
ရန်ကုန် ဇန်နဝါရီ ၄
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဝန်ထမ်းဟောင်းများ အသင်း၏ သတ္တမအကြိမ် အာစရိယပူဇော်ပွဲ နှင့် အသက် (၈၀) နှစ်အထက် အသင်းဝင်များ ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ သိမ်ဖြူ လမ်းရှိ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဝန်ထမ်းဟောင်းများအသင်း ဥက္ကဋ္ဌ ဦးမြင့်ဆွေ ကြေမုံသတင်းစာတိုက် စာတည်းမှူးချုပ်(ငြိမ်း)က အမှာ စကားပြောကြားသည်။
ထို့နောက် အသင်းအတွင်းရေးမှူး ဦးထွန်းလင်းအောင် မြန်မာ့သတင်းစဉ်-စာတည်းမှူး (ငြိမ်း)က အသင်း၏ အခြေအနေများကို တင်ပြပြီး ကန်တော့ခံ ပုဂ္ဂိုလ်များမှ ဦးလှကြင်၊ ဦးမြင့်ထွန်း နှင့် ဦးလှိုင်ဝင်းတို့က မုဒိတာစကားများ ပြောကြားကြသည်။
သတ္တမအကြိမ် အာစရိယ ပူဇော်ပွဲနှင့် အသက် (၈၀) နှစ် အထက် အသင်းဝင်များ ပူဇော် ကန်တော့ပွဲတွင် ကန်တော့ခံ ပုဂ္ဂိုလ် ၁၃ ဦးအား တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် လည်း ကောင်း၊ အသက်(၈၀)နှစ်အထက် အသင်းဝင် ၃၁ ဦးအား တစ်ဦးလျှင် ငွေကျပ် ခုနစ်သောင်းခွဲနှုန်းဖြင့် လည်းကောင်း ကန်တော့ခဲ့ပြီး ပူဇော်ကန်တော့ပွဲသို့ ကျန်းမာရေး အရ မတက်ရောက်နိုင်သည့် ကန်တော့ခံပုဂ္ဂိုလ်နှင့် အသက် (၈၀) နှစ်အထက် အသင်းဝင်များ အား အိမ်တိုင်ရာရောက်ကန်တော့ခံ ပစ္စည်းနှင့် လှူဒါန်းငွေများ ပူဇော် ကန်တော့ခဲ့သည်။
အဆိုပါ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း ဝန်ထမ်းဟောင်းများ အသင်းကို ၂၀၁၅ ခုနှစ်မှ စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး သတင်း နှင့် စာနယ်ဇင်းလုပ်ငန်းမှ အငြိမ်း စားယူခဲ့ကြသူများ၊ ဝန်ထမ်း ဟောင်းကြီးများနှင့် မိသားစု ပင်စင် ခံစားနေကြရသူများ၏ ကျန်းမာရေးနှင့် လူမှုရေးကိစ္စများ တွင် လုပ်ဖော်ကိုင်ဖက်များအနေ ဖြင့် စုပေါင်းပါဝင်ကူညီနိုင်ရေး အတွက် အဓိက ရည်ရွယ်လုပ် ဆောင်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်