
ထားဝယ် နိုဝင်ဘာ ၂၆
လေယာဉ်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်မှုကို နိုဝင်ဘာ ၂၅ ရက်က ထားဝယ် မြို့ ထားဝယ်လေဆိပ်၌ ပြုလုပ်ရာ တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများက ကြည့်ရှုအားပေးကြသည်။
တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဇော်လင်းထွန်း က တိုင်းဒေသကြီးအတွင်းနှင့် တိုင်းဒေသကြီးပြင်ပမှ ထားဝယ်မြို့သို့ လေယာဉ်ဖြင့် ခရီးသွားလာသည့် ပြည်သူများ၏ မီးဘေးလုံခြုံရေးနှင့် မမျှော်မှန်းနိုင် သည့် အခြားဘေးအန္တရာယ်များကြုံတွေ့ပါက မီးငြှိမ်း သတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ လေ့ကျင့်ခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
လေ့ကျင့်ရာတွင် ပျံသန်းလာသော ခရီးသည်တင် လေယာဉ်တစ်စင်းသည် လေယာဉ်ရှေ့ဘီး (Nose Wheel) ချ၍မရသည့်ပြဿနာကြုံတွေ့ရပြီး ထားဝယ် လေဆိပ်သို့ အရေးပေါ်ဆင်းသက်ပုံနှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဇမ္ဗူသီရိမွန်မြတ်သော ကုသိုလ်ပြုအရေးပေါ် (အခမဲ့) ကူညီသယ်ဆောင်ရေးအဖွဲ့မှ အဖွဲ့ဝင်များက (Medium Firefighting & Rescue Vehicle) (ပိုလန် မီးသတ်ယာဉ်)၊ ရှာဖွေကယ်ဆယ်ရေးယာဉ်နှင့် ရေသယ်ယာဉ်များ၊ လိုအပ်သည့် ကယ်ဆယ်ရေးပစ္စည်း များယူဆောင်၍ လျင်မြန်စွာရောက်ရှိလာပြီး မီးငြှိမ်း သတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပုံများကို လေ့ကျင့်ခဲ့ကြသည်။
ထို့နောက် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ က လေယာဉ်အတွင်းပိတ်မိနေသော ခရီးသည်များအား ကယ်ထုတ်နိုင်ရန်အတွက် Hydraulic Cutter, Hydraulic Spreader တို့ကိုအသုံးပြု၍ လေယာဉ် ကိုယ်ထည်ကို ဖြတ်တောက်ဖောက်ထွင်းခြင်း၊ မီးလောင်နေသည့် တောင်ပံကို ရေမှုန်ရေမွှားဖြင့် ပက်ဖျန်းခြင်း၊ လေယာဉ်အတွင်း ပိတ်မိနေသည့်ခရီး သည်များအား အသက်ရှူကိရိယာများအသုံးပြု၍ လေယာဉ်အတွင်းမှ ဘေးလွတ်ကင်းရာသို့ ကယ်ထုတ် ခြင်းများကို လေ့ကျင့်ခဲ့ကြသည်။
ဆက်လက်၍ ပူးပေါင်းအဖွဲ့များက လေယာဉ် အတွင်းမှကယ်ထုတ်လာသော ဒဏ်ရာရခရီးသည် များကို ရှေးဦးသူနာပြုစုပေးခဲ့ပြီး အနီးဆုံးဆေးရုံကို ပို့ဆောင်ပေးကာ မီးလောင်နေသည့် လေယာဉ် ကိုယ်ထည်ကို ပေါက်ကွဲမှုမဖြစ်ပေါ်စေရေး လေဆိပ်မီးသတ်ယာဉ်၊ ရှာဖွေကယ်ဆယ်ရေးယာဉ်၊ ပိုလန်မီးငြှိမ်းသတ်ယာဉ်တို့မှ (Foam) အမြှုပ် ဆေးရည်ကိုအသုံးပြု၍ ဖုံးအုပ်ငြှိမ်းသတ်ခြင်း စသည်တို့ကို လေ့ကျင့်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပူးပေါင်းလေ့ကျင့် ရာတွင် ပါဝင်သောအဖွဲ့များအား ကျေးဇူးတင် ရှိကြောင်း ပြောကြားခဲ့သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)