
ရန်ကုန် ဒီဇင်ဘာ ၂၁
ပြည်တွင်းရှိ အသက် ၁၆ နှစ်မှ ၂၀ အကြား အမျိုးသမီးငယ်လေးများအား ခေါင်းဆောင်မှုနှင့် ရပ်ရွာဖွံ့ဖြိုးရေးအတွက် နည်းပညာကျွမ်းကျင်မှုကိုကောင်းစွာအသုံးချနိုင်ရန် ပံ့ပိုးသင်ကြားပေးသည့် တစ်နှစ်ကြာအစီအစဉ် ဖြစ်သော Tech Age Girl 2021 ကို Myanmar Book Aid and Pre-servation Foundation(MBAPF)က ပြုလုပ်ခဲ့ပြီးနောက် အစီအစဉ်၏ နောက်ဆုံးအဆင့် လူမှုဝန်းကျင်အကျိုးပြုစီမံကိန်းပြိုင်ပွဲတွင် အနိုင် ရရှိသူ ၄၀ စာရင်းကို အစီအစဉ်အတွက် အဓိက ကူညီပံ့ပိုးသူ အူရီဒူး မြန်မာက ဒီဇင်ဘာလ ဒုတိယပတ်အတွင်းက ထုတ်ပြန်ကြေညာထား သည်။
Tech Age Girl အစီအစဉ်သည် အမျိုးသမီးငယ်များ၏ ခေါင်းဆောင် မှုနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာကို အကျိုးရှိစွာ အသုံးချနိုင်စေမည်ဖြစ်၍ ပါဝင်သည့် အမျိုးသမီးငယ်များသာမက ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းကိုပါ အကျိုးပြုနိုင်မည့် အစီအစဉ်ဖြစ် ကြောင်း သိရသည်။
ယခုနှစ်တွင် အမျိုးသမီးငယ် ၂၀၀ ကျော်အား တစ်နှစ်ကြာမြင့်သည့် လေ့ကျင့်သင်ကြားမှုများပြုလုပ်ပြီးနောက် လူမှုဝန်းကျင်အကျိုးပြု စီမံကိန်းပြိုင်ပွဲကို ပြုလုပ်၍ အနိုင်ရရှိသူများအား ရွေးချယ်ခဲ့ခြင်းဖြစ် သည်။
အနိုင်ရရှိသူ ၄၀ သည် ဒီဇင်ဘာ ၁၃ ရက်မှ ၂၁ ရက်အထိ ကိုးရက် ကြာကျင်းပသည့် ခေါင်းဆောင်မှုထိပ်သီးအစည်းအဝေးသို့လည်း တက် ရောက်ခဲ့ပြီး သက်ဆိုင်ရာဒေသများရှိ ၎င်းတို့ အဆိုတင်သွင်းထားသော လူမှုဝန်းကျင်အကျိုးပြုစီမံကိန်းများကို ဆောင်ရွက်ရန် လိုအပ်သော လမ်းညွှန်မှု၊ နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများကိုလည်း ရရှိမည်ဖြစ် ကြောင်း၊ အူရီဒူးမြန်မာကလည်း ဆုရရှိသူများအားလုံးကို သက်ဆိုင်ရာ နေရာဒေသအသီးသီး၌ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် အသုံးပြုနိုင်ရန် လက်ပ်တော့အသစ် တစ်လုံးစီကို ပေးအပ်ချီးမြှင့် မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ်မှစတင်၍ အူရီဒူးမြန်မာသည် Tech Age Girl အစီအစဉ် အတွက် အင်တာနက်ချိတ်ဆက်မှုနှင့် ဒစ်ဂျစ်တယ်ကိရိယာများကို ပံ့ပိုးပေးခဲ့ပြီး အစီအစဉ်၏ရလဒ်များအရ အူရီဒူးမြန်မာသည် ၂၀၁၉ ခုနှစ်တွင် TAG ၏ အဓိကပံ့ပိုးကူညီသူ ဖြစ်လာခဲ့ကာ Tech Age Girls 2020-2021 တွင် ပုံမှန်အစီအစဉ်များထက် ပါဝင်သူဦးရေ နှစ်ဆ ပိုမို ပါဝင်နိုင်အောင် အူရီဒူးမြန်မာက တိုးမြှင့်ပံ့ပိုးပေးခဲ့သည့်အတွက် Tech Age Girls 2020-2021 တွင် အမျိုးသမီးငယ်ပေါင်း ၂၀၀ ကျော် ပါဝင် ခွင့်ရရှိခဲ့ကြောင်း သိရသည်။
ကျော်ဇင်ဦး