
ရန်ကုန် ဒီဇင်ဘာ ၉
၁၉၉၇ ခုနှစ်က ရုံတင်ပြသခဲ့သည့် “သူ့ကျွန်မခံပြီ”ရုပ်ရှင်ဇာတ်ကားသည် ယခုအခါ ၂၅ နှစ်မြောက် ငွေရတုအခါသမယရောက်ခဲ့ပြီဖြစ်သည်။
အဆိုပါ “သူ့ကျွန်မခံပြီ” ဇာတ်ကားကို ဖန်တီး ခဲ့ကြသူ၊ ပါဝင်ခဲ့သူ၊ ရုပ်ရှင်ဇာတ်ကားဖြစ်မြောက်ရေး အတွက် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ဝိုင်းဝန်း ပံ့ပိုးပေးခဲ့ကြသူများ၏ ၂၅ နှစ်ပြည့် ငွေရတုတွေ့ဆုံပွဲ ကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ယောမင်းကြီးလမ်းရှိ သမ္မတရုပ်ရှင်ရုံ ဧည့်ခန်းမ ဆောင်၌ ကျင်းပသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ သူ့ကျွန်မခံပြီ ဇာတ်ကားကို ဖန်တီးခဲ့ကြသူများ၊ ပါဝင်လှုပ်ရှားခဲ့ကြသူများ၊ အဘက်ဘက်မှ ဝိုင်းဝန်း ပံ့ပိုးပေးခဲ့ကြသူများ၊ စာနယ်ဇင်းများမှ တာဝန်ရှိသူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာ စကားပြောကြားရာ၌ အဆိုပါ ဇာတ်ကားကို ကြည့်ရှု ရာတွင် အမျိုးသားရေးစိတ်ဓာတ်များ များစွာကို တွေ့မြင်ရပါကြောင်း၊ သမိုင်းဖြစ်ရပ်မှန်များကို ရိုက်ကူးထားသဖြင့် မျိုးဆက်သစ်လူငယ်များ အတွက် အကျိုးကျေးဇူးများစွာဖြင့် ရရှိခဲ့ပါကြောင်း၊ ဇာတ်ကားတွင် မင်းသား၊ မင်းသမီးပေါင်းစုံ အခန်း ကဏ္ဍအသီးသီးကို စီစဉ်တည်းဖြတ်ပြီး ရိုက်ကူးထား သည်ကို တွေ့ရပါကြောင်း၊ ဇာတ်ကားရိုက်ကူးစဉ် ကာလကအခက်အခဲများစွာနှင့် ရိုက်ကူးထားသဖြင့် နောင်တွင် အကျိုးပြုမည့် ဇာတ်ကားကောင်းတစ်ခုဖြစ်ပါကြောင်း၊ ငွေရတုသို့ရောက်ရှိခဲ့သည့် အဆိုပါ ဇာတ်ကားတွင် ပါဝင်ခဲ့ကြသူများနှင့် ပြန်လည်တွေ့ဆုံ ရ၍ အင်မတန်ဝမ်းသာဂုဏ်ယူ ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒါရိုက်တာဦးကြည်စိုးထွန်းက သူ့ကျွန်မခံပြီ ၂၅ နှစ်ပြည့် ငွေရတုမှတ်တမ်းစာအုပ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ဤစာအုပ် သည် ၁၉၉၇ ခုနှစ်က ရုံတင်ပြသခဲ့သော သူ့ကျွန်မခံပြီ ရုပ်ရှင်ဇာတ်ကား ရိုက်ကူး ၊ ထုတ်လုပ်၊ ပြသခဲ့သည့် ၂၅ နှစ်ပြည့် အမှတ်တရထုတ်ဝေသော စာအုပ်ဖြစ်ပြီး အမှတ်တရစာအုပ်ဖြစ်ခြင်းကြောင့် သူ့ကျွန်မခံပြီ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန် စဉ်းစားခဲ့သည်မှ အစ ရုပ်ရှင်အဖြစ် ရိုက်ကူးရန် ဖွဲ့စည်းဆောင်ရွက်မှု များ ၊ ရိုက်ကူးခဲ့ကြသည်များ၊ ရုံတင်ပြသခဲ့ကြသည်များ အကြောင်းကို မရိုက်ကူးမီ၊ ရိုက်ကူးချိန်၊ ပြသချိန်နှင့် နောက်ကြောင်းပြန် ၂၅ နှစ် ကာလကို အပိုင်းကြီး လေးပိုင်းခွဲ၍ တင်ပြထားပါကြောင်း၊ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ်အဖြစ်ကျင်းပမည့် လူငယ်နှင့် စာပေအနု ပညာပြပွဲတွင် သူ့ကျွန်မခံပြီ ဇာတ်ကားကို ကျောင်းသား ကျောင်းသူများအား ပြသသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် လွန်ခဲ့သည့် ၂၅ နှစ်က သူ့ကျွန်မခံပြီ ဇာတ်ကားတွင် ပါဝင်ခဲ့ကြသည့် ပညာရှင်များနှင့် အနုပညာရှင်များက မိမိတို့ ပါဝင်ဖန်တီးခဲ့မှု အခန်းကဏ္ဍများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများကို သူ့ကျွန်မခံပြီ ၂၅ နှစ်ပြည့် ငွေရတုမှတ်တမ်းစာအုပ်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)