သတ္တမအကြိမ် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီအစည်းအဝေး ကျင်းပ

 

နေပြည်တော် နိုဝင်ဘာ ၂၄


သတ္တမအကြိမ် မြန်မာ- အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲက စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် နှင့် အိန္ဒိယနိုင်ငံ Ministry of Commerce and Industry, Railways, Consumer Affairs, Food and Public Distribution ဝန်ကြီး Mr. Piyush Goyal တို့က ပူးတွဲ ဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ယခုကဲ့သို့ မြန်မာ- အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်ရေး ပူးတွဲ ကော်မတီအစည်းအဝေး ကျင်းပခြင်းအားဖြင့် မိမိတို့ နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးမွေးမြူ ရေး၊ အထည်အလိပ်၊ ပို့ဆောင်ဆက်သွယ်ရေး၊ဘဏ်လုပ်ငန်း စသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် ဖြင့် ပိုမိုတိုးတက်လာလိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါ ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်- ၁၉ ကမ္ဘာ့ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် စီးပွားရေးအကျပ် အတည်းများ ကြုံတွေ့လျက်ရှိရာ မိမိတို့နှစ်နိုင်ငံအကြား ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အခက်အခဲ များကို အတူလက်တွဲ၍ ရင်ဆိုင်ကျော်လွှားသွားနိုင်မည် ဟု ယုံကြည်ပါကြောင်း၊ ယနေ့အစည်းအဝေး၏ ရလဒ်များ သည် နှစ်နိုင်ငံကုန်သွယ်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွား ရန်နှင့် ဖြစ်နိုင်ခြေရှိသော ပူးပေါင်းဆောင်ရွက်မှု နယ်ပယ် များကို ရှာဖွေရန်အတွက် ခိုင်မာသောအုတ်မြစ်ဖြစ်လိမ့် မည်ဟုယုံကြည်ပါကြောင်း၊ မိမိတို့အနေဖြင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေရန်အတွက် ကုန်သွယ်ရေးနှင့် အခြား ကဏ္ဍများတွင် အိန္ဒိယနိုင်ငံနှင့် နီးကပ်စွာ အပြုသဘော ဆောင်၍ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး Mr. Piyush Goyal က နှစ်နိုင်ငံ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး အရှိန်အဟုန် မြှင့်တင်ရန်အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ ကုန်သွယ်မှုတိုးတက်စေရေးအတွက် MYANTRADE နှင့် India Trade Promotion Organization (ITPO) တို့ အကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ကဏ္ဍ ပေါင်းစုံ၌ ရင်းနှီးမြှုပ်နှံလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း/တံတားစီမံကိန်းများကို ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အိမ်နီးချင်းကောင်း ပီသစွာဖြင့် နည်းပညာဆိုင်ရာ အကူအညီအထောက်အပံ့များ ကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ကုန်သွယ် မှု၊ ရင်းနှီးမြှုပ်နှံမှုများတွင်သာမက အခြားကဏ္ဍများတွင် လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားခြင်းအားဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုများ တိုးတက်လာမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်ဦးမင်းမင်းက ယခု အစည်းအဝေးမတိုင်မီ အောက်တိုဘာ ၁၆ ရက်တွင် ကျင်းပ ခဲ့သည့် နှစ်နိုင်ငံ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး တွင် နှစ်ဖက်ညှိနှိုင်းဆွေးနွေးခဲ့သော ကိစ္စရပ်များဖြစ်သည့် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ တိုးတက်စေရေးအတွက် ပဲမျိုးစုံအပါအဝင် မြန်မာပို့ကုန်များ အိန္ဒိယဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရေးနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် လျှပ်စစ်နှင့် စွမ်းအင် ကဏ္ဍအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဆောင်ရွက် နိုင်ရေး၊ ကုန်စည်ပြပွဲများ၊ စီးပွားရေး တွေ့ဆုံဆွေးနွေးပွဲ များ ကျင်းပခြင်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်နိုင်ရေး၊ မြန်မာနှင့် အိန္ဒိယနိုင်ငံတို့အကြား နယ်နိမိတ်ကိစ္စရပ်များ ရှင်းလင်းပြီးသည့်နေရာများတွင် နယ်စပ်ဈေးများ ဖွင့်လှစ် သွားနိုင်ရေး၊ မြန်မာ့အထည်အလိပ်ကဏ္ဍဈေးကွက် ပိုမို တိုးချဲ့နိုင်ရေးအတွက် အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် အိန္ဒိယနိုင်ငံမှ နည်းပညာအကူအညီများ ထောက်ပံ့ပေးနိုင်ရေး၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေရေး အတွက် ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်ရှိ လမ်း/ တံတားစီမံကိန်းများအား အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် အဆင့်မြှင့်တင်နိုင်ရေး၊ နှစ်နိုင်ငံဘဏ်များအကြား ပိုမို နီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး၊ အိန္ဒိယနိုင်ငံအနေဖြင့် ASEAN India Trade in Goods Agreement အား Review ပြုလုပ်နိုင်ရေးအပါအဝင် နှစ်နိုင်ငံအကြား ကုန်သွယ်မှု တိုးတက်စေရန်အတွက် အလားအလာရှိသည့် နယ်ပယ်များ တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များပေါ် ဆွေးနွေးညှိနှိုင်းရရှိမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နှစ်နိုင်ငံဝန်ကြီးများက အဆင့်မြင့်အရာရှိ ကြီးများအစည်းအဝေး ဆွေးနွေးချက်ပါ ရှင်းလင်းတင်ပြ ချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြ ပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သည့်အားလျော်စွာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် ကဏ္ဍစုံ၌ အပြန်အလှန် အကျိုး ဖြစ်ထွန်းစေမည့်ကိစ္စရပ်များတွင် ယခုထက် ပိုမိုပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားသည်။
အဋ္ဌမအကြိမ် မြန်မာ- အိန္ဒိယ ကုန်သွယ်ရေးပူးတွဲ ကော်မတီအစည်းအဝေးကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် လာမည့်နှစ်အတွင်း နှစ်ဖက်အဆင်ပြေသည့်အချိန်၌ ကျင်းပသွားရန် ညှိနှိုင်းခဲ့ကြသည်။
အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Saurabh Kumar နှင့် နှစ်နိုင်ငံ သက်ဆိုင်ရာဝန်ကြီးဌာနများမှကိုယ်စားလှယ်များက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။ သတင်းစဉ်