
နေပြည်တော် နိုဝင်ဘာ ၂၉
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းအဝိုင်း အနီးတွင် တည်ဆောက်ပူဇော်ထား သော ထာဝရငြိမ်းချမ်းရေးစေတီတော် ပထမအကြိမ် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ထာဝရငြိမ်းချမ်းရေး စေတီတော် ဂန္ဓကုဋိတိုက်အတွင်း၌ ကိုဗစ် - ၁၉ ကာကွယ်တားဆီးရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ လယ်ဝေးမြို့ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာန နာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဇနိန္ဒ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော် မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ နေပြည်တော် ကောင်စီ ခေတ္တဥက္ကဋ္ဌ ဦးအောင်မြင် ထွန်း၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဂေါပက အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနား မစတင်မီတွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ နေပြည်တော်ကောင်စီ ခေတ္တဥက္ကဋ္ဌ ဦးအောင်မြင်ထွန်းနှင့် ဒုတိယဝန်ကြီး ဦးကြည်မင်းတို့က ထာဝရငြိမ်းချမ်းရေး စေတီတော် လိုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်များအား မြသပိတ်ဆွမ်း၊ သစ်သီး၊ ပန်းမန်၊ ဆီမီးနှင့် သောက်တော် ရေချမ်းများ ဆက်ကပ်လှူဒါန်းကြ သည်။
ထို့နောက် ဗုဒ္ဓါဘိသေက အနေ ကဇာတင် မဟာမင်္ဂလာအခမ်းအနား ကို စတင်ကျင်းပရာ ဥပါသကာများက ဗုဒ္ဓါဘိသေက အနေကဇာတင်ရာ ဂန္ဓကုဋိတိုက်သို့ ဆရာတော်၊ သံဃာ တော်များအား ပင့်ဆောင်၍ တံခွန်၊ ကုက္ကား၊ မုလေးပွားများ ဆက်ကပ် ပြီး ဆရာတော်သံဃာတော်များက ထာဝရငြိမ်းချမ်းရေးစေတီတော် လိုဏ် အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များ အား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းတော်မူကြသည်။
ယင်းနောက် ဧည့်ပရိသတ်များ က ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒထံက ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ် တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် တာဝန်ရှိသူများ က ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ သည်။
ယင်းနောက် ဦးဇော်မြင့်ဖေက ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ထံ စေတိယပရိဝါရ သဒ္ဒဒါန ရတနတ္တယပူဇာ ကုသိုလ်တော်မင်္ဂလာ အဖြစ် လှူဒါန်းသည့် အောင်ခြင်း ရှစ်ပါးမင်္ဂလာ မောင်းတော်ကြီးကို သာဟတ္ထိကဒါနမြောက်အောင် စီစဉ် ထားသည့် မင်္ဂလာရွှေဖဲကြိုးကိုပေးအပ် လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
အဆိုပါ အောင်ခြင်းရှစ်ပါး မင်္ဂလာမောင်းတော်ကြီးကို ဦးသိန်း ထွန်းခိုင်နှင့် ဇနီး ဒေါ်တင်ဝင်းဌေး၊ သမီး မဆုရတနာထွန်းတို့က မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ ချောမွေ့အောင်မြင်ပြီး ထာဝရ ငြိမ်းချမ်း၍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်မှန်းကာ ထာဝရငြိမ်းချမ်းရေး စေတီတော် သာသနာ့ဗိမာန်တွင် ထားရှိပူဇော်ရန်အတွက် လှူဒါန်း ပူဇော်ခြင်းဖြစ်သည်။
အဆိုပါ မင်္ဂလာမောင်းသည် အလေးချိန် ၁၂ ပိဿာ ၅ ကျပ်သား၊ အချင်း ၃၀ လက်မရှိပြီး မျက်နှာပြင် တွင် အောင်ခြင်းရှစ်ပါးပုံတော်များ ရေးခြယ်ထားသည်။
ထို့နောက် ဧည့်ပရိသတ်များက ပျဉ်းမနားမြို့ မဟာလယ်တီစံ ကျောင်းတိုက် ပဓာနနာယက အဂ္ဂ မဟာ သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တဣန္ဒာဝုဓထံမှ သာဓုအနုမောဒနာ တရားနာကြား ကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြ သည်။
၂၀၁၈ ခုနှစ် မေ ၁၇ ရက်တွင် မြေသန့်မင်္ဂလာ အခမ်းအနားပြုလုပ် ၍ ထာဝရငြိမ်းချမ်းရေးစေတီတော်ကို စတင်တည်ဆောက်ခဲ့ရာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ထာဝရငြိမ်းချမ်း ရေးစေတီတော် အထက်ဌာပနာတော် သွင်း၊ ရွှေထီးတော်တင်၊ မြသပိတ် ရွှေကြာသင်္ကန်းတော်ကပ်နှင့် ဗုဒ္ဓါ ဘိသေက အနေကဇာတင် မဟာ မင်္ဂလာအခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဆက်စပ်လုပ်ငန်း များနှင့် အဆောက်အဦများကို ဆက်လက် ဆောက်လုပ်ခဲ့သည်။ ယခု အခါ ဘုရားဝင်းအရှေ့မြောက်ဘက် ခြံစည်းရိုးမြှင့်တင်ခြင်းလုပ်ငန်း ၈၅ ရာခိုင်နှုန်း၊ စေတီတော်ပတ်လမ်း ဖောက်ရန် အုတ်စီခြင်းလုပ်ငန်း ၈၅ ရာခိုင်နှုန်း၊ ရင်ပြင်တော်ပတ်လည် ရေနုတ်မြောင်း ပြုလုပ်ခြင်းလုပ်ငန်း ၆၅ ရာခိုင်နှုန်း၊ ဂန္ဓကုဋိတိုက်မုခ် လေးမုခ် စကျင်တပ်ဆင်ခြင်းလုပ်ငန်း ၈၅ ရာခိုင်နှုန်း၊ ရင်ပြင်တော်စကျင် ကျောက်ပြားခင်းခြင်းလုပ်ငန်း ၂၅ ရာခိုင်နှုန်း၊ ဂေါပကအဖွဲ့ရုံး ဆောက်လုပ် ခြင်း ၄၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ် ကြောင်း သိရသည်။
သတင်းစဉ်