
နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပြင်သစ် ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့၊ ပြင်သစ်သံရုံး၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတို့၏ တာဝန်မဲ့ ပြောဆိုချက်၊ ထုတ်ပြန်ချက်များအပေါ် ပြင်းထန်စွာကန့်ကွက်
နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဖြိုးဇေယျာသော်နှင့် ကျော်မင်းယုတို့အပါအဝင် အကြမ်းဖက်သမား လေးဦးအား ပြစ်ဒဏ်ချမှတ်ခဲ့မှုနှင့်ပတ်သက်၍ ပြင်သစ် ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့၊ ပြင်သစ်သံရုံးတို့၏ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ ရက်က ထုတ်ပြန်ချက်၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောရေး ဆိုခွင့်ရှိသူ၏ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃ ရက်က ထုတ်ပြန်ချက်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ၏ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်က ထုတ်ပြန်ချက်များကို ရည်ညွှန်းဖော်ပြအပ်သည်။
မြန်မာနိုင်ငံသည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ လက်ရှိအစိုးရအနေဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှ အပ်နှင်းထားသည့် အခွင့်အာဏာများကို အပြည့်အဝ ကျင့်သုံးပိုင်ခွင့်ရှိသည်။ နိုင်ငံသားတိုင်းသည် တရားဥပဒေနှင့်အညီ တန်းတူအခွင့်အရေးနှင့် အခြေခံလူ့အခွင့်အရေးဆိုင်ရာ အကာအကွယ်ပေးမှုများ ရရှိနိုင်မည်ဖြစ်သကဲ့သို့ တရားဥပဒေအရ စီရင်ဆုံးဖြတ်မှုကိုလည်း လက်ခံကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် လွတ်လပ်မှုရှိသကဲ့သို့ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်သူ အားလုံးအပေါ် သာတူညီမျှရှိသည့် ဥပဒေများကို ကျင့်သုံးဆောင်ရွက်လျက်ရှိသည်ကိုလည်း ထပ်လောင်းအတည်ပြုသည်။ ဖြိုးဇေယျာသော်နှင့် ကျော်မင်းယုတို့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉ (က)၊ ၅၀ (ဈ)နှင့် ၅၀ (ည) တို့အရ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရသဖြင့် သေဒဏ် အမိန့်ချမှတ်ခံရခြင်းဖြစ်သည်။ ၎င်းတို့သည် အပြစ်မဲ့ပြည်သူများအား အကြောက်တရားကြီးစိုးစေရန်နှင့် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေသည့် အကြမ်းဖက်မှုများ ကျူးလွန်ရာတွင် အဓိကကြိုးကိုင်စီစဉ်သူ များအဖြစ် ပြစ်မှုထင်ရှားသဖြင့် အမိန့်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ပြင်သစ် ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့၊ ပြင်သစ်သံရုံး၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောရေးဆိုခွင့်ရှိသူရုံးနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့၏ တာဝန်မဲ့ ထုတ်ပြန်ပြောကြားချက်များသည် အကြမ်းဖက်မှုများကို အားပေးအားမြှောက်ပြုရာရောက်ပြီး အပြစ်မဲ့ ပြည်သူအများအပြား သေကျေဒဏ်ရာရစေပြီး အစိုးရနှင့်ပုဂ္ဂလိကပိုင်အဆောက်အဦနှင့် ပစ္စည်းများကို ပျက်စီးစေသည့် မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့များဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တို့၏ ဆက်လက်ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်တိုက်ခိုက် မှုများကို လျစ်လျူရှုခြင်းဖြစ်သည်။
ထို့ပြင် ပြင်သစ် ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြင်သစ်သံရုံးတို့၏ ထုတ်ပြန်ချက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား မြန်မာအစိုးရအနေဖြင့် လက်ခံနိုင်ခြင်းမရှိသည့် အသုံးအနှုန်း ဖြစ်သည့် “တရားမဝင်စစ်အစိုးရ” ဟု သုံးနှုန်းရေးသားထားမှုအပေါ် ပြင်းထန်စွာကန့်ကွက်သည်။ သံတမန်ဆက်ဆံရေးနှင့်စပ်လျဉ်းသည့် ဗီယင်နာကွန်ဗင်းရှင်း အပိုဒ် ၃ အရ သံတမန်များသည် စေလွှတ် သည့်နိုင်ငံနှင့် လက်ခံသည့်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးတိုးမြှင့်နိုင်ရန် ဆောင်ရွက် ရမည်ဖြစ်ပြီး၊ ယင်းကွန်ဗင်းရှင်း၏ အပိုဒ် ၄၁ တွင် သံတမန်များသည် လက်ခံသည့်နိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေများကို လေးစားရန်နှင့် လက်ခံသည့်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် ဖော်ပြထားသည်။
ပြင်သစ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်လေးစားမှုကို တိုးမြှင့်ရမည့်အစား လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကိုအကြောင်းပြ၍ အထက်ဖော်ပြပါ လက်ခံနိုင်ခြင်းမရှိသည့် အသုံးအနှုန်း မျိုးပါဝင်ပြီး မြန်မာနိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်၍ သံတမန်ဆက်ဆံရေးနှင့်စပ်လျဉ်းသည့် ဗီယင်နာကွန်ဗင်းရှင်းကို ပြောင်တင်းစွာချိုးဖောက်သည့် ပြင်းထန်သောထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ သည်။ အဆိုပါ ထုတ်ပြန်ချက်သည် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုအပေါ် မကောင်းသည့် အကျိုးဆက်များကိုသာ သက်ရောက်စေလိမ့်မည်ဖြစ်သည်။ နိုင်ငံအချို့သည် ကုလသမဂ္ဂပဋိညာဉ် စာတမ်း အပိုဒ် ၂ တွင် ရှင်းလင်းစွာဖော်ပြထားသည့် နိုင်ငံများ၏ အချုပ်အခြာအာဏာ တန်းတူညီမျှမှု စည်းမျဉ်းကို လိုက်နာရန် ပျက်ကွက်လျက်ရှိသည်ကို စိတ်မကောင်းဖွယ် မြင်တွေ့ရသည်။
ဗဟိုအဆင့်မှ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အထိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် များသည် တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် တပ်မတော်မှ တာဝန်ရှိသူများဖြင့် ပါဝင်ဖွဲ့စည်းသည်ကို ကြည့်ခြင်းအားဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တရားဝင်ဖြစ်မှုမှာ မေးခွန်းထုတ်ဖွယ်ရာ မရှိသည်ကို ဖော်ပြအပ်သည်။ အဆိုပါအချက်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်အစိုးရ မဟုတ်သည်ကို ရှင်းလင်းစွာပြသလျက်ရှိသည်။ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှုများ တိုးတက်လာစေရေးအတွက် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များ၊ နိုင်ငံတကာအသိအမှတ်ပြု သံတမန်ဆက်ဆံရေးနှင့်စပ်လျဉ်းသည့် ကွန်ဗင်းရှင်းများကို လေးစားလိုက်နာ ရန်နှင့် မြန်မာနိုင်ငံအား အချုပ်အခြာအာဏာပိုင် အစိုးရတိုင်းအပေါ် ကျင့်သုံးသည့် ဓလေ့နှင့်အညီ ဆက်ဆံရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တောင်းဆိုသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပြင်သစ် ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့၊ ပြင်သစ် သံရုံး၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတို့၏ တာဝန်မဲ့ ပြောဆိုချက်၊ ထုတ်ပြန်ချက်များအပေါ် ပြင်းထန်စွာကန့်ကွက်ပယ်ချပြီး ကန့်ကွက်စာများကို သံတမန်လမ်းကြောင်းမှတစ်ဆင့် ပေးပို့ခဲ့ပြီးဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်