သတင်းထုတ်ပြန်ချက်

 

မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်
 

 

မြန်မာနိုင်ငံအပေါ်  ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး၌  ၁၉၄၈ ခုနှစ် လူမျိုးတုံးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက် ဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင်  တရားစွဲဆိုခဲ့ခြင်းနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံးက မြန်မာနိုင်ငံက တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်လွှာကို ပယ်ချကြောင်း ဆုံးဖြတ်ချက်ကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အနေဖြင့် မှတ်သားထားရှိသည်။ 

 


ဂမ်ဘီယာနိုင်ငံက  အပြည်ပြည်ဆိုင်ရာတရားရုံးသို့  တင်ပြထားသည့်အမှုကိစ္စနှင့်  ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံးက စီရင်ခွင့်မရှိကြောင်း၊ ဂမ်ဘီယာနိုင်ငံသည် တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း ကနဦးကန့်ကွက်လွှာ (Preliminary objections) အချက် ၄ ချက်အား မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ တင်သွင်းခဲ့သည်။ အဆိုပါ ကနဦး ကန့်ကွက်လွှာ ၄ ချက်တွင် - 


-    ပထမကန့်ကွက်လွှာအနေဖြင့် ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (The Organization of Islamic Cooperation – the OIC) အတွက် အမည်ခံ၍ ဤအမှုကိစ္စကို     တရားစွဲဆိုတင်သွင်းခဲ့ခြင်း ဖြစ်သဖြင့် အမှုအသွားအလာအားလုံး၏ အမှန်စင်စစ် တရားစွဲဆိုသည့် တရားလိုသည်  နိုင်ငံတကာအဖွဲ့အစည်းဖြစ်သော  အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖြစ်ကြောင်း၊ 
-    ဒုတိယကန့်ကွက်လွှာအနေဖြင့် ဂမ်ဘီယာနိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ် လူမျိုးတုံးစေမှုကို တားဆီး ရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်၏ အပိုဒ် ၉ အရ နစ်နာသည့်နိုင်ငံ မဟုတ် သည့်အတွက် အမှုကို တရားစွဲဆိုနိုင်သည့် အနေအထားမရှိကြောင်း၊ 
-    တတိယကန့်ကွက်လွှာအနေဖြင့်  မြန်မာနိုင်ငံက  စာချုပ်၏   အပိုဒ် ၈ ကို  ခြွင်းချက်ပြုထားခြင်း ကြောင့် ဂမ်ဘီယာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုခြင်း မပြုနိုင် ကြောင်း၊ 
-    စတုတ္ထကန့်ကွက်လွှာအနေဖြင့်  မြန်မာနိုင်ငံနှင့် ဂမ်ဘီယာနိုင်ငံ  နှစ်နိုင်ငံကြားတွင် အငြင်းပွားမှု တစ်စုံတစ်ရာ မရှိသည့်အတွက် ၎င်း၏လျှောက်ထားချက်ကို အပြည်ပြည်ဆိုင်ရာတရားရုံးအနေဖြင့် လက်မခံသင့်ကြောင်း စသည်တို့ကို တင်ပြခဲ့သည်။ 

 


မြန်မာနိုင်ငံ၏ ကနဦးကန့်ကွက်လွှာနှင့် ပတ်သက်သည့် ကြားနာမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ၏ ကိုယ်စားလှယ် (Agent) ဖြစ်သော အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် အလှည့်ကျ ကိုယ်စားလှယ် (Alternate Agent) ဖြစ်သော  ဥပဒေ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်  ဒေါက်တာသီတာဦးတို့ ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များက နိုင်ငံတကာရှေ့နေများနှင့်အတူ တက်ရောက်ချေပ လျှောက်လဲ ခဲ့သည်။ 

 


မြန်မာနိုင်ငံ၏ ကနဦးကန့်ကွက်လွှာသည် ဥပဒေကြောင်းအရလည်းကောင်း၊ အချက်အလက်ကြောင်း အရလည်းကောင်း ပြည့်စုံခိုင်လုံမှုရှိသည်ဟု ယုံကြည်သည်။ အပြည်ပြည်ဆိုင်ရာတရားရုံး၏ တရားသူကြီး တစ်ဦးဖြစ်သူ Judge Xue Hanqin က  အပြည်ပြည်ဆိုင်ရာတရားရုံးက တရားစီရင်ခွင့်ရှိကြောင်းနှင့် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခွင့်ရှိကြောင်း ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေးခဲ့ပြီး ကွဲလွဲသည့် သုံးသပ် ဆုံးဖြတ်ချက်ကို တင်သွင်းခဲ့သည်ကိုလည်း မြန်မာနိုင်ငံအနေဖြင့် မှတ်သားမိသည်။

 

မြန်မာနိုင်ငံအနေဖြင့် မိမိတင်သွင်းခဲ့သည့် ကနဦး ကန့်ကွက်ချက်များကို အပြည်ပြည်ဆိုင်ရာတရားရုံးက ပယ်ချခဲ့သည်ကို စိတ်ပျက်မိသည်။ ထို့အတူ တရားရုံးအနေဖြင့် အဆိုပါကိစ္စရပ်အပေါ် အဆုံးအဖြတ်ပေးခဲ့ပြီးဖြစ်သည်ကို မြန်မာနိုင်ငံအနေဖြင့် မှတ်သားထားရှိသည်။ ထိုဆုံးဖြတ်ချက်သည် အပြည်ပြည်ဆိုင်ရာဥပဒေ၏ အရင်း အမြစ်ဖြစ်သွားမည်ဖြစ်သကဲ့သို့   နောင်လာမည့်အမှုများအတွက်  သာဓကအမှုဖြစ်သွားမည်ကိုလည်း မြန်မာနိုင်ငံအနေဖြင့် သတိပြုမိသည်။

 


မြန်မာနိုင်ငံအနေဖြင့် စာချုပ်ကို လက်ခံအတည်ပြုစဉ်က ကြေညာခဲ့သည့် ရပ်တည်ချက်ကို ထပ်လောင်း အတည်ပြုပြီး၊ စာချုပ်တွင်ပါရှိသော ကတိကဝတ်များကို မည်သည့်အခါမျှ ဖောက်ဖျက်ကျူးလွန်ခြင်းမရှိဘဲ လေးစားလိုက်နာလျက်ရှိသည်။ တစ်ချိန်တည်းတွင် မိမိနိုင်ငံ၏  အချုပ်အခြာအာဏာနှင့် အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် အစွမ်းကုန်ကြိုးပမ်းလျက် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက် သည်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်