
နေပြည်တော် အောက်တိုဘာ ၁၆
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာမောင်မောင်နိုင်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်(ခုတင်-၁၀၀၀) ဆေးရုံဝင်း အတွင်းရှိ သူနာပြုသင်တန်းကျောင်းသို့ သွားရောက်၍ သူနာပြု သင်တန်းတက်ရောက်လျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများကို တွေ့ဆုံ၍ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားသည်။
သက်သာချောင်ချိရေး ဆောင်ရွက်
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သူနာပြု သင်တန်းကျောင်းတွင် တက်ရောက်လျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများ၏ စားသောက်ရေး ကိစ္စရပ်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း၊ သူနာပြုသင်တန်းသား၊ သင်တန်း သူများအနေဖြင့် သင်တန်းကာလ ပြီးဆုံးသည့်အခါ တွင် နိုင်ငံ့ဝန်ထမ်းအဖြစ် ချက်ချင်းခန့်အပ်နိုင်ရေး အတွက် ကြိုတင်စီစဉ်ထားရှိပါကြောင်း၊ အလုပ် ဝင်ရောက်ပြီးပါကလည်း ဝတ်စုံစရိတ်၊ စားစရိတ်၊ ညဂျူတီတာဝန်ကျစရိတ်၊ နိုင်ငံတော်မှ ထောက်ပံ့ ပေးငွေ စသည်ဖြင့် ဝန်ထမ်းသက်သာချောင်ချိရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊သူနာပြုများ၏ ဘဝတက်လမ်းနှင့် ရာထူးတိုးမြှင့်ရေး အခွင့်အလမ်းများ တိုးတက်ရရှိစေရေးအတွက် စီစဉ် ဆောင်ရွက်ထားသည်များ ရှိပါကြောင်း၊ ယခု သင်တန်းကာလအတွင်းတွင် ကြိုးစား၍ လေ့လာ သင်ကြားကြစေလိုပါကြောင်း၊ မိမိတို့သင်တန်း ကျောင်းမှရရှိထားသည့် ကောင်းမွန်သည့် အတွေ့ အကြုံများကိုလည်း အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမှကင်းကွာနေသည့် မိတ်ဆွေသူငယ်ချင်း များထံ တစ်ဆင့်မျှဝေ ပြောကြားပေးကြရန် ဖြစ်ပါကြောင်း၊ သင်တန်းပြီးဆုံးပါက နိုင်ငံတော် တာဝန်ကို သင်တန်းစတင် တက်ရောက်စဉ်က ရေးထိုးထားသည့် ဝန်ခံကတိစာချုပ်အတိုင်း ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ လိုအပ်ချက်များ ရှိပါက တင်ပြပေးကြရန်နှင့် အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျန်းမာရေးဝန်ထမ်းများနှင့် သူနာပြုများသည် ပြည်သူတို့အတွက် မရှိမဖြစ်ဝန်ထမ်းများဖြစ် ပါကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့် သင်တန်းသား၊ သင်တန်းသူများ စားသောက်ရေး အဆင်ပြေစေရေးအတွက် သင်တန်းပြီးဆုံးသည် အထိ ဆန်နှင့်ဆီများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
မရှိမဖြစ်အရေးပါ
ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာအေးထွန်းက ကျန်းမာရေး ဝန်ထမ်းများ၏ လုပ်ငန်းသဘောသဘာဝအရ မိမိတို့ တတ်ကျွမ်းသည့် ပညာရပ်များအလိုက် ပေါင်းစပ်၍ ဆောင်ရွက်ရပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သူနာပြုများ၏ အခန်းကဏ္ဍသည် မရှိမဖြစ် အရေးပါသည်ဖြစ်၍ သင်ကြားပေးသည့်ပညာရပ် များကို ကြိုးပမ်း၍ သင်ကြားကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သူနာပြုသင်တန်းကျောင်းရှိ ကွန်ပျူတာခန်း၊ စာကြည့်တိုက်၊ တိုးချဲ့ထမင်းစားဆောင်၊ ပုံသဏ္ဌာန် တူ သင်ကြားလေ့ကျင့်ရာဌာန(Skill lab) တို့ကို ကြည့်ရှု၍ လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ပေးသည်။ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအောက်ရှိ သူနာပြု/သားဖွား ၃၁ ကျောင်းကို အောက်တိုဘာ ၇ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ် လျက်ရှိရာ ယနေ့အထိ သူနာပြုတတိယနှစ်နှင့် သားဖွားဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၈၁ ဦး တက်ရောက်လျက်ရှိပြီး နေပြည် တော် သူနာပြု/ သားဖွား သင်တန်းကျောင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် ကယားပြည်နယ်တို့မှ သင်တန်းသား သင်တန်းသူ ၅၆ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
နှာခေါင်းစည်းများဖြန့်ဝေ
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည် တော်ကောင်စီဥက္ကဋ္ဌတို့သည် ဇမ္ဗူသီရိမြို့နယ် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတွင် အသက် (၄၅)နှစ်နှင့်အထက် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှု၊ QR Code ပါဝင်သော ကာကွယ်ဆေး ထိုးနှံပြီးစီးမှု မှတ်တမ်း ကတ်များ ထုတ်ပေးနေမှုနှင့် ကာကွယ်ဆေးထိုးနှံပြီးစီး ပါက ကာကွယ်ဆေးထိုးနှံခြင်း စီမံခန့်ခွဲမှုသတင်း အချက်အလက်စနစ် (Vaccine Management Information System-VMIS) တွင် စာရင်းသွင်း ဖြည့်ဆည်းနေမှုများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ကာကွယ်ဆေးထိုးနှံမှု ခံယူလာသူ မိဘ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ပါးစပ်နှင့် နှာခေါင်းစည်း(Mask) များ ဖြန့်ဝေပေးသည်။
ဆက်လက်ထိုးနှံပေးမည်
ထို့နောက် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံ ပေးနေမှုများကို ဆက်လက်ကြည့်ရှုအားပေးရာ၌ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာတွင် အသက် (၁၈)နှစ်ပြည့်ပြီးသူများကို ဦးစားပေးထိုးနှံ၍ ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားလာသည့်အခါမှသာ အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ အသက်အုပ်စုများကို တိုးချဲ့ထိုးနှံပေးခြင်းဖြစ်သော်လည်း မိမိတို့နိုင်ငံတွင် ကျောင်းအမှန်တကယ်တက်ရောက်မည့် ကျောင်းသူ ကျောင်းသားများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရန်နှင့် ဘေးကင်းစိတ်ချစွာ ပညာသင်ကြား နိုင်ရေး၊ ကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် ကျောင်း များမှတစ်ဆင့် အစုလိုက်အပြုံလိုက် ရောဂါကူးစက် ပြန့်ပွားမှု မဖြစ်ပေါ် စေရန်ရည်ရွယ်၍ ယခုအချိန်တွင် ကျောင်းတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ များကို ဦးစားပေးအနေဖြင့် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ရောက်နိုင်ခြင်းမရှိသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသို့ အမှန်တကယ် တက်ရောက်လာသည့်အခါ ကာကွယ်ဆေးရရှိမှု အပေါ် မူတည်၍ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် အသက်(၁၈)နှစ်အထက် ကာကွယ်ဆေး လွှမ်းခြုံမှု များ မြင့်မားစွာရရှိလာသည့်အခါတွင် အဆိုပါ အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ်အတွင်းရှိသူ မည်သူကိုမဆို ကာကွယ်ဆေးရရှိမှုအပေါ်မူတည်၍ ဆက်လက်ထိုးနှံပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကာကွယ်ဆေးထိုးနှံခြင်း လာရောက်ခံယူနေသူ ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်၍ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ ဖြန့်ဝေပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးနေသည့် အဖွဲ့များမှ တင်ပြချက်များကို ဖြည့်ဆည်းပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်