သတိထားဆင်ခြင်ဖွယ် အပူလှိုင်းအန္တရာယ်

 

ကျော်ထက်

 

ချစ်ချစ်တောက်ပူတဲ့   အပူချိန်ကြောင့် လူသေဆုံးမှုတွေဖြစ်ပေါ်စေခဲ့တဲ့  အပူလှိုင်းဖြတ်မှုဟာ ပေါ်တူဂီ၊ စပိန်၊ ယူကေ၊ ခရိုအေးရှား၊ ပြင်သစ်၊ ဂရိ၊ အိုင်ယာလန်၊ အီတလီ၊ နယ်သာလန်၊ နော်ဝေ၊ ပိုလန်၊ ဆွစ်ဇာလန်စတဲ့ နိုင်ငံတွေမှာ   အဓိက ဖြစ်ပွားနေတာ တွေ့ရပါတယ်။ အဲဒီအပူလှိုင်းနဲ့ ဆက်စပ်တဲ့ဖြစ်စဉ်တွေကြောင့် ဖော်ပြပါနိုင်ငံတွေမှာ သေဆုံးသူ စုစုပေါင်း ၃၆၅၁ ဦးအထိရှိတယ်လို့ နိုင်ငံတကာသတင်းရင်းမြစ်တွေမှာ ဖော်ပြထားတာ တွေ့ရတယ်။ အဲဒီသေဆုံးသူစာရင်းဟာ ဇွန် ၁၂ ရက်ကနေ   ဇူလိုင် ၁၈ ရက်အထိ  ကောက်ယူရရှိထားတဲ့ စစ်တမ်းတစ်ခုအရသိရတာ ဖြစ်ပါတယ်။

 

ဂျာမနီနိုင်ငံက သေဆုံးသူ ၁၆၃၆ ဦးနဲ့ အများဆုံးဖြစ်


အပူလှိုင်းကြောင့် သေဆုံးတဲ့နိုင်ငံ တွေအနက် ဂျာမနီနိုင်ငံက သေဆုံးသူ ၁၆၃၆ ဦးနဲ့ အများဆုံးဖြစ်ပြီး ၎င်းနောက် မှာ စပိန်နိုင်ငံက ၁၃၃၉ ဦးနဲ့ ဒုတိယ အများဆုံး၊ ပေါ်တူဂီနိုင်ငံက ၆၅၉ ဦးနဲ့ တတိယအများဆုံးနိုင်ငံအဖြစ် ရှိနေပါ တယ်။ အဲဒီနောက်မှာတော့ ဗြိတိန်နိုင်ငံ က ၁၂ ဦး၊ အိုင်ယာလန်နိုင်ငံက လေးဦး၊ ပိုလန်နိုင်ငံက သုံးဦးရှိတယ်လို့ သတင်း ရင်းမြစ်တွေမှာ   ဖော်ပြထားပါတယ်။ အမြင့်ဆုံးအပူချိန်ဟာ  ပေါ်တူဂီနိုင်ငံမှာ ဇူလိုင် ၁၄ ရက်က ဖြစ်ပွားခဲ့ပြီး ၄၇ ဒီဂရီ ဆဲလ်စီးယပ် (၁၁၇ ဒီဂရီဖာရင်ဟိုက်) အထိ ရှိတယ်လို့ ဆိုပါတယ်။ 

 


ပေါ်တူဂီနိုင်ငံမှာ အပူလှိုင်းကြောင့် တောမီးလောင်ကျွမ်းမှုဖြစ်ပွားပြီး စုစု ပေါင်း ဟက်တာ   ၃၀၀၀၀  မီးလောင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြင်းထန်တဲ့ အပူလှိုင်းရိုက်ခတ်မှုကြားမှာ တောမီးတွေ ဆက်လက်လောင်ကျွမ်းနေ ဆဲဖြစ်တဲ့အတွက် သတိပေးအခြေအနေ ကို ဇူလိုင် ၂၀   ရက်မှာ    ဆက်လက် ထုတ်ပြန်ထားပါတယ်။ ပေါ်တူဂီအစိုးရ အနေနဲ့   နိုင်ငံတစ်ဝန်းတောမီးကြောင့် ‌သေဆုံးမှုနဲ့  ထိခိုက်ဒဏ်ရာရရှိမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ဇူလိုင် ၈ ရက်က စပြီး သတိပေးအခြေအနေကို ထုတ်ပြန် ထားတာပါ။ ပေါ်တူဂီနိုင်ငံမှာ  ဇူလိုင်လ အစကနေ စတင်ပြီး     အပူလှိုင်းကြောင့် တောမီးလောင်ကျွမ်းမှုတွေဖြစ်ပွားကာ သေဆုံးသူ  သုံးဦးနဲ့    ထိခိုက်ဒဏ်ရာ ရရှိသူ ၂၂၃  ဦး  ရှိတယ်လို့    ဆိုပါတယ်။ ဒါ့အပြင် မီးလောင်မှုကြောင့် လူပေါင်း ၁၀၅၅ ဦးမှာ အိုးအိမ်စွန့်ခွာ   ထွက်ပြေး ခဲ့ရတယ်လို့လည်း     နောက်ဆုံးထွက်ပေါ် လာတဲ့  သတင်းတွေအရ   သိရပါတယ်။ 

 


ဂရိနိုင်ငံမှာ အပူလှိုင်းကြောင့်
တောမီးလောင်ကျွမ်းမှုဖြစ်


ဂရိနိုင်ငံ   အေသင်မြို့မြောက်ပိုင်း မှာ ဇူလိုင် ၁၉   ရက်က  တောမီးအကြီး အကျယ်  လောင်ကျွမ်းမှုဖြစ်ခဲ့ပြီး နေအိမ် တွေ    မီးလောင်မှုဖြစ်ပွားကာ  ဒေသခံ တွေကို ဘေးလွတ်ရာရွှေ့‌ပြောင်းခိုင်းခဲ့ ရတယ်လို့ သိရပါတယ်။    ဂရိနိုင်ငံမှာ အပူလှိုင်းကြောင့်   သို့မဟုတ်  ရှို့မီး ကြောင့် နွေရာသီတိုင်းလိုလိုမှာ တောမီး လောင်ကျွမ်းမှု        ဖြစ်ပွားလေ့ရှိတယ်လို့ မီးသတ်ဌာနရဲ့    ပြောရေးဆိုခွင့်ရှိသူ အာတိုပိုအိုက်စ်က ပြောပါတယ်။  ပြီးခဲ့ တဲ့နှစ်မှာ   တောမီးတွေ    ဆက်တိုက် လောင်ကျွမ်းမှုဖြစ်ခဲ့ပြီး    သစ်တောနဲ့ လယ်ယာမြေ ဟက်တာ ၁၀၀၀၀၀ ကျော် ပျက်စီးခဲ့သလို      နိုင်ငံအနှံ့အပြားရှိ လူနေအိမ်နဲ့ စီးပွားရေးလုပ်ငန်းပေါင်း ၂၀၀၀ ခန့်လည်း ထိခိုက်ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။  ၂၀၁၈ ခုနှစ်ကတော့ အဆိုးရွားဆုံး   မီးဘေး အန္တရာယ်ဖြစ်ခဲ့ပြီး       အေသင်မြို့အနီး  ကမ်းရိုးတန်းအပန်းဖြေခစန်း    မာတီမှာ    မီးဘေးအန္တရာယ်ကြောင့်    လူပေါင်း ၁၀၂ ဦးအထိ သေဆုံးခဲ့တယ်လို့    ဆိုပါ တယ်။ 

 


ဇူလိုင် ၁၈ ရက်က အိုင်ယာလန်နိုင်ငံ မြို့တော် ဒဗ္ဗလင်မှာ   အပူချိန် ၃၃ ဒီဂရီ ဆဲလ်စီးယပ်  (၉၁ ဒီဂရီ ဖာရင်ဟိုက်) အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ၂၀ ရာစု နှင့် ၂၁ ရာစုအတွင်း အပူချိန်အမြင့်ဆုံး စံချိန်အဖြစ်  ရောက်ရှိခဲ့တယ်လို့  ဆိုပါ တယ်။   အိုင်ယာလန်နိုင်ငံရဲ့   အပူချိန် အမြင့်ဆုံးစံချိန်မှာ ၁၈၈၇ ခုနှစ်ကဖြစ်ပြီး ၃၃ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ် (၉၁ ဒသမ ၉ ဒီဂရီဖာရင်ဟိုတ်) နဲ့ မှတ်တမ်းတင်ထား တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒါကို မကြာသေးခင်နှစ်တွေအတွင်း လူတချို့ က ပြန်လည်ဆန်းစစ်ဖို့ တောင်းဆိုထား တယ်လို့ သိရပါတယ်။ 

 


နယ်သာလန်နိုင်ငံရဲ့ အလယ်ပိုင်းနဲ့ တောင်ပိုင်းပြည်နယ်တွေမှာ   အပူချိန် သတိပေးချက် အဝါရောင်အဆင့်အဖြစ် တော်ဝင်မိုးလေဝသဌာနက      ဇူလိုင် ၁၈ ရက်မှာ    ထုတ်ပြန်ထားပါတယ်။ ဇူလိုင် ၁၉ ရက်က အလယ်ပိုင်းပြည်နယ် တွေမှာ ၃၆ ဒီဂရီဆဲလ်စီးယပ် (၉၇ ဒီဂရီ ဖာရင်ဟိုက်) ရှိပြီး တောင်ပိုင်းပြည်နယ် တွေမှာ   ၃၈-၃၉   ဒီဂရီဆဲလ်စီးယပ် (၁၀၀-၁၀၂ ဒီဂရီဖာရင်ဟိုက်) ရှိတယ်လို့ ဆိုပါတယ်။ 

 


အပူလှိုင်းမြင့်တက်လေ
သေဆုံးနှုန်းမြင့်လေ


စပိန်နိုင်ငံ နေရာအချို့မှာ    ဇူလိုင် ၁၈ ရက်က အပူချိန်   ၄၅  ဒီဂရီဆဲလ် စီးယပ်စ်အထိရောက်ရှိလာပြီး အပူလှိုင်း ဖြတ်မှု ပထမသီတင်းပတ်အတွင်း  အပူ လှိုင်းနဲ့ဆက်စပ်တဲ့ ဖြစ်စဉ်တွေကြောင့် သေဆုံးသူ ၅၁၀ အထိ  ရှိလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက     ပြောပါ တယ်။ အဲဒီသေဆုံးမှုတွေဟာ ဇူလိုင် ၁၀   ရက်ကနေ  ၁၆  ရက်အတွင်းဖြစ်ကြောင်း ကားလို့စ်       ကျန်းမာရေးအဖွဲ့အစည်း (ISCIII) က ပြောပါတယ်။ စပိန်နိုင်ငံမှာ အပူချိန်မြင့်တက်လာတာနဲ့အမျှ   အပူ လှိုင်းနဲ့ဆက်စပ်တဲ့    သေဆုံးသူအရေ အတွက်လည်း သိသိသာသာမြင့်တက် လာတယ်လို့ ဆိုပါတယ်။ 

 


ဒါ့အပြင် ဇူလိုင်    ၁၀  ရက်ကနေ ၁၃ ရက်အထိ လေးရက်အတွင်း သေဆုံး သူ ၁၅ ဦးကနေ ၆၀ အထိ   လေးဆ တိုးလာပြီး ကြာသပတေးနေ့မှာ ၉၃ ဦး၊ သောကြာနေ့မှာ ၁၂၃ ဦးနဲ့ သေဆုံးမှု ဆင့်ကဲဆင့်ကဲတိုးလာကာ   စနေနေ့မှာ တော့ သေဆုံးမှု အမြင့်ဆုံးအဖြစ်  ၁၅၀ အထိ ရှိခဲ့ပါတယ်။ အဲဒီသေဆုံးမှုတွေကို ကြည့်ရင် သက်ကြီးရွယ်အိုတွေ အများ ဆုံးဖြစ်ပြီး သေဆုံးသူ ၅၁၀ မှာ အသက် ၈၅    နှစ်နဲ့အထက်ရှိတဲ့   သေဆုံးသူ ၃၂၁ ဦး၊ အသက် ၇၅ နဲ့  ၈၄ နှစ်ကြား ၁၂၁ ဦးနဲ့ ၆၅ နဲ့ ၇၄ နှစ်ကြား ၄၄ ဦး ပါဝင် တယ်လို့ သိရပါတယ်။ 

 


စပိန်နိုင်ငံရဲ့ ပထမအကြိမ် 
အပူလှိုင်းဖြတ်မှုမှာ သေဆုံးသူ ၈၂၉ ဦးရှိခဲ့


စပိန်နိုင်ငံရဲ့ အဲဒီအပူလှိုင်းဖြတ်မှုဟာ ဒီနှစ်မှာ အပြင်းထန်ဆုံးအပူလှိုင်းဖြတ်မှု ဒုတိယအကြိမ်မြောက်ဖြစ်တယ်လို့ ဆိုပါ တယ်။  စပိန်နိုင်ငံရဲ့ ပထမအကြိမ်   အပူ လှိုင်းဖြတ်မှုဟာ ဇွန် ၁၁ ရက်ကနေ ဇွန် ၁၇ ရက်အထိ ဖြစ်ပွားခဲ့ပြီး နိုင်ငံတစ်ဝန်း သေဆုံးသူ ၈၂၉ ဦးအထိ   ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့   ထုတ်ပြန် ချက်အရ သိရပါတယ်။ ဒါကြောင့် စပိန် နိုင်ငံ အာဏာပိုင်တွေဟာ    ရေများများ သောက်ဖို့၊   လေ့ကျင့်ခန်းအလွန်အကျွံ လုပ်ခြင်းမှ ရှောင်ရှားဖို့နဲ့ တတ်နိုင်သမျှ အိမ်ထဲမှာနေဖို့ ပြည်သူတွေကို အကြံပြု ထားပါတယ်။ 

 


အပူချိန်အမြင့်ဆုံး   သတိပေးချက် အနီရောင်အဆင့်    သတ်မှတ်ထားတဲ့ ပထမရက် ဇူလိုင် ၁၈ ရက်မှာ အင်္ဂလန် နိုင်ငံအရှေ့ပိုင်း        ဆပ်ဖ်ဖော့ခ်ဒေသမှာ   ၃၈ ဒသမ ၁ ဒီဂရီဆဲလ်စီးယပ်စ် (၁၀၀ ဒသမ ၆ ဒီဂရီဖာရင်ဟိုက်) အထိ ရှိခဲ့ တယ်လို့ သတင်းရင်းမြစ်တွေမှာ ဖော်ပြ ထားပါတယ်။ အဲဒီအပူချိန်ဟာ  အပူဆုံး ရက်တစ်ရက်ကို ဖြစ်စေခဲ့ပြီး   တတိယ မြောက်အပူဆုံးနေ့အဖြစ် မှတ်တမ်းဝင် ခဲ့ပါတယ်။ 

 


၂၀၂၁ ခုနှစ်က အပူလှိုင်းဖြတ်မှုဟာ ကနေဒါနိုင်ငံ အနောက်ပိုင်းနဲ့ အမေရိကန် နိုင်ငံ အနောက်ပိုင်းတွေမှာ ဇွန် ၂၅ ရက် ကနေ ဇူလိုင် ၇ ရက်အထိ ဖြစ်ပွားခဲ့တယ် လို့ မှတ်တမ်းတွေအရ သိပါတယ်။  အဲဒီ နှစ်မှာ အပူလှိုင်းနဲ့ ဆက်စပ်တဲ့ဖြစ်စဉ်တွေ ကြောင့် သေဆုံးသူ စုစုပေါင်း   ၁၄၀၀ ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။  ကနေဒါ နိုင်ငံမှာ သေဆုံးသူ စုစုပေါင်း ၈၀၀ ကျော် ရှိပြီး အမေရိကန်နိုင်ငံမှာ  ၆၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ အပူချိန်အမြင့် ဆုံး စံချိန်က    ဗြိတိသျှကိုလံဘီယာမှာ ဖြစ်ပြီး ၄၉ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ် (၁၂၁ ဒသမ ၃ ဒီဂရီဖာရင်ဟိုက်)   အထိ ရှိတယ်လို့ ဆိုပါတယ်။   ဒါ့အပြင် အဲဒီ အပူအချိန်ဟာ ကနေဒါနိုင်ငံမှာ အမြင့် ဆုံး အပူချိန်အဖြစ်လည်း မှတ်တမ်းဝင် ခဲ့ပါတယ်။     ။