
ထားဝယ် စက်တင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၏ ရိုးရာအစဉ်အလာမပြတ် နှစ်စဉ်နှစ်တိုင်းကျင်းပလျက်ရှိသော ထားဝယ်ရိုးရာ သပိတ် မျှောပွဲတော်ကို ဝါလကင်းလွတ်သီတင်းကျွတ်လပြည့်နေ့တွင် တလိုင်းမရပ်၊ ဆိပ်ကမ်းသာလမ်း၊ ပြည်သူ့အပန်းဖြေရင်ပြင်၊ ထားဝယ်မြစ်ကမ်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သပိတ်မျှောပွဲကို နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ် လပြည့်နေ့တွင် ကျင်းပပြုလုပ်လေ့ရှိပြီး သပိတ်မျှော ပွဲသို့ လာရောက်သူများအား တေးဂီတများဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ ထားဝယ်ရိုးရာယဉ်ကျေးမှုအက၊ ထားဝယ်ဒေသ သပိတ်မျှောပွဲ အက၊ ရွှေဝယ်သူများ ရေအိုးရွက်ယိမ်းအက၊ အိုးစည်အက သမိုင်းအလှ တနင်္သာရီအက၊ ရွှေဝယ်သူများ ရေခပ်သွား အက များဖြင့် သီဆိုဧည့်ခံဖျော်ဖြေခြင်းများ ပါရှိမည်ဖြစ် ကြောင်း သိရသည်။
သပိတ်မျှောပွဲတော်သည် အရှင်ဥပဂုတ္တမထေရ် မြတ်အား ရည်စူး၍ ထားဝယ်ရိုးရာ မြေသပိတ်ထဲ တွင် ဆွမ်း၊ မုန့်၊ သစ်သီး၊ ပေါက်ပေါက်၊ မုန့်ဆီကြော်၊ ယိုအမျိုးမျိုးစသည့် လှူဖွယ်များကိုထည့်ပြီး တံခွန်၊ ကုက္ကားများ စိုက်ထူ၍ ဆီးမီးများ ထွန်းညှိကာ သပိတ်မျှောခဲ့ခြင်းဖြစ်ပြီး ရာသီဥတုမိုးလေဝသ ကောင်းမွန်စေရန်၊ ဆန် ရေ စပါး စီးပွား ဥစ္စာပေါများ တိုးတက်စေရန်၊ မိုးဒဏ်၊ လေဒဏ်၊ သဘာဝဘေးရန် များနှင့် မကောင်းသော ဘေးဘယာကံကြမ္မာ အပေါင်း ကင်းဝေးလွတ်မြောက်စေရန် ဆုတောင်း ပတ္တနာပြုသည့် ရည်ရွယ်ချက်ဖြင့် ထားဝယ်မြို့တွင် ရှေးအစဉ်အဆက်ကတည်းက နှစ်စဉ်ကျင်းပလေ့ ရှိကြောင်း၊ ယခုနှစ်တွင်လည်း ရှေးရိုးရာ အစဉ်အလာ အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)