
မြဝတီ ဇန်နဝါရီ ၁၂
မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့ရှိ မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားကို ကိုဗစ်-၁၉ ကြောင့် သုံးနှစ်နီးပါးခန့် ပိတ်ထားခဲ့ရာမှ ယနေ့ နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်ရန် အတွက် ထိုင်းနိုင်ငံဘက်ကမ်းရှိ TERMINAL တွင် နှစ်နိုင်ငံတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပြီး နံနက် ၈ နာရီခွဲတွင် ချစ်ကြည်ရေးတံတားအား ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူး မစ္စတာ ဆွန်ချိုင်းကစ်ကျလိန်းလုလို့နှင့် တာဝန်ရှိသူများ၊ နယ်မြေခံတပ်မှ တပ်မတော်အရာရှိများ၊ ထိုင်း TBC ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဖုန်စထောန်နစ်ဖရာ့နှင့် တာဝန် ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် တာဝန်ရှိသူများက ဖွင့်လှစ်ပေး ပြီး ချစ်ကြည်ရင်းနှီးစွာ လှည့်လည်ကြည့်ရှုကြသည်။
အမှတ် (၁) ချစ်ကြည်ရေးတံတားအား ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် မြဝတီ-မဲဆောက် စျေးဝယ်၊ စျေးသည်များ ခရီးသွားလာရေး အဆင်ပြေ ကြမည်ဖြစ်ပြီးမြဝတီ-မဲဆောက်ခရီးသည်ပို့ဆောင်ရေးယာဉ်ငယ်များ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများလည်း ပြန်လည်စတင်နိုင်မည် ဖြစ်သည်။
ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်မည့်သူများကို ချစ်ကြည်ရေးတံတား အမှတ်(၁) မြဝတီဘက်၌ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ပေးလျက် ရှိပြီး လိုင်စင်ရှိအိမ်စီးကားများ သွားလာခွင့်ပြုသလို ခရီးသွားများ အနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးပြီးလက်မှတ် ပါရှိရမည်ဖြစ်သည်။
မြန်မာ-ထိုင်း၊ မြဝတီ - မဲဆောက် ချစ်ကြည်ရေးတံတားအမှတ် (၁)ကို ကိုဗစ်-၁၉ ရောဂါ စတင်ပျံ့နှံ့ခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ် ၂၀ရက် က နှစ်နိုင်ငံအစိုးရတာဝန်ရှိသူများ ညှိနှိုင်းကာ ပိတ်ထားခဲ့ခြင်းဖြစ်သည်။
မြန်မာ - ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားသည် မြန်မာနိုင်ငံ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တို့အား ဆက်သွယ်သွားလာရန် အတွက် သောင်ရင်းမြစ်အား ဖြတ်ကျော်ကာ ၁၉၉၇ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ၄၂၀ မီတာ (ပေ ၁၃၈၀) ရှည်လျားကာ ၁၃ မီတာ (၄၂ ပေ ၈ လက်မ) ကျယ်ဝန်းသည်။ ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော အမှတ်(၂) ချစ်ကြည်ရေးတံတားမှာ ကုန်စည်ပို့ဆောင်ရေးအတွက် အသုံးပြုလျက်ရှိပြီး အမှတ် (၁) တံတားမှ လူနှင့် ယာဉ်ငယ်များသာ ဖြတ်သန်းခွင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)