
ထားဝယ် သြဂုတ် ၂၅
ထားဝယ်မြို့ ကမျောကင်းလမ်း တိုင်းဒေသကြီး လွှတ်တော်ရုံး အနောက်ဘက်၌ တည်ဆောက်ခဲ့သည့် အောက်ဆီဂျင်စက်ရုံကို တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက သြဂုတ် ၂၅ ရက် ညနေ ၃ နာရီခွဲတွင် ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရှင်းလင်းတင်ပြ
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အောက်ဆီဂျင်စက်ရုံ ပင်မအဆောက်အအုံအတွင်း တပ်ဆင်ထားရှိသည့် အောင်ဆီဂျင်စက်နှင့် အောက်ဆီဂျင် စမ်းသပ်ထုတ်လုပ်နေမှုတို့ကို ကြည့်ရှု စစ်ဆေးရာ အောက်ဆီဂျင်စက်တပ်ဆင်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများက စက်တပ်ဆင်ထားရှိမှု အခြေအနေနှင့် အောက်ဆီဂျင်ထုတ်လုပ်မှု အခြေ အနေတို့ကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ စနစ်တကျပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော အောက်ဆီဂျင်ထုတ်လုပ်မှုဆိုင်ရာ သတ်မှတ်စံများ နှင့်အညီ ထုတ်လုပ်နိုင်ရေး လမ်းညွှန်မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောက်ဆီဂျင်စက်ရုံဝင်း အတွင်း ဆောက်လုပ်လျက်ရှိသည့် အုပ်ချုပ်မှု အဆောက်အအုံအပါအဝင် တည်ဆောက်ရေးလုပ်ငန်း များကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ အောက်ဆီဂျင် စက်ရုံတည်ဆောက်ရေး ကြီးကြပ်မှုကော်မတီနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြ သည်။
အဆိုပါစက်မှာ တစ်နာရီလျှင် လီတာ ၄၀ ဝင် အောက်ဆီဂျင်အိုး အလုံးရေ ၁၀ လုံးအထိ ထုတ်လုပ် နိုင်ပြီး တစ်ရက်လျှင် အလုံးရေ ၂၀၀ အထိ ထုတ်လုပ် နိုင်သည်။ ထို့ပြင် ထားဝယ်မြို့ပြည်သူ့ဆေးရုံ၌ တစ်ရက်လျှင် အလုံးရေ ၁၀၀ နှင့် တစ်ရက်လျှင် အလုံးရေ ၇၀ ထုတ်လုပ်နိုင်သည့် စက်တစ်လုံးစီ၊ မြိတ်မြို့၌ တစ်ရက်လျှင် အလုံးရေ ၂၀၀ ထုတ်လုပ် နိုင်သည့်စက်တစ်လုံးနှင့် အလုံးရေ ၁၀၀ ထုတ်လုပ် နိုင်သည့် စက်တစ်လုံး၊ ကော့သောင်းမြို့၌ တစ်ရက်လျှင် အလုံးရေ ၂၀၀ ထုတ်လုပ်နိုင်သည့် စက်တစ်လုံးနှင့် အလုံးရေ ၁၀၀ ထုတ်လုပ်နိုင်သည့် စက်တစ်လုံး တပ်ဆင်တည်ဆောက်လျက်ရှိပြီး စက်ရုံများမှထွက်ရှိသည့် အောက်ဆီဂျင်များကို တိုင်းဒေသကြီးအတွင်း လိုအပ်လာမည့်နေရာ များတွင် စနစ်တကျဖြန့်ဝေဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)