သုတေသနသည် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ အသက်သွေးကြောဖြစ် ဘာသာရပ်စာပေသင်ကြားရေးနှင့်အတူ သုတေသနပြုလုပ်ခြင်းကို ဆောင်ရွက်ကြရမည်

 

နေပြည်တော် ဖေဖော်ဝါရီ  ၂၁ 


ပညာရေးဒီဂရီကောလိပ် ဆရာ ဆရာမများအတွက် သုတေသနဆိုင်ရာအရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေး ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေ၊   အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဒီဂရီကောလိပ်များမှ သင်တန်းသား ဆရာ ဆရာမများနှင့် ဆရာအတတ်ပညာဦးစီးဌာနမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။


သင်ကြားရေးအရည်အသွေးတိုးတက်ရေး


ဦးစွာ   ပြည်ထောင်စုဝန်ကြီးက  သုတေသနသည် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ အသက်သွေးကြော ဖြစ်ကြောင်း၊ ဘာသာရပ်စာပေသင်ကြားရေးနှင့်အတူ သုတေသနပြုလုပ်ခြင်းကို  ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊  ပညာရေးဒီဂရီကောလိပ်များတွင်  သင်ရိုး သစ်ဖြင့်သင်ကြားလျက်ရှိရာ   ဘာသာရပ်ဆိုင်ရာ သုတေသနများကို ပြုလုပ်ခြင်းဖြင့် ဆရာ ဆရာမများ၏ သင်ကြားရေး အရည်အသွေးတိုးတက်ရေးအတွက် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီး ဌာနအနေဖြင့် ဆရာ ဆရာမများအတွက် သုတေသန လုပ်ငန်းများ    ပိုမိုလုပ်ဆောင်လာနိုင်ရေးအတွက် စာတမ်းဖတ်ပွဲအများအပြား ဖိတ်ခေါ်ကျင်းပဆောင် ရွက်ပေးလျက်ရှိကြောင်း၊   သုတေသနဆောင်ရွက်ရန် အတွက် သုတေသနအသုံးစရိတ်များ၊ သုတေသနဓာတ်ခွဲ ခန်းသုံးပစ္စည်းများကို နှစ်စဉ်တိုးမြှင့်ခွင့်ပြုပေးခဲ့သည့် အပြင် သုတေသနစင်တာများကိုလည်း တိုးချဲ့ဖွင့်လှစ် ပေးလျက်ရှိကြောင်း။


ဆရာ ဆရာမများအနေဖြင့် မှန်ကန်တိကျသည့် သုတေသနလုပ်ငန်းများ  ဆောင်ရွက်နိုင်ရန်အတွက် ယခုလိုစွမ်းရည်မြှင့်သင်တန်းများကို စီစဉ်ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းမှ သုတေသနပြုလုပ် ခြင်းဆိုင်ရာ ဗဟုသုတစွမ်းရည်များကို ရရှိကြမည်ဟု မျှော်လင့်ပါကြောင်း၊ သင်တန်းတက်ရောက်ပြီးသွားသည့် ဆရာ ဆရာမများကလည်း မိမိတို့  ပညာရေးဒီဂရီ ကောလိပ်တွင် ဆင့်ပွားသင်တန်းများပြုလုပ်ပြီး ပညာ ရေးဒီဂရီကောလိပ်များရှိ ဆရာ ဆရာမများ သုတေသန ဆိုင်ရာဗဟုသုတများ၊    သုတေသနစွမ်းရည်များ တိုးမြင့်စေရန် ဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း ပြောကြားပြီး  သင်တန်းသား  သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြသည်။


စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်


ဖွင့်ပွဲအခမ်းအနားအပြီးတွင်  သင်တန်းကို   အစီ အစဉ်အတိုင်း ဆက်လက်ကျင်းပရာ ပညာရေးဝန်ကြီး ဌာန  အမြဲတမ်းအတွင်းဝန် ‌   ဒေါက်တာစိုးဝင်းက သုတေသနနည်းစနစ် (Research   Methodology and R Software) ခေါင်းစဉ်ဖြင့် သင်တန်းပို့ချသည်။ 


အဆိုပါ ပညာရေးဒီဂရီကောလိပ် ဆရာ ဆရာမများ အတွက် သုတေသနဆိုင်ရာ အရည်အသွေးမြှင့်သင်တန်း ကို  ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၅ ရက်ထိ   စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရ သည်။

သတင်းစဉ်