
ရန်ကုန် စက်တင်ဘာ ၂၄
ကိုဗစ်-၁၉ ရောဂါသည် ကုသရန် ဆေးမရှိသေးဘဲ ကာကွယ်ဆေး သည်သာ အဓိကဖြစ်သောကြောင့် နိုင်ငံတော်က ဦးစားပေးအုပ်စု များ သတ်မှတ်၍ ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဗိုလ်တထောင်မြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း ၌ သတင်းမီဒီယာသမား ၅၇ ဦး အား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးသည်။
“တဖြည်းဖြည်းနဲ့ ဒီရောဂါကာကွယ်ဆေးဟာ အသက်အန္တရာယ်ကို ကယ်နိုင်လာတယ်ဆိုတာ သိလာကြတယ်။ မဖြစ်ခင် ကြိုတင်ကာကွယ် တာဟာ အဓိကဖြစ်တယ်လို့ သိလာတဲ့အချိန်မှာ ကာကွယ်ဆေးထိုး ချင်တဲ့ဆန္ဒတွေ ဖြစ်လာကြတယ်။ ဒါကြောင့် ဆေးထိုးတဲ့လူများလာ တယ်။
အုပ်စုလေးစုခွဲကာ ထိုးနှံပေးနေကာ တစ်ရက်ကို လူဦးရေ ၇၀၀ ကနေ ၁၀၀၀ အထိ ထိုးနှံရပါတယ်။ ဒီနေ့ သတင်းမီဒီယာသမား ၅၇ ဦးကို ကာကွယ်ဆေးထိုးနှံပေးတာဖြစ်ပါတယ်”ဟု ဗိုလ်တထောင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဟေမာဇော်က ပြောသည်။
အသက် ၆၅ နှစ်အထက် သက်ကြီးများကို ထိုးနှံပေးပြီးနောက် ယခုအခါ ၅၅ နှစ်အထက် ပြည်သူ များ၊ မသန်စွမ်းများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများကို ထပ်မံ၍ ဦးစားပေးထိုးနှံ ပေးလျက်ရှိသည်။
ယခုအခါ လူငယ်များလည်း ရောဂါ ကာကွယ်ဆေးကို ထိုးနှံလိုကြ ပြီး ကျန်းမာရေးဦးစီးဌာနအနေဖြင့် ရရှိသောဆေးပေါ်မူတည်၍ ထိုးနှံ ပေးလျက်ရှိရာ ယနေ့ ရောဂါ ကာကွယ်ဆေးထိုးနှံမှုတွင် လူဦးရေ ၅၀၀ ထိုးနှံပေးရန်လျာထားသော်လည်း ဆေးထိုးနှံလိုသော လူဦးရေအရ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ အခုလို သတင်းမီဒီယာသမားတွေ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခွင့်ရတဲ့အပေါ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနဲ့ အားလုံးသော တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့နဲ့တွေ့ဆုံတဲ့အခါမှာ ပြည်ထောင်စုဝန်ကြီးက ဘာများ ကူညီရမလဲလို့မေးပါတယ်။ ကျွန်တော်တို့က ကိုဗစ်ကာလမှာ အလုပ် တိုက်တွေပိတ်ထားပေမယ့် သတင်းမီဒီယာသမားတွေနဲ့ ပုံနှိပ်စက် အလုပ်သမားတွေ အလုပ်တွေလုပ်နေရတာမို့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးစေလိုတယ်လို့ အကူအညီတောင်းခဲ့ပါတယ်။ ပြည်ထောင်စု ဝန်ကြီးက ဆောင်ရွက်ပေးပါ့မယ်လို့ ပြောခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန နဲ့ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပေးခဲ့ပြီး ယနေ့မှာ သတင်းမီဒီယာသမား တွေ ကာကွယ်ဆေး ထိုးနှံနိုင်ခဲ့ပါပြီ။ ဒီနေ့ဆေးထိုးနှံတာ ကော်လံစားနဲ့ အလွတ်သတင်းထောက်တွေများပါတယ်။ ခက်ခဲနေတဲ့ကြားထဲက ပြည်သူတွေနဲ့ သတင်းမီဒီယာသမားတွေကို ကာကွယ်ဆေးထိုးနှံပေးခဲ့တဲ့ အပေါ် နိုင်ငံတော်ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ အားလုံး ကာကွယ်ဆေးထိုးနှံဖို့လည်း တိုက်တွန်းလိုပါတယ်”ဟု မဂ္ဂဇင်း အယ်ဒီတာချုပ်တစ်ဦးဖြစ်သူ ဦးမောင်မောင်မြင့်အေးက ပြောသည်။
ဗိုလ်တထောင်မြို့နယ်၌ ဩဂုတ်လမှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ပြည်သူ ၁၉၇၀ နှင့် အလုပ်သမား ၅၀၀၀ ကျော်ကို ထိုးနှံပေး ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ထို့ပြင် စက်တင်ဘာလ ၌ ပြည်သူ ၁၉၀၀ ကျော်ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိကာ စည်ပင်သာယာဝန်ထမ်း ၇၉၀၀ ကျော်တွင် ၂၅၀၀ ကျော် ထိုးနှံပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသောသတင်းမီဒီယာသမားများ ကိုလည်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ-ကနူး