
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်
ကမ္ဘောဒီးယားဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN
တို့၏ Videoconferencing နည်းဖြင့် တွေ့ဆုံဆွေးနွေးပွဲရလဒ်များအား ကမ္ဘောဒီးယားဘုရင့်နိုင်ငံတော်၊
နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်ထုတ်ပြန်
နေပြည်တော် ဇန်နဝါရီ ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN နှင့် ဇန်နဝါရီ ၂၆ ရက် မွန်းလွဲပိုင်းတွင် Videoconferencing နည်းဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ၏ ရလဒ်များနှင့် ပတ်သက်၍ ကမ္ဘော ဒီးယား ဘုရင့်နိုင်ငံတော်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တစ်ရပ် ကို ထုတ်ပြန်ခဲ့ပြီး အပြည့်အစုံမှာ-
ကမ္ဘောဒီးယားဘုရင့်နိုင်ငံတော်
နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန
သတင်းထုတ်ပြန်ချက်
ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei
Techo HUN SEN နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်
စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် Videoconference နည်းဖြင့် ပြုလုပ်သော ဆွေးနွေးပွဲရလဒ်များ
ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်တို့တွင် သွားရောက်ခဲ့သော မြန်မာနိုင်ငံခရီးစဉ်၏ နောက် ဆက်တွဲအနေဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် Videoconference နည်းဖြင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။
Samdech Techo HUN SEN နှင့်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့သည် ဝန်ကြီးချုပ်၏ မကြာသေးမီကသွားရောက်ခဲ့သော မြန်မာ နိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ အာဆီယံအတွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် အာဆီယံပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များအပေါ် အခြေခံသည့် ဘုံသဘောတူညီချက်ငါးရပ်ကို မည်ကဲ့သို့တိုးတက် အကောင်အထည်ဖော်သွားမည်ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ကြပါသည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်း အခြေအနေတိုးတက်စေရေး အတွက် နောက်ထပ်ဆောင်ရွက်ရန် လိုအပ်ချက်များရှိကြောင်း အမြင်ချင်းဖလှယ်ကြပါသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူမှုအပေါ် အပြည့်အဝထောက်ခံသည့် အတွက်လည်း ဝန်ကြီးချုပ် Samdech Techo HUN SEN က ကျေးဇူးတင်ကြောင်း ပြောပါသည်။ အာဆီယံဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေသည့် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း ဆက်တိုက်ဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက်မှုများနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ကြောင်း Samdech Techo HUN SEN က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ပြောကြားပြီး အောက်ပါအချက် လေးချက်ကို တောင်းဆိုခဲ့ပါသည်-
၁။ ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်တွင်ပြုလုပ်သော အာဆီယံခေါင်းဆောင် များ အစည်းအဝေး၌ သဘောတူခဲ့သည့် ဘုံသဘောတူညီချက် ငါးရပ်သည် မြန်မာနိုင်ငံအတွင်း ပုံမှန်အခြေအနေဖြစ်ပေါ်စေရေး အတွက် အာဆီယံ၏ ဖြေရှင်းမှုဖြစ်ပါသည်။ ထို့ကြောင့် ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရေးအတွက် အမြဲမပြတ် ပူးပေါင်းဆောင်ရွက်မှုများကို ဦးစားပေးကိစ္စတစ်ရပ် အဖြစ် ထားရှိသင့်ပါသည်။
၂။ မြန်မာနိုင်ငံသို့ လာရောက်မည့် အာဆီယံဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ်ခရီးစဉ် အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက တတ်နိုင်သမျှ အကောင်းဆုံး ဆောင်ရွက်ပေးရေး တောင်းဆိုပါသည်။
၃။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအပါအဝင် မြန်မာနိုင်ငံ အတွင်းရှိ အဖွဲ့အစည်းအားလုံးသည် ဖြစ်ပေါ်နေသောပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တစ်ခုပေါ်ပေါက်လာစေရေးအတွက် အပစ်အခတ်ရပ်စဲရေး ရရှိစေရန် သည်းခံချုပ်ထိန်းမှု၊ ဆူပူအကြမ်းဖက်နေခြင်းများ ရပ်စဲမှုနှင့် ကြိုးပမ်း အားထုတ်မှုတို့ကို အစွမ်းကုန်ကျင့်သုံးလုပ်ဆောင်သွားသင့်ပါသည်။
၄။ မြန်မာနိုင်ငံအတွင်းရှိ ကူညီထောက်ပံ့မှုများ အများဆုံး လိုအပ်နေသူများ အားလုံးထံ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများရောက်ရှိစေရေးအတွက် အာဆီယံ၏ ကြိုးပမ်း ချက်များကို ကူညီသည့်အနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက် ပေးရန် တောင်းဆိုပါသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌအဖြစ် တစ်နှစ်တာ ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံက ကမ္ဘော ဒီးယားနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ကတိပြုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ကြီးချုပ် Samdech Techo HUN SEN အား ထပ်လောင်းအတည်ပြုပါသည်။ ထို့နောက် ဝန်ကြီး ချုပ် Samdech Techo HUN SEN နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့သည် အကျိုးတူကိစ္စရပ်များနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားရန် သဘောတူကြ ပါသည်။
ဖနွမ်းပင်၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်