
ရန်ကုန် ဖေဖော်ဝါရီ ၂၇
ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော မြန်မာ နိုင်ငံတွင် မြန်မာ့အာမခံလုပ်ငန်း၌ အသက်အာမခံ လုပ်ငန်းနှင့် အထွေထွေ အာမခံလုပ်ငန်းနှစ်ရပ် အား ဝန်ဆောင်မှုပေးလျက်ရှိရာ သူတစ်ပါးထိခိုက်မှု အာမခံ ပရီမီယံကြေး ပေးသွင်းရာတွင် ရုံးများသို့ လာရောက်ရန်မလိုဘဲ QR Code နှင့် MPU Card ဖြင့် မိမိနေအိမ်မှ လွယ်ကူမြန်ဆန်စွာ ပေးသွင်းနိုင်ရန် မြန်မာ့အာမခံ လုပ်ငန်းမှ အများပြည်သူအား ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
နိုင်ငံတကာရှိ ဖွံ့ဖြိုးပြီးနိုင်ငံ တို့တွင် နိုင်ငံတော်ပိုင် အာမခံ လုပ်ငန်းများ၌ အသက်အာမခံ လုပ်ငန်းများ ကြီးမားကျယ်ပြန့် လေ့ရှိပြီး မြန်မာနိုင်ငံတွင် အထွေထွေ အာမခံလုပ်ငန်းများ ဖြစ်သော မီးအာမခံ၊ မော်တော် ယာဉ်အာမခံ၊ လေကြောင်းနှင့် ရေကြောင်းအာမခံ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်မှု လုပ်ငန်းအာမခံ၊ ကိုယ်အင်္ဂါထိခိုက် မှု အာမခံ၊ လုပ်ငန်းရှင်တာဝန်ရှိမှု အာမခံ၊ အင်ဂျင်နီယာလုပ်ငန်း အာမခံ၊ သတ္တုတွင်းတူးဖော်ရေး လုပ်ငန်းရှင်များ တာဝန်ရှိမှု အာမခံအပါအဝင် အထွေထွေ အာမခံအမျိုးအစားပေါင်း ၂၀ ကျော်နှင့် အသက်အာမခံလုပ်ငန်း အမျိုးအစား ၂၀ ကျော်ဖြင့် အာမခံအမျိုးအစား ၄၀ ကျော် အား မြန်မာ့အာမခံလုပ်ငန်းက ဝန်ဆောင်မှုပေးလျက်ရှိသည်။
“အသက်အာမခံလုပ်ငန်းဟာ နိုင်ငံတကာမှာ အင်မတန်ဖွံ့ဖြိုး တဲ့ လုပ်ငန်းအမျိုးအစား ဖြစ်ပါ တယ်။ မတော်တဆ ထိခိုက်မှု ကြောင့် ကျန်ရစ်သူမိသားစု အထောက်အပံ့ ဖြစ်စေဖို့ထား ရှိတဲ့ အာမခံအမျိုးအစားနဲ့ မိမိ ငွေစုဆောင်းပြီး ကာလတစ်ခု ရောက်တဲ့အခါ ငွေပြန်ထုတ်ယူ နိုင်တဲ့ အမျိုးအစားဆိုပြီးရှိတယ်။ ပြီးတော့ အာမခံထားရှိရာမှာ အသက်အာမခံ လုပ်ငန်းနဲ့ အထွေထွေအာမခံလုပ်ငန်းဆိုပြီး အဲဒီနှစ်မျိုးကို ဝန်ဆောင်မှုပေးနေ တာပါ။ မိမိနိုင်ငံရဲ့ ရေမြေနဲ့ လိုက်လျောညီထွေတဲ့ အာမခံ ထုတ်ကုန်အသစ်တွေ လုပ်ဆောင် ဖို့လည်းလိုပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်တဲ့အတွက် တစ်ဦးချင်းဝင်ငွေ ပေါ်မှာမူတည်ပြီး အသက်အာမခံ လုပ်ငန်းဖွံ့ဖြိုးဖို့လိုပြီး အထွေထွေ အာမခံလုပ်ငန်းအနေနဲ့ ဝန်ဆောင် မှုပေးရတာများတယ်။ အများ ပြည်သူ မတော်တဆထိခိုက်နစ်နာ မှုမှာ လျော်ကြေးရရှိအောင် မြန်မာ့ အာမခံက ဝန်ဆောင်မှုပေးတဲ့ အခါမှာ ကိုဗစ်ကာလဖြစ်တဲ့ အတွက် မိမိနေအိမ်ကနေ ငွေသွင်း နိုင်တဲ့QR Codeနဲ့ MPU Card နဲ့မြန်ဆန်လွယ်ကူစွာ ပေးသွင်းနိုင် အောင် ဝန်ဆောင်မှု ပေးထား ပါတယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန မြန်မာ့အာမခံ လုပ်ငန်း (ရန်ကုန်) မှ အထွေထွေ မန်နေဂျာ ဦးလွင်ဦး ကပြောသည်။
မြန်မာ့ အာမခံလုပ်ငန်းမှ အကောင်အထည်ဖော် ဆောင် ရွက်နေသော Digital Transfor-mation အစီအစဉ်တွင် အာမခံ အကာအကွယ်ရလိုသော ပြည်သူ များအနေဖြင့် မိမိတို့ရွေးချယ် ဝယ်ယူလိုသည့် အာမခံ Product များကို ခေတ်နှင့်အညီ အဆင်ပြေ ချောမွေ့စွာ ရွေးချယ်ဝယ်ယူနိုင် ရန် ကိုဗစ်-၁၉ ကာလတွင် သူတစ်ပါးထိခိုက်မှု အာမခံပရီမီယံ ကြေး အာမခံထားရှိသူများ ကိုယ်တိုင် လာရောက်ပေးသွင်း ရန်မလိုဘဲ Online/Mobile Payment ဖြင့် ပေးသွင်းနိုင်ရန် အတွက် QR Code နှင့် MPU Card ဖြင့် လွယ်ကူမြန်ဆန်စွာ ပေးသွင်းမှုအား မြန်မာ့အာမခံ လုပ်ငန်းမှ ဝန်ဆောင်မှုပေးထား ကြောင်း သိရသည်။
ညိမ်းသူ (သတင်းစဉ်)
ဓာတ်ပုံ-မြန်မာ့အာမခံလုပ်ငန်း