
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာ၏ ပြောကြားချက်များအပေါ်
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာကန့်ကွက်
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၈-၈-၂၀၂၂ ရက်နေ့က ကျင်းပခဲ့သည့် အာဆီယံနေ့အခမ်းအနားနှင့် ၁၀-၈-၂၀၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲ တွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာ၏ ပြောကြား ချက်များအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ပါသည်။
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေသည့် မတရားအသင်းအဖွဲ့များနှင့် ထိတွေ့ဆက်ဆံရန် အာဆီယံအဖွဲ့ဝင် များအား တိုက်တွန်းသည့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ တာဝန်မဲ့ ပြောကြားချက်များအပေါ် ပြင်းထန်စွာကန့်ကွက်ပါသည်။ ယင်းကဲ့သို့ မဆင်မခြင်ပြောကြားချက်များသည် နိုင်ငံတွင်းမငြိမ်မသက်မှုနှင့် အကြမ်းဖက်လုပ်ရပ်များကို အားပေးရာရောက်သည့်အတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်ပြီး ယင်းပြောကြားချက်များသည် အာဆီယံ ပဋိညာဉ်စာတမ်း အပိုဒ်(၂) အပိုဒ်ခွဲ (င)နှင့်(စ)ကိုလည်းကောင်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ၏ အပိုဒ်(၂) အပိုဒ်ခွဲ(၇)ကိုလည်းကောင်း ချိုးဖောက်ရာရောက်ပါသည်။
တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်သည့်လုပ်ငန်းစဉ်တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများမဟုတ်သည့်နိုင်ငံများကို ပါဝင်လာစေရန် ပြောဆိုချက်များသည် အာဆီယံ၏ အချက်အချာကျမှုကို လျော့ပါး စေပြီး အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်၏ လုပ်ဆောင်ချက် များကိုလည်း လမ်းကြောင်းလွဲမှားစေမည်ဖြစ်သည်။
အာဆီယံက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်သည့် လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံက ပူးပေါင်းပါဝင်ခြင်း မရှိကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ စွပ်စွဲပြောဆိုမှုသည် မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးဆိုင်ရာ အာဆီယံညှိနှိုင်းရေးဗဟိုဌာန (AHA စင်တာ) မှတစ်ဆင့် လူသားချင်း စာနာမှု အကူအညီများပေးအပ်ရာတွင် သိသာထင်ရှားသည့် တိုးတက် မှုများကို လျစ်လျူရှုရာရောက်ပြီး မြန်မာနိုင်ငံအစိုးရ၏ AHA စင်တာနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကြိုးပမ်းဆောင်ရွက်ချက် များကို အသိအမှတ်ပြုခြင်းမရှိသည့်အတွက် ပြင်းထန်စွာ ကန့်ကွက် ပါသည်။
မြန်မာနိုင်ငံ၌ ငြိမ်းချမ်းတည်ငြိမ်မှုကို အမှန်တကယ်တွေ့မြင် လိုသည့်ဆန္ဒရှိသည့် မည်သည့်အာဆီယံအဖွဲ့ဝင်နိုင်ငံမဆို မြန်မာနိုင်ငံ ၌ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆိုးရွားစွာထိခိုက်စေမည့် ယခုကဲ့သို့ ပြောကြားချက်မျိုးကို ရှောင်ရှားသင့်ပါသည်။ သို့ပါ၍ မလေးရှားနိုင်ငံခြားရေးဝန်ကြီးမှ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် တာဝန်မဲ့ပြောကြားချက် များကို ထပ်ခါထပ်ခါ ပြောကြားနေမှုများအပေါ် နိုင်ငံခြားရေးဝန်ကြီး ဌာနအနေဖြင့် ပြင်းထန်စွာကန့်ကွက်ပါသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံက ပြင်းထန်စွာကန့်ကွက်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနသို့လည်း ကန့်ကွက်စာပေးပို့ခဲ့ကြောင်း ဖော်ပြအပ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်