သတ္တမအကြိမ်မြောက် အခြေခံပညာသင်ရိုးညွှန်းတမ်းဆိုင်ရာ အစည်းအဝေးကျင်းပ

 

 

နေပြည်တော် ဒီဇင်ဘာ ၃၀

 

 

သတ္တမအကြိမ်မြောက် အခြေခံပညာသင်ရိုးညွှန်းတမ်း ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော် ထွန်း၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ ဝင်များ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်သင်ရိုး ညွှန်းတမ်းကော်မတီဥက္ကဋ္ဌများ၊ သင်ရိုးညွှန်းတမ်းရေးဆွဲရေး အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက သင်ရိုး ညွှန်းတမ်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်လာသည့် အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ဘာသာရပ် သင်ရိုးညွှန်းတမ်း ကော်မတီဥက္ကဋ္ဌများနှင့် သင်ရိုးညွှန်းတမ်းရေးဆွဲရေး အဖွဲ့ဝင်များ၊ JICA, ADB, EU စသည့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ သင်ရိုးညွှန်တမ်း ပြုပြင်ပြောင်းလဲရေးအတွက် ကျောင်းသုံးဖတ်စာအုပ် အသစ်ပြုစုခြင်း၊ သင်ကြားသင်ယူမှုနည်းလမ်း ၊ သင်ထောက်ကူ ပစ္စည်း စသည်ဖြင့် သင်ရိုးညွှန်းနှင့်သက်ဆိုင်သော လုပ်ငန်း များအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြသူများ တစ်ဦးမကျန် အားလုံးကို ကျေးဇူးတင်ပါကြောင်း၊ တန်ဖိုးထား လေးစား၍ မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း။

Grade- 5, Grade- 8, Grade-11 သင်ရိုးညွှန်းတမ်း ပြီးစီးမှုများအတွက် ကျေးဇူးတင်ပါကြောင်း၊ စာအုပ်များ ပြုစုပြီး Face to Face Training နှင့် အွန်လိုင်း Training များကို ယနေ့ ကိုဗစ်ကာလအခြေအနေအရ ပေါင်းစပ် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ကိုဗစ်ကူးစက် ပြန့်ပွားမှု ထိန်းချုပ်တားဆီးကာကွယ်နေရချိန်တွင် သတိထား ဆောင်ရွက်ရန်လိုပါကြောင်း။

တစ်ကမ္ဘာလုံး ယခုကူးစက်ပြန့်ပွားနှုန်းက မျိုးပြောင်း ဗီဇဖြစ်ပြီး အင်မတန်ကူးစက်မြန်သည့်အတွက် လုံးဝပေါ့၍ မရပါကြောင်း၊ ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်ရမည် ဖြစ်သည့် အတွက် ပါးစပ်နှင့် နှာခေါင်းစည်း၊ မျက်နှာအကာ တပ်ဆင် ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စနစ်တကျ စက္ကန့် ၂၀ ကြာ လက်ဆေးရန် ဖြည့်ဆည်းအသုံးပြုခြင်း၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေကွာခြား၍ သတ်မှတ်ချက်များနှင့်အညီ ဆောင် ရွက်ရမည် ဖြစ်ပါကြောင်း၊ ဗဟိုအဆင့်၊ ကျောင်းအဆင့် သင်ကြားသင်ယူမှုနည်းလမ်းများ ဆင့်ပွားသင်တန်းအတွက် စီစဉ်ဆောင်ရွက်မှုများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် ကိုဗစ်ဗဟိုကော်မတီ၏ ညွှန်ကြားချက်များကို အတိအကျလိုက်နာပြီး ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ အွန်လိုင်းသင်တန်း ဆောင်ရွက်ပါက လူတစ်ဦးချင်းစီသည် ဒစ်ဂျစ်တယ်ပစ္စည်း တစ်ခုစီနှင့် တစ်ဦး ချင်းစီ အိမ်၊ ရုံး စသည့်နေရာသီးသန့်ဖြင့် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မြေပြင်တွင် ပြုလုပ်ပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ခွင့်ပြုချက်ရယူပြီး လူသုံးဆယ်ထက်မပိုဘဲ ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့်ဗဟိုကော်မတီ ကိုတင်ပြ၍ စီစဉ်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သည့် အတွက် သေသေချာချာ စနစ်တကျစီမံကာ ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ နွေရာသီ သင်တန်းတက်မည့် ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများအတွက် ပူပြင်းသော ရာသီဥတုတွင် လိုအပ်သော သောက်ရေသုံးရေ စသည့် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ထည့်သွင်းစဉ်းစားရန် လိုပါကြောင်း၊ Grade- 5, Grade- 8, Grade-11 သင်ရိုးညွှန်းတမ်း စာအုပ်သစ်များ ဆောင်ရွက်ပေးမှုကို အင်မတန်အားရပါကြောင်း၊ ပြုစု‌ဆောင်ရွက်ပေးကြသူများ၊ ပူးပေါင်းဆောင်ရွက်ပေးကြသူများနှင့် သက်ဆိုင်ရာတာဝန် ရှိသူများ အားလုံးကို ကျေးဇူးတင်ပါကြောင်း၊ အရည်အသွေး ရှိသော ကျောင်းသုံးဖတ်စာအုပ်များဖြစ်အောင်၊ အရည် အသွေးရှိသော သင်ကြားသင်ယူမှုများဖြစ်အောင်၊ အရည် အသွေးရှိသော သင်ကြားသင်ယူမှု သင်ထောက်ကူပစ္စည်း များ အသုံးပြုနိုင်အောင် စီစဉ်ဆောင်ရွက်ပေးကြသော အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များကိုလည်း ကျေးဇူးတင်ပါကြောင်း၊ JICA, ADB, EU စသော ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ အဖွဲ့များအားလုံး ကို ကျေးဇူးတင်ပါကြောင်း၊ ကိုဗစ်ကာလနှင့် လိုက်လျော ညီထွေစွာ ဆောင်ရွက်ရသည့်အတွက် အားလုံးတွင် လိုအပ် ချက်အခက်အခဲများ ရှိနိုင်ပါကြောင်း၊ အခက်အခဲစသည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အတူ တကွဆက်လက်၍ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

ထို့နောက် သင်ရိုးသစ် Grade- 5, Grade- 8 နှင့် Grade-11 ကျောင်းသုံးစာအုပ်နှင့် ဆရာလမ်းညွှန်များ ပြုစုခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးကြပြီး အစည်းအဝေး အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။

သတင်းစဉ်