင်ပြတဲ့အခါ အက်ဖ်ဒီအေလို၊ အီးအမ်အေတို့လို စည်းမျဉ်းကြီးကြပ် ထိန်းသိမ်းရတဲ့အဖွဲ့အစည်းတွေရဲ့ ခေါင်းထဲမှာရှိနေကြမှာပါ။ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေဟာ တစ်ကမ္ဘာလုံးကို အကျိုးသက်ရောက်မှုဖြစ်စေပါလိမ့်မယ်။ ကာကွယ် ဆေးတွေကို ဝင်ငွေနိမ့်နဲ့ဝင်ငွေလတ်နိုင်ငံတွေက အသုံးပြု နိုင်ဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အဲဒီအာဏာပိုင် အဖွဲ့အစည်းတွေရဲ့ ခွဲခြားစိတ်ဖြာနိုင်စွမ်းတွေကို အသုံးချ မှာဖြစ်ပါတယ်။

ကာကွယ်ဆေးသုံးစွဲခွင့်ကို ကန့်သတ်ပေးဖို့ရှိ

တကယ်လို့ အရေးပေါ်ခွင့်ပြုမိန့်ရရင်တောင် အေဂျင်စီတွေက ကာကွယ်ဆေးသုံးစွဲခွင့်ကို ကန့်သတ်ပေး ဖို့ရှိပါတယ်။ အစပထမမှာ အသက်နဲ့ ရောဂါအန္တရာယ်မြင့်မား တဲ့ သူတွေကို အရင်ဆုံးထိုးနှံခွင့်ပြုပါလိမ့်မယ်။ အချက် အလက်အပြည့်အစုံကိုသုံးသပ်ပြီးတာတောင်မှ သူတို့ဟာ ကာကွယ်ဆေးကို အကန့်အသတ်နဲ့ပဲ ဆက်သုံးခွင့်ပြုရင်ကောင်းမလားလို့ စိတ်ပူပန်နေနိုင်ပါတယ်။ သူတို့ဘာပဲ ဆုံးဖြတ်ဆုံးဖြတ် နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် အနေ အထားတွေအပေါ်ပဲ အခြေခံဖို့များပါတယ်။

ကာကွယ်ဆေးကို အများပြည်သူသုံးစွဲခွင့်ပြုလိုက် တယ်ဆိုရင် ကမ္ဘာကြီးအနေနဲ့ သမိုင်းမှာ အကြီးမားဆုံး ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်ကြီးရဲ့စိန်ခေါ်မှုကို ရင်ဆိုင်ကြရပါလိမ့်မယ်။ ပုံမှန်အားဖြင့်ကာကွယ်ဆေးစက်ရုံ တွေဟာ လိုရမယ်ရဆိုပြီး အရန်ထုတ်ပေးနိုင်တဲ့ အစီအမံ တွေက နည်းနည်းပဲရှိကြပါတယ်။ ထုပ်လုပ်မှုက တစ်ခု တည်းသော အကန့်အသတ်မဟုတ်ပါဘူး။ ကာကွယ်ဆေး တွေကို ဘယ်မှာဖန်ပြွန်ထဲသွတ်ပြီး ထုပ်ပိုးမလဲဆိုတာ ကလည်း အရေးကြီးဆုံးအခက်အခဲတစ်ခုဖြစ်တယ်လို့ ယူဘီအက်စ်ဘဏ်က ဆန်းစစ်သူတစ်ဦးက ပြောပါတယ်။

ဖိုက်ဇာက သူတို့အနေနဲ့ ၂၀၂၀ ပြည့်နှစ်မှာ လူပေါင်း ၂၅ သန်းကိုပဲ ကာကွယ်ဆေးထိုးပေးနိုင်မယ်လို့ ပြောနေပါ တယ်။ လာမယ့်နှစ်မှာတော့ သီအိုရီအရ ဆေးပုလင်းပေါင်း ၁ ဒသမ ၃ ဘီလီယံအထိ ထုတ်ပေးနိုင်မယ်လို့ သူတို့က ဆိုပါတယ်။ နောက်ထပ် သန်း ၆၅၀ သော လူတွေအတွက် လုံလောက်စေမှာဖြစ်ပါတယ်။ အကယ်၍ အခြားကာကွယ် ဆေးတွေပါ ခွင့်ပြုချက်ရပြီဆိုရင် ထုတ်လုပ်မှုတွေမြင့်တက် လာပါလိမ့်မယ်။ ၂၀၂၁ခုနှစ် တစ်နှစ်လုံးမှာ အခြေအနေ တွေ အကောင်းဆုံးတွက်ဆတာတောင်မှ လိုအပ်မှုက ထုတ်လုပ်မှုထက် သာလွန်နေလိမ့်မယ်လို့ ဒေါက်တာ ဟက်ချက်က ပြောပါတယ်။

နိုင်ငံအမျိုးမျိုးက ကာကွယ်ဆေးထုတ်လုပ်သူတွေနဲ့ ဝယ်ယူရေးစာချုပ်တွေ ချုပ်ဆိုထားကြပြီး ဖြစ်ပါတယ်။ စီအီးပီအိုင်၊ ဂါဗီနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးတွေ ပူးတွဲ တည်ထောင်ထားတဲ့ COVAX အစီအမံဟာ နိုင်ငံပေါင်း ၁၅၀ အတွက် ကာကွယ်ဆေးတွေ ဝယ်ယူပေးပါလိမ့်မယ်။

၂၀ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးနိုင်အောင် ရည်မှန်း

၂၀၂၁ ခုနှစ်မှာ အဲဒီနိုင်ငံတစ်နိုင်ငံချင်းစီက လူဦးရေ တွေရဲ့ ၂၀ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးနိုင်အောင် ရည်မှန်း လုပ်ဆောင်နေတာပါ။ ကုလသမဂ္ဂရဲ့ယူနီဆက်အဖွဲ့ကြီးက ဖြန့်ဖြူးရေးအပိုင်းကို ဦးဆောင်မှာပါ။ သူတို့က နှစ်စဉ်ကလေးသူငယ်တွေ ကာကွယ်ဆေးထိုးဖို့ ဆေးထိုးအပ် ပေါင်း သန်း ၆၀၀ နဲ့ ၈၀၀ အကြား ဖြန့်ဝေပေးနေတာ ဖြစ်ပါတယ်။ ကိုဗစ်အတွက် ဆေးထိုးအပ်လိုအပ်ချက်က အဲဒီပမာဏထက် သုံးဆကနေ လေးဆများနိုင်ပါတယ်။

ဖြစ်နိုင်လောက်တဲ့အန္တရာယ်ကတော့ နိုင်ငံတွေဟာ အလိုအပ်ဆုံးသူတွေထက် သူတို့ကိုယ်ပိုင်သုံးဖို့ ကာကွယ် ဆေးတွေကိုကြိုလှောင်ထားကြမယ့် အရေးပဲဖြစ်ပါတယ်။ အဲဒီ ပြဿနာက ဘယ်လောက်အထိ ကြီးမားသလဲဆိုတာကို တော့ ပြောရခက်ပါသေးတယ်။ ဆေးကုမ္ပဏီတွေဟာ ထုတ်လုပ်ရေးစက်ရုံတွေကို ကမ္ဘာအနှံ့မှာ ဉာဏ်ရှိရှိနဲ့ တည် ထောင်ထားပြီးနေပါပြီ။ ဘယ်လ်ဂျီယံနဲ့ ဆွစ်ဇာလန်တို့လိုနိုင်ငံငယ်ကလေးတွေဆိုရင် သူတို့နိုင်ငံတွေ လိုအပ်တာ ထက်အများကြီးပိုပြီးခပ်မြန်မြန်ထုတ်လုပ်နိုင်ကြမှာ ဖြစ်ပါ တယ်။ COVAX ရဲ့ မူဘောင်လုပ်ငန်းတွေဟာ ကမ္ဘာအနှံ့မှာ ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံမှု ရရှိထားပါတယ်။

အဲဒီမူဘောင်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အကြံ ပြုချက်တွေကို လိုက်နာထားပါတယ်။ ကနဦးအဆင့် ကာကွယ်ဆေးထိုးနှံပေးဖို့ ဦးစားပေးအုပ်စုကြီး(၃)စုကို သတ်မှတ်ပေးထားပါတယ်။ အဲဒီအုပ်စုတွေက ရှေ့တန်းမှာ ရှိနေတဲ့ ကျန်းမာရေးနဲ့ လူမှုစောင့်ရှောက်ရေးလုပ်သားတွေ၊ အသက်၆၅နှစ်အထက်တွေ၊ ၆၅ နှစ်အောက် ဆီးချိုလို ရောဂါအခံရှိနေကြသူတွေဆိုပြီး အုပ်စုတွေသတ်မှတ် ပေးထားတာပါ။ ကိုယ်ပိုင်ဦးစားပေးအစီအစဉ် ချမှတ် ထားတဲ့ နိုင်ငံတွေကလည်း ဒီလိုအလားတူအုပ်စုတွေပဲသတ်မှတ်ထားတာဖြစ်ပါတယ်။ အဲဒါကြောင့် သက်ငယ်နဲ့ သက်လတ်လူတွေဟာ အန္တရာယ်ရှိတဲ့ အုပ်စုတွေထဲ မပါတဲ့အတွက် လာမယ့်နှစ်အတွင်း ကာကွယ်ဆေးထိုးနိုင်ဖို့ သိပ်မဖြစ်နိုင်ပါဘူး။ ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် ထိုးပေးနိုင်တဲ့အချိန်အထိ လူတွေဟာ ခပ်ခွာခွာ နေတာတို့၊ နှာခေါင်းစည်းတပ်တာတို့ဟာ အရေးကြီးနေဦးမှာဖြစ်ပါ တယ်။ ဒါပေမဲ့ ပုံမှန်ဘဝပုံစံတွေပိုပြီးပိုပြီး ရလာဖို့အတွက် ကတော့ သိပ်ပြီး နှောင့်နှေးမယ့်ပုံ မရှိပါဘူး။

အခိုင်အမာ အမြစ်တွယ်နေ

ကာကွယ်ဆေးထိုးလုပ်ငန်းတွေဖြစ်မြောက်ဖို့က ကာကွယ်ဆေးထိုးနှံခံလိုတဲ့ ဆန္ဒတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေဖို့လိုအပ်ပါတယ်။ အာမခံချက်မပေးနိုင်တဲ့အခြေ အနေတစ်ခုမှာ ကာကွယ်ဆေးကို ဆန့်ကျင်တဲ့ သတင်း အချက်အလက်မှားတွေကလည်း တစ်ဖက်မှာ အခိုင်အမာ အမြစ်တွယ်နေပါတယ်။

နိုင်ငံပေါင်း ၂၇ နိုင်ငံက အရွယ်ရောက်သူ လူနှစ် သောင်းကို ပြီးခဲ့တဲ့ဩဂုတ်လက ကမ္ဘာ့စီးပွားရေးဖိုရမ်အဖွဲ့ က စစ်တမ်းကောက်ယူကြည့်ရာမှာ သူတို့အထဲက ၇၄ ရာခိုင်နှုန်းက ကာကွယ်ဆေးပေါ်ပြီဆိုရင်ထိုးကြမယ်လို့ ပြောပါတယ်။ အဲဒီအထဲမှာ နိုင်ငံအလိုက် တရုတ်က ၉၇ ရာခိုင်နှုန်း၊ အိန္ဒိယက ၈၇ ရာခိုင်နှုန်း၊ အမေရိကန်က ၆၇ ရာခိုင်နှုန်း ဖြစ်ကြပါတယ်။ ထိုးနှံလိုတဲ့ရာခိုင်နှုန်း နည်းတဲ့နိုင်ငံတွေကတော့ ရုရှားက ၅၄ ရာခိုင်နှုန်း၊ ပိုလန်နဲ့ ဟန်ဂေရီက ၅၆ ရာခိုင်နှုန်းစီနဲ့ ပြင်သစ်က ၅၉ ရာခိုင် နှုန်းတို့ပါ။

ပိုကောင်းမွန်တဲ့ စစ်ဆေးမှု၊ ပဋိပစ္စည်း ကုထုံးသစ် တွေနဲ့ တိုးတက်လာတဲ့ ကုသစောင့်ရှောက်မှုတွေကြောင့် ကာကွယ်ဆေးတွေ ကျယ်ကျယ်ပြန့်ပြန့် မထိုးနိုင်ခင်နဲ့ ထိုးနှံအပြီးမှာ သေဆုံးနှုန်းတွေကို လျှော့ချပစ်နိုင်ပါလိမ့် မယ်။ ကာကွယ်ဆေးထိုးနှံခြင်းကတော့ အခြေခံကိစ္စတွေ ကို ပြောင်းလဲပေးပါလိမ့်မယ်။ ကိုဗစ်-၁၉ကို ကပ်ရောဂါ အဖြစ်ကနေ အဆုံးသတ်မယ့် နိဒါန်းကို ရောက်လာပါ လိမ့်မယ်။

လုံ့လအားထုတ်မှုနဲ့ သိပ္ပံပညာတို့ကြောင့် ရရှိလာတဲ့မျှော်လင့်ချက်တွေဖြစ်လာဖို့ နွေဦးမရောက်ခင် ခက်ခဲ လှတဲ့ဆောင်းရာသီလများကိုဖြတ်သန်းကြရပါဦးမယ်။ ယခုအခါ ကမ္ဘာပေါ်မှာ နေ့စဉ်သေဆုံးနှုန်းတွေက ပထမ လှိုင်းကထက် ပိုမြင့်မားနေပါတယ်။ အမေရိကန် ပြည်ထောင်စုမှာဆိုရင် ဗိုင်းရပ်စ်က ထိန်းသိမ်းရခက်တဲ့ အနေအထားရောက်နေပါပြီ။

လာမယ့်သုံးလမှာ ထောင်ပေါင်းများစွာသောသူတွေ သေဆုံးဖွယ်ရှိနေပါတယ်။ သူတို့ရဲ့ကျန်ရစ်သူတွေအနေနဲ့ ဒီဆုံးရှုံးမှုကိုလက်သင့်ခံပေးရုံမျှမကဘဲ ကာကွယ်ဆေး ဖော်မှုက အလွန်မြန်ဆန်ပြီး လက်ထဲရောက်လာတာ သိပ်နောက်ကျနေသည့်တိုင် ကာကွယ်ဆေးတစ်ခုဟာ သူတို့ကို ကယ်တင်ပေးနိုင်မယ့်အရာပဲဆိုတဲ့အသိနဲ့ အတူနေထိုင်ကြရတော့မှာ ဖြစ်ပါတယ်။ ။

(နိုဝင်ဘာလ ၁၄ ရက်နေ့ထုတ် အီကော်နောမစ် စာစောင်ပါ The technology of hope: An effective covid-19 vaccine is a turning point in the pandemic သုံးသပ်ချက်ဆောင်းပါးကို ကောက်နုတ်ဘာသာပြန် ဆိုပါတယ်။)