
မင်းခန့်
ယနေ့ ၂၁ ရာစု သတင်းအချက်အလက်နှင့် နည်းပညာခေတ်မှာ အင်အားကြီးနိုင်ငံများဟာ အင်အားငယ်နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနှင့် လူမှုရေးအပါအဝင် အဲဒီနိုင်ငံရဲ့ လုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးတွေကို ထိန်းချုပ်နိုင်ဖို့အတွက် အဲဒီနိုင်ငံသားတွေရဲ့ စိတ်ခံစားချက်များကို လွှမ်းမိုးခြယ်လှယ် ပြီး သူတို့လိုရာကို လုပ်ဆောင်စေတဲ့နည်းလမ်းကို အသုံးပြုလျက်ရှိပါတယ်။ တစ်နည်းအားဖြင့် အင်အားကြီးနိုင်ငံများက သူတို့ရဲ့ အကျိုးစီးပွားအတွက် အခြားနိုင်ငံတစ်နိုင်ငံကို စစ်ရေးအရ တိုက်ရိုက်ဝင်ရောက်တိုက်ခိုက်ခြင်းမပြုလုပ်ဘဲ ပစ်မှတ်နိုင်ငံကို ပြိုလဲသွားအောင်နဲ့ လွှမ်းမိုးခြယ်လှယ်နိုင်အောင် လုပ်နေတဲ့ အဲဒီနည်းလမ်းဟာ ခေတ်သစ်ကျူးကျော်စွက်ဖက်တဲ့ပုံစံလို့လည်း ဆိုကြပါတယ်။
အဲဒီလိုလုပ်ဆောင်နိုင်ဖို့ တိုးတက်ပြောင်းလဲ လာတဲ့ နည်းပညာဖြစ်တဲ့ ကွန်ပျူတာအခြေခံ AI နည်းပညာကိုအသုံးချပြီး လူမှုကွန်ရက် (Social Media) အပါအဝင် သတင်းမီဒီယာများမှတစ်ဆင့် သူတို့ဖြစ်စေချင်တဲ့အတိုင်း ပြည်သူအများက လိုက်ပါပြောဆိုလုပ်ကိုင်လာစေမယ့် စိတ်နေ စိတ်ထားများဖြစ်လာအောင် စိတ်ဓာတ်စစ်ဆင်ရေး လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။
သူတို့လုပ်နေတဲ့ စိတ်ဓာတ်စစ်ဆင်ရေးပုံစံဟာ မီဒီယာအမည်ခံ သတင်းဌာနမျိုးစုံကနေ သတင်း အမှားများ၊ သတင်းအတုများ၊ အမှားအမှန်ရောထွေး သတင်းများ၊ ဘက်လိုက်ပြီး အမှန်ကိုမျက်ကွယ်ပြု ကာ လိုရာဆွဲသတင်းများကို တမင်ဖန်တီးပြီး လူမှု အသိုက်အဝန်းအတွင်း ကျယ်ပြန့်စွာရောက်ရှိအောင် ထပ်ကာတလဲလဲ နေ့စဉ်ထုတ်လွှင့်နေခြင်း ဖြစ်ပါ တယ်။
အမှန်ထင်လာအောင် လုပ်ဆောင်နေ
ဒီလိုထုတ်လွှင့်တဲ့ သတင်းတွေကို ပြည်သူလူထု ရဲ့စိတ်ထဲမှာလိုရာဆွဲ အမှန်သတင်းများ ဖြစ်စေဖို့ အတွက် AI နည်းပညာနဲ့ ပြည်သူလူထုအကြား များများပျံ့နှံ့အောင်လုပ်ပြီး ပြည်သူတွေအနေနဲ့ ကြားသိရဖန်များလာရင် အမှန်ထင်လာအောင် လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။
ယနေ့မြန်မာနိုင်ငံမှာ Facebook ကဲ့သို့ လူတိုင်း နီးပါးအသုံးပြုနေတဲ့ Social Media Platform ကို အမိအရအသုံးချပြီး အဲဒီနည်းလမ်းနဲ့ ပြည်သူတွေရဲ့ စိတ်ခံစားချက်တွေကို သူတို့လိုရာ လွှမ်းမိုးခြယ်လှယ် နိုင်ဖို့ ပြည်ပအထောက်အပံ့ခံ ပြည်ဖျက်မီဒီယာများ၊ ပြည်ပဩဇာခံ လူမှုအဖွဲ့အစည်းများ၊ အမည် အမျိုးမျိုးနဲ့ ရပ်တည်နေတဲ့ ပြည်တွင်း၊ ပြည်ပက Think -Tank အဖွဲ့များက ရည်ရွယ်ချက်ရှိရှိ စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေတာတွေကို ထင်ရှားစွာ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။
ဒီအဖွဲ့တွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ တပ်မတော်အတွင်း သပ်လျှိုသွေးခွဲဖို့၊ ပြည်သူနဲ့ တပ်မတော်ကို ရန်တိုက်ပေးဖို့၊ မြန်မာပြည်သူ အများစုကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို နှိမ့်ချစော်ကား ဖို့၊ ပြည်သူတွေကြားထဲ အစွန်းရောက်စိတ်တွေ ပျံ့နှံ့လာအောင်လုပ်ဆောင်ပြီး တိုင်းပြည်တည်ငြိမ် အေးချမ်းမှုပျက်အောင်လုပ်ဖို့နဲ့ နောက်ဆုံးမှာ သူတို့လိုလားတဲ့ ဩဇာခံအစိုးရတစ်ရပ်ဖြစ်အောင် လုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ တပ်မတော်က ဦးဆောင်ကြိုးပမ်းခဲ့တဲ့ ငြိမ်းချမ်းစွာဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေအတွင်းမှာ ပြည်သူလူထုကို လွတ်လပ်မှုအခွင့်အရေးတွေ ပြန်လည်အပ်နှင်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) စတင် အသက်ဝင်ကျင့်သုံးလာခဲ့တာကို အခွင့်ကောင်းယူပြီး ကြေးစားမီဒီယာအမည်ခံအဖွဲ့ အစည်း၊ ပရဟိတအမည်ခံလူမှုအဖွဲ့အစည်းတို့ဟာ နည်းလမ်းမျိုးစုံ၊ အသွင်သဏ္ဌာန်မျိုးစုံနဲ့ မြန်မာနိုင်ငံ အတွင်းမှာ ခြေကုပ်ယူခဲ့ကြတာ ဖြစ်ပါတယ်။
မီးလောင်ရာလေပင့် လုပ်ဆောင်လာ
ဒီအဖွဲ့တွေဟာ အစကနဦးမှာတော့ မြန်မာနိုင်ငံ ရဲ့ အကျိုးစီးပွားအတွက် ရှေးရှုသယောင်ပြခဲ့ကြ ပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ NLD အစိုးရရဲ့ အာဏာအလွဲသုံးစားမှု၊ အခြေခံဥပဒေချိုးဖောက်မှု၊ မဲလိမ်/မဲခိုးမှုတွေကြောင့် တပ်မတော်က အာဏာ ထိန်းပြီးတဲ့နောက်မှာတော့ ဟန်ဆောင်မျက်နှာဖုံး တွေ ကွာကျသွားကြပါတယ်။ သူတို့ကို ထောက်ပံ့ ပေးထားတဲ့ အနောက်အုပ်စုအလိုကျ အတွေးအခေါ်၊ အယူအဆတွေ၊ ဝါဒဖြန့်သတင်းတွေနဲ့ သုတေသန အချက်အလက်တွေကိုသာ အဆက်မပြတ်ထုတ်လွှင့် ပြီး မြန်မာနိုင်ငံမှာ အစွန်းရောက်စိတ်ဓာတ် ပြန့်ပွား ဖို့အတွက် မီးလောင်ရာလေပင့် လုပ်ဆောင်လာကြ ပါတော့တယ်။
အရင်ကတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှိုင်း အတက်မှာ အခွင့်ကောင်းယူ လှေကြုံစီးပြီး ပြည်တွင်း ဥပဒေများအရ တရားဝင်အဖွဲ့အစည်းများအဖြစ် ရပ်တည်ခဲ့ကြပေမယ့် အခုနိုင်ငံရေးအပြောင်းအလဲနောက်ပိုင်း ပြည်တွင်းမှာ ဆက်လက်ရပ်တည်နိုင် စွမ်းမရှိကြတော့ဘဲ ပြည်ပနိုင်ငံများကို တိမ်းရှောင် သွားကြပါတယ်။ ပြည်တွင်းမှာ သူတို့အခိုင်အမာ တည်ဆောက်ခဲ့တဲ့ သတင်းကွန်ရက်တွေကို အသုံး ချပြီး သူတို့နောက်ကွယ်က ကြိုးကိုင်ညွှန်ကြားနေတဲ့ နိုင်ငံကြီးများ ဇာတ်ညွှန်းအတိုင်း မြန်မာနိုင်ငံ ပြိုကွဲပျက်စီးရေးနဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အစွန်းရောက်အတွေးအခေါ် သဘောတရား များ ပြန့်ပွားရေးတို့ကို ပြောင်ပြောင်တင်းတင်း ဆက်လက်လုပ်ဆောင်လာကြပါတော့တယ်။
ဒီအဖွဲ့အစည်းတွေရဲ့ အဓိက ပင်မအရင်းအမြစ် များ ပြည်ပကို တိမ်းရှောင်ထွက်ခွာသွားကြပြီဖြစ်ပေ မယ့် သူတို့တည်ဆောက်ခဲ့တဲ့ ကွန်ရက်များကတော့ ပြည်တွင်းမှာ အရှိန်တစ်ခုနဲ့ ဆက်လက်လည်ပတ် နေဆဲ ဖြစ်ပါတယ်။
တချို့သော Think-Tank အဖွဲ့အစည်းတွေ ဆိုရင် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကူညီပံ့ပိုးရေး ခေါင်းစဉ်အောက်မှာ မြန်မာနိုင်ငံရဲ့လက်နက်ကိုင် ပဋိပက္ခတွေကို အဓိကထား လေ့လာနေကြသလို၊ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ တရုတ်ရဲ့မူဝါဒတွေ၊ လွှမ်းမိုးမှုတွေကို လေ့လာကြပြီး တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးနေမှုမှာ အရေးကြီးတဲ့ အချက်အလက်တွေကို ဆန်းစစ်နေကြပါတယ်။ မြန်မာလူငယ်တွေကိုလည်း အနောက်အုပ်စု အတွေးအခေါ်သဘောတရားဖြစ်တဲ့ အစွန်းရောက် လစ်ဘရယ်သဘောတရားလွှမ်းမိုးမယ့် သင်တန်း တွေကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးတာတွေ ဆောင်ရွက်နေပါတယ်။ တချို့ကတော့ NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေအပါအဝင် တိုင်းရင်း သား လက်နက်ကိုင်တွေရဲ့ အခါတော်ပေးတွေ၊ လော်ဘီတွေအဖြစ် ဆောင်ရွက်ကြပြီး တပ်ပြေးအဖွဲ့ တွေကိုလည်း လေ့ကျင့်ပေးတာ၊ စပွန်ဆာပေးတာ တွေ လုပ်ကြပါတယ်။
မှိုင်းတိုက်စစ်ဆင်နွှဲနေ
ဒီလိုလုပ်ဆောင်နေမှုများဟာ ခရီးသွားဟန်လွှဲ စိတ်ကူးတည့်ရာ လုပ်ဆောင်နေကြခြင်းမျိုး မဟုတ် ဘဲ ဘက်စုံစစ်ပွဲ (Multidimensional warfare) သဘောတရားထဲကတစ်ခုဖြစ်တဲ့ သဘောတရား ရေးနည်းလမ်း (Ideological Means) နဲ့ မြန်မာနိုင်ငံ အပေါ် စစ်ပြုနေခြင်းဖြစ်ပြီး အဲဒီစစ်ပွဲရဲ့ အဓိက လက်နက်ကတော့ လူတွေကြားထဲ လက်လှမ်းတမီ အသုံးပြုနေကြတဲ့ အင်တာနက် လူမှုကွန်ရက်များပဲ ဖြစ်ပါတယ်။ နိုင်ငံကြီးများရဲ့ တရားဝင်/ တရားမဝင် အားပေးထောက်ပံ့ပေးမှုများအရ ငွေအား၊ လူသား အရင်းအမြစ်အားနဲ့ နည်းပညာအားကို အသုံးချပြီး အင်တာနက်လူမှုကွန်ရက်တွေမှာ အစွန်းရောက် သဘောတရားများ ပျံ့နှံ့စေပြီး သမမျှတတဲ့ အတွေး အခေါ်၊ အရေးအသား၊ ဆွေးနွေးမှုများကို ပိတ်ပင် တားဆီးကာ ဝါဒဖြန့်ချိရေးနည်းလမ်း (Propa-ganda Means)နဲ့ မြန်မာပြည်သူများကို အသိမှား၊ အမြင်မှားအောင် မှိုင်းတိုက် စစ်ဆင်နွှဲနေကြခြင်းသာ ဖြစ်ပါတယ်။
ဝါဒဖြန့်ချိရေးနည်းလမ်းမှာ ရှေ့တန်းကျကျ ပါဝင်တိုက်ခိုက်နေကြတာကတော့ ပြည်ပ အထောက်အပံ့ခံ ကြေးစားမီဒီယာများ ဖြစ်ကြပါ တယ်။ ကြေးစားမီဒီယာတွေအနေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းကစလို့ ဆန္ဒပြ မှုတွေအပါအဝင် NUG/PDF အမည်ခံအကြမ်းဖက် အဖွဲ့တွေဘက်က နည်းမျိုးစုံနဲ့တစ်ဖက်သတ်ဝါဒ ဖြန့်ချိရေး လုပ်ပေးနေရင်း မြေပြင်အခြေအနေနဲ့ တဖြည်းဖြည်း ဝေးကွာလာကြပါတယ်။ သူတို့ဖြစ်စေ ချင်၊ မြင်စေချင်၊ ထင်စေချင်တဲ့ အကြောင်းအရာတွေ ကို အတင်းကာရော ယုတ္တိတန်၏၊ မတန်၏တောင် မဆင်ခြင်နိုင်တော့ဘဲ အကြီးအကျယ်ဝါဒဖြန့်နိုင်ဖို့ လုပ်ကြံသတင်းအတုတွေ နေ့စဉ်ထုတ်လွှင့်လျက် ရှိပါတယ်။ သူတို့ရဲ့ သတင်းအတုများဟာ လက်တွေ့ နဲ့ ကင်းကွာသည်ထက် ကင်းကွာလာတာကြောင့် ပြည်သူတွေရဲ့ ယုံကြည်မှုတဖြည်းဖြည်း ကျဆင်း လာပေမယ့် ထပ်ကာတလဲလဲ ထုတ်လွှင့်မှုများကြောင့် ထင်ယောင်ထင်မှားနဲ့ ယုံကြည်နေသူများလည်း အထိုက်အလျောက်ရှိနေပါတယ်။
ဝါဒဖြန့်ချိရေးကို အရှိန်မြှင့်နေတဲ့သက်သေ
ဒီလို လုပ်ကြံသတင်းတု/ သတင်းမှားတွေနဲ့ ပတ်သက်ပြီး စိစစ်ထားတဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း Khit Thit၊ Mizzima၊ DVB၊ RFA၊ Ayeyarwaddy Times၊ မြေလတ်အသံ အစရှိတဲ့ ပြည်တွင်း/ ပြည်ပ ကြေးစားမီဒီယာ ခြောက်ခုအပါအဝင် အခြားမီဒီယာအမည်ခံ Page အမျိုးမျိုး၊ အကောင့်အမျိုးမျိုးကနေ တစ်လအတွင်း တင်ပြခဲ့တဲ့ သတင်းပေါင်း ၇၄၄ ပုဒ်ကို စိစစ်ရာမှာ လုပ်ကြံသတင်းအတု ၂၈၁ ပုဒ် (၃၇ ဒသမ ၇၇ ရာခိုင်နှုန်း)၊ သတင်းအမှား ၄၀၅ ပုဒ် (၅၄ ဒသမ ၄၃ ရာခိုင်နှုန်း)ရှိလို့ သတင်းအတု၊ သတင်းအမှား စုစု ပေါင်း ၉၂ ဒသမ ၂၀ ရာခိုင်နှုန်းရှိတယ်လို့ သိရပါ တယ်။ ဒီအချက်အလက်တွေက ကြေးစားမီဒီယာ တွေရဲ့ ဝါဒဖြန့်ချိရေးကို အရှိန်မြှင့်နေတဲ့ သက်သေ တစ်ခု ဖြစ်ပါတယ်။
ကြေးစားမီဒီယာတွေရဲ့ ထင်ရှားတဲ့ သတင်း အတု/ သတင်းအမှားနဲ့ ဝါဒဖြန့်ချိရေးသတင်းတစ်ခု ကို ဥပမာပြရရင် ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန်-မန္တလေးအမြန်လမ်း ၁၆၉ မိုင် ၄ ဖာလုံအနီးမှာ စစ်ထောက်ချုပ်ယာဉ်တန်း ကား ၁၀ စီးကို PDF အမည်ခံအကြမ်းဖက်အဖွဲ့ တွေက မိုင်းခွဲတိုက်ခိုက်ခဲ့တယ်ဆိုပြီး ကြေးစား မီဒီယာပေါင်းစုံကနေ ထပ်တလဲလဲ ဖော်ပြခဲ့ကြပါ တယ်။ ဒီသတင်းကို Mizzima နဲ့ Khit Thit က ဦးဆောင်ဖော်ပြပြီး ကျန်တဲ့ ကြေးစားမီဒီယာနဲ့ Facebook Page တွေ၊ အကောင့်အတုတွေကနေ ထပ်ဆင့်ဖော်ပြကြပါတယ်။ အမှန်တကယ်တော့ ဖြစ်စဉ်အမှန်က ကားလမ်းနဲ့ မီတာ ၁၀၀ လောက် ဝေးတဲ့နေရာမှာ ဗြောက်အိုးအကြီးစားလို့ဆိုနိုင်တဲ့ လက်လုပ်မိုင်းဖောက်ခွဲပြီး သတင်းအတု၊ သတင်း အမှား ထုတ်လွှင့်ကြတာဖြစ်ပါတယ်။ ဒါက သူတို့ရဲ့ ဝါဒဖြန့်ချိတဲ့ပုံစံ ဖြစ်ပါတယ်။
ဒီလို ပြည်ပလက်ဝေခံမီဒီယာတွေရဲ့ သတင်း အတု၊ သတင်းအမှားများဟာ သူတို့အမွှမ်းတင် ဝါဒဖြန့်ချိနေတဲ့ တော်လှန်ရေးလုပ်ရပ်အဖြစ် ပုံဖော် နေကြပေမယ့် လက်တွေ့မြေပြင်မှာတော့ စစ်ဘက် မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်များကို ဦးတည်ပြီး ပြည်သူလူထုရဲ့အကျိုးစီးပွားကို ထိခိုက်စေတဲ့ အကြမ်းဖက်လုပ်ရပ်များ ဖြစ်နေပါတယ်။ အပြစ်မဲ့ ပြည်သူတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ သံဃာတော်တွေ၊ ကျောင်းဆရာ ဆရာမတွေနဲ့ လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင်မရှိတဲ့ သာမန်ပြည်သူ တွေကို လက်နက်အားကိုး သတ်ဖြတ်တဲ့လုပ်ရပ်တွေ ဟာ ကနဦးရည်ရွယ်ချက်က NUG/PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများရဲ့ အကြောက်တရား ပြန့်ပွားရေးမူနဲ့ သူတို့ကိုအားပေးထောက်ခံလာဖို့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် ငါနဲ့မတူ ငါ့ရန်သူ အယူအဆနှင့် ဒလန်ခေါင်းစဉ် တပ်ပြီး လုပ်ကြံသတ်ဖြတ်မှုတွေ ပရမ်းပတာ လုပ်ဆောင်လာလို့ တည်ငြိမ်အေးချမ်းရေးကိုလိုလား တဲ့ ပြည်သူအများစုက NUG၊ PDF အမည်ခံ အကြမ်း ဖက်အဖွဲ့တွေကို အကြမ်းဖက်သမားများအဖြစ် ရွံရှာစက်ဆုပ် ပြစ်တင်ရှုတ်ချလျက် ရှိပါတယ်။
ရိုင်းစိုင်းယုတ်မာတဲ့ အကြမ်းဖက်လုပ်ရပ်
အနီးစပ်ဆုံးဥပမာအနေနဲ့ကတော့ ဩဂုတ်လ ၁၀ ရက်နေ့ မုံရွာမြို့ ထန်းတောရပ်ကွက်က ကိုယ်ဝန်ဆောင်သည် မအေးငြိမ်းသူကို PDF အမည်ခံအကြမ်းဖက်အဖွဲ့များက ဓားပြတိုက် ပစ္စည်းယူ လူသတ်ခဲ့တဲ့ဖြစ်စဉ်ဟာ NUG အဖွဲ့ရဲ့ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များရဲ့ လူသားမဆန် ရိုင်းစိုင်းယုတ်မာတဲ့ အကြမ်းဖက် လုပ်ရပ် ဖြစ်ပါတယ်။ ဒီသတင်းကို ပြည်ပအထောက် အပံ့ခံ ကြေးစားမီဒီယာတွေက PDF အမည်ခံ အကြမ်းဖက်သမားများရဲ့ ဆိုးရွားတဲ့ အကြမ်းဖက် သတ်ဖြတ်မှုကိုဖုံးကွယ်ဖို့ သာမန်ဓားပြတိုက်မှုအနေ ဖြင့်သာ ခပ်ပါးပါးသတင်းထုတ်ခဲ့ကြပေမယ့် ဖြစ်စဉ် အမှန်ဟာ ဘယ်လိုမှဖုံးဖိလို့မရတဲ့ NUG လက် အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့တစ်ခုက ငါနဲ့မတူ ငါ့ရန်သူ အယူအဆနဲ့ သူတို့ကို မထောက်ခံ သူများထံကနေ ပစ္စည်းယူလူသတ်ခဲ့တဲ့ လုပ်ရပ် ဖြစ်ကြောင်း ပေါ်လွင်ခဲ့လို့ ကြားသိမြင်တွေ့ရသူတိုင်း အံ့ဩတုန်လှုပ် စိတ်မကောင်းဖြစ်ကြရပါတယ်။
ဒါကြောင့်လည်း အခုနောက်ပိုင်းမှာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ၊ ပြည်သူကို ထိတ်လန့်ကြောက်ရွံ့အောင် ဖောက်ခွဲ ဖျက်ဆီးရေး လုပ်ဆောင်နေမှုတွေ၊ ခိုးဆိုးလုနှိုက် ဓားပြတိုက်မှုတွေကို ပြည်သူတွေက လက်မခံကြ တော့ဘဲ သက်ဆိုင်ရာတာဝန်ရှိသူ အစိုးရလုံခြုံရေး တပ်ဖွဲ့များကို သတင်းပေး တိုင်ကြားလာကြပါ တယ်။ မြို့ရွာတိုင်းမှာ တာဝန်သိပြည်သူများဟာ အစိုးရနဲ့ပူးပေါင်းပြီး ရပ်ရွာအေးချမ်းသာယာရေးကို ပူးပေါင်းလုပ်ဆောင်လာကြတာကြောင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဆိုတဲ့ အသံကြားတာနဲ့ ဝိုင်းဝန်းသတင်းပေးကြလို့ ယခုနောက်ပိုင်းဖြစ်စဉ် တွေမှာ နာရီပိုင်း၊ ရက်ပိုင်းအတွင်း အကြမ်းဖက် သမားတွေကို ဖမ်းမိလာကြတာကို သတိပြုမိကြ ပါလိမ့်မယ်။
တော်လှန်ရေးခေါင်းစဉ်နဲ့ မြန်မာပြည်ပျက်စီး ရေး ဦးတည်လုပ်ဆောင်နေတဲ့ NUG/PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေဟာ သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်ကို မထောက်ခံတဲ့ NLD ပါတီဝင်တွေကိုပါ သတ်ဖြတ်လုပ်ကြံတာနဲ့ PDF အမည်ခံ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ တွေအချင်းချင်း စားခွက်လုကြရင်း တိုက်ခိုက် သတ်ဖြတ်မှုတွေ ဖြစ်လာတဲ့အထိ ဆိုးရွားလာတာ ကြောင့် ဒုတိယပါဂျောင်လို ဇာတ်တူသားစားတဲ့ အမှုတွေများလာပြီး ဟင်္သာကိုးသောင်းလို ပျက်စီးဖို့ လမ်းပေါ် ရောက်နေကြတာကိုလည်း အထင်အရှား တွေ့နေရပါတယ်။
ဝါဒဖြန့်သတင်းတွေ
တော်လှန်ရေးအမည်ခံ အကြမ်းဖက်အဖွဲ့ အစည်းတွေရဲ့ပကတိအခြေအနေတွေ ဘယ်လောက် ပဲ ဆိုးရွားနေစေကာမူ ကြေးစားမီဒီယာတွေက တော့ “ငါတို့နိုင်တော့မှာ/ ငါတို့နိုင်နေပြီ”လုပ်ကြံဇာတ်ကြောင်းနဲ့ ဝါဒဖြန့်သတင်းတွေကိုပဲ တရစပ် ထုတ်လွှင့်နေကြတာကို တွေ့ရပါတယ်။
ဒီလို ကြေးစားမီဒီယာတွေကနေ သတင်းအတု/ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ အရှိန်မြှင့် လုပ်ကြံထုတ်လွှင့်နေတာက သတင်းအမှန်မရရှိတဲ့ ပြည်သူတွေအနေနဲ့ တပ်မတော်အပေါ်ယုံကြည်မှုကျဆင်းလာအောင်၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စိတ်ဓာတ်ပျက်ပြားပြီး PDF အမည်ခံ အကြမ်းဖက် သမားတွေ စိတ်ဓာတ်တက်ကြွလာအောင်၊ အကြမ်း ဖက်မှုတွေ ပိုမိုကျူးလွန်လာကြအောင် မီးထိုး ယပ်ခတ်ပေးနေတာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာ မြန်မာလူမျိုးတွေရဲ့ အထွတ်အမြတ်ဖြစ်တဲ့ ဗုဒ္ဓဘာသာနဲ့ သံဃာ့အဖွဲ့ အစည်းကို ယိမ်းယိုင်အောင် ဆောင်ရွက်နေပြီး ပြည်သူနဲ့တပ်မတော်ကို သွေးခွဲ၊ အစွန်းရောက် သဘောတရားတွေပျံ့နှံ့အောင် ဆောင်ရွက်နေတဲ့ ကြေးစားမီဒီယာတွေရဲ့ သတင်းအတု၊ သတင်းအမှား တွေ၊ ကြေးစား Think-Tank တွေ ထုတ်ပြန်နေတဲ့ သုတေသနစာစောင်တွေနဲ့ ဖွင့်လှစ်နေတဲ့ သင်တန်း တွေဟာ ငွေနောက်လိုက်ပြီး မြန်မာနိုင်ငံကို ဖျက်ဆီး ဖို့ကြံနေတဲ့ ဝါဒဖြန့်ချိမှုတွေသာဖြစ်ပြီး အသိ၊ သတိ နဲ့ ဆင်ခြင်နိုင်ကြရန် လိုအပ်ပါကြောင်း မီးမောင်းထိုး ပြလိုက်ရပါတယ်။ ။
- Log in to post comments