
မင်းခန့်
မြန်မာနိုင်ငံရဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ထပ်တလဲလဲဖြန့်ချိနေကြတာကို နေ့စဉ်ရက်ဆက် တွေ့ရှိနေရပါတယ်။ အထူးသဖြင့် ပြည်သူလူထုအသုံးများတဲ့ Facebook စာမျက်နှာတွေမှာ မီဒီယာအမည်ခံ Account အမျိုးမျိုးနဲ့ သတင်းစာသား၊ ဓာတ်ပုံ၊ ဗီဒီယိုများအသုံးပြုပြီး လုပ်ကြံဖန်တီးထားတဲ့ သတင်းအတုတွေ၊ လိုရာဆွဲပြီး အမှန်၊ အမှားရောနှောထားတဲ့ သတင်းအမှားတွေကို ပြည်တွင်း၊ ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက လုပ်ဆောင်နေတာ မြင်တွေ့ရမှာဖြစ်ပါတယ်။
“ အမှားပြောပါများတော့ အမှန်ထင်လာတယ်” ဆိုတဲ့အတိုင်းပဲ ဒီလို သတင်းအတု၊ သတင်းအမှား တွေကို နေ့စဉ်ရက်ဆက် ထပ်တလဲလဲ တွေ့မြင် ဖတ်ရှုနေရတဲ့အခါ လူမှုကွန်ရက်အသုံးပြုသူ ပြည်သူ များက အမှားကို အမှန်ထင်၊ တံလျှပ်ကို ရေထင်ပြီး ရွှေသမင်အလိုက်မှားကြပါတော့တယ်။ ဒီလိုဖြစ်တာ က လူမှုကွန်ရက်ကို သာမန်အသုံးပြုသူများသာမက ချင့်ချိန်စိစစ်ပြီး အသုံးပြုသူများကိုယ်တိုင် ထင်ယောင် ထင်မှားဖြစ်လာတာတွေကို တွေ့ရှိနေရပါတယ်။ ဒါက ဘာကိုပြဆိုနေသလဲဆိုရင် မြန်မာနိုင်ငံအနေနဲ့ စိတ်ဓာတ်စစ်ဆင်ရေးစစ်ပွဲ ဆင်နွှဲခံနေရပြီဆိုတာ သေချာစေတဲ့ အချက်ပေးခေါင်းလောင်းထိုးနေခြင်း ဖြစ်ပါတယ်။
စိတ်ဓာတ်စစ်ဆင်ရေးစစ်ပွဲ
စိတ်ဓာတ်စစ်ဆင်ရေးစစ်ပွဲဟူသည်မှာ အသစ် အဆန်းတော့မဟုတ်ပါ။ သမိုင်းမတင်မီခေတ်ကတည်း က စစ်ပွဲတွေမှာ ပြိုင်ဘက်ရဲ့ စိတ်ဓာတ်စွမ်းရည် ကျဆင်းစေရန် အသုံးပြုခဲ့ကြတဲ့ နည်းနာတစ်ခုပဲ ဖြစ်ပါတယ်။ သမိုင်းကြောင်းလေးကို အကျဉ်းမျှ ပြဆိုလိုပါတယ်။ ဘီစီ ၅၂၅ လောက်က ပါရှန်အင်ပါယာ နဲ့ အီဂျစ်တို့ဖြစ်ပွားခဲ့တဲ့ Pelusium စစ်ပွဲမှာ ပါရှန် တို့ဘက်က ကြောင်သတ္တဝါတွေကို ဓားစာခံအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဒီလိုသုံးရတဲ့ အကြောင်းက အီဂျစ်တို့ဘက်က ဘာသာရေးယုံကြည်ချက်နဲ့ ဂါထာ မန္တာန်တချို့ကြောင့် ကြောင်သတ္တဝါတွေကို အထွတ် အမြတ်ထားတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဘာသာရေးကန့်သတ်ချက်ကို စိတ်ဓာတ်စစ်ဆင် ရေးနည်းလမ်းတစ်ခုအနေနဲ့ သုံးခဲ့ခြင်းဖြစ်ပါတယ်။
ပထမကမ္ဘာစစ်အတွင်းမှာ ဗြိတိသျှတို့က ဂျာမနီကို ရင်ဆိုင်ရာမှာ လက်ကမ်းစာစောင် များဖြန့်ဝေတဲ့ စိတ်ဓာတ်စစ်ဆင်ရေးနည်းလမ်းကို အသုံးချခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ အသံလွှင့်ဌာနတွေကနေတစ်ဆင့် ဝါဒဖြန့်ချိခြင်း နည်းလမ်းတွေကို စတင်အသုံးပြုခဲ့ကြပါတယ်။ ယခု ကာလမှာတော့ အင်တာနက်နဲ့ လူမှုကွန်ရက်တွေဟာ စိတ်ဓာတ်စစ်ဆင်ရေးပြုလုပ်ရာမှာ အဓိကအခန်း ကဏ္ဍကနေပါဝင်လာပြီး ပစ်မှတ်နိုင်ငံ၊ လူ့အဖွဲ့ အစည်း၊ အုပ်စုတွေရဲ့ အယူအဆ သဘောတရားတွေ၊ ယဉ်ကျေးမှုတွေ၊ အတွေးအခေါ်အယူအဆတွေ ပြောင်းလဲလာအောင် သတင်းအတု၊ သတင်းအမှား များ အပါအဝင် စိတ်ဓာတ်စစ်ဆင်ရေးနည်းလမ်း မျိုးစုံကို အသုံးချကြပါတယ်။
မြန်မာနိုင်ငံနဲ့ နီးစပ်တဲ့ ဒေသတွင်းနိုင်ငံတစ်ခုမှာ ဖြစ်ခဲ့တဲ့ ဥပမာကို ပြဆိုရရင် ဗီယက်နမ်စစ်ပွဲတွင် အသုံးပြုခဲ့တဲ့ အမေရိကန်တို့ရဲ့ Phoenix Program နဲ့ Chieu Hoi Program ဆိုတာ အထူးထင်ရှားပါ တယ်။ Phoenix Program ကတော့ Viet Cong တွေ ထဲကို စိမ့်ဝင်ထိုးဖောက်ရေး၊ စိတ်ဓာတ်ပျက်ပြား အောင် စစ်ကြောရေးနဲ့ ညှဉ်းပန်းနှိပ်စက်ရေး အပါအဝင် အကြမ်းဖက် လုပ်ကြံသတ်ဖြတ်ရေးတွေ အထိ ပါဝင်ပါတယ်။ Chieu Hoi Program ကတော့ Viet Cong တွေ ဘက်ပြောင်းလာစေရေးကို အဓိက ထားတာဖြစ်ပါတယ်။ Phoenix Program ကြောင့် သာမန်ပြည်သူတွေနဲ့ Viet Cong ၈၁၇၄၀ ဖမ်း ဆီးခံခဲ့ရပြီး ၂၆၃၆၉ ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါ တယ်။ Chieu Hoi Program ကြောင့် Viet Cong ၁၀၁၅၁၁ ဦး ဘက်ပြောင်းစေခဲ့ပါတယ်။
ယခုအချိန်မှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ ကိုလည်း ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်တို့အသုံးပြု ခဲ့တဲ့ Phoenix Program နဲ့ Chieu Hoi Program ဆန်ဆန် စိတ်ဓာတ်စစ်ဆင်ရေးနည်းလမ်းတွေကို အင်တာနက်နဲ့ ဆိုရှယ်မီဒီယာတွေမှာ အသုံးချပြီး လုပ်ဆောင်နေတာကို ထင်ထင်ရှားရှားတွေ့ရှိနေရလို့ နိုင်ငံတော်လုံခြုံရေးအတွက် အထူးသတိပြုရမယ့်အချိန်အခါဖြစ်ပါတယ်။
နိုင်ငံရေးအပြောင်းအလဲ
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ် စေခဲ့တဲ့ စနစ်တကျ မဲလိမ်/မဲခိုးပြီး အစိုးရအခွင့် အာဏာကို ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အသုံးချခဲ့တဲ့ အကြောင်းရင်းကို မျက်ကွယ်ပြုပြီး တပ်မတော်က အခြေခံဥပဒေအရ အာဏာထိန်းသိမ်း မှုကို စစ်အာဏာသိမ်းမှုအသွင် ပုံဖော်ခဲ့ကြပါတယ်။ ဒီလို လူမှုကွန်ရက်တွေပေါ်ကနေ ပုံဖော်ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် စိတ်ဖိစီးပြီး မွန်းကျပ်နေတဲ့ ပြည်သူ လူထုကို လမ်းပေါ်ဆွဲထုတ်ခဲ့ကြပါတယ်။ ငြိမ်းချမ်း စွာ ဆန္ဒဖော်ထုတ်မှုလို့ ခေါင်းစဉ်တပ်ထားတဲ့ လူအုပ် ကြီးဟာ သိပ်မကြာလိုက်တဲ့ အချိန်ကာလအတွင်း မှာပဲ ပရမ်းပတာလူအုပ်စုကြီးအဖြစ် ပြောင်းလဲ ခံလိုက်ရပြီး မင်းမဲ့စရိုက်ဆန်ဆန် အဓိကရုဏ်းတွေနဲ့ အကြမ်းဖက်မှုတွေကို ကျူးလွန်ကြပါတော့တယ်။ တစ်ချိန်တည်းမှာ အမေရိကန်နိုင်ငံသားတစ်ဦးက အင်တာနက်ပေါ်ကနေ မြန်မာလူငယ်တွေကို အကြမ်းဖက် သင်တန်းပေးခဲ့ပါတယ်။ ဒါ့အပြင် ပြည်ပနိုင်ငံကြီးတချို့ရဲ့ ထောက်ပံ့မှုနဲ့ EAOs တချို့ကလည်း အကြမ်းဖက်သင်တန်းတွေပေးပြီး လက်နက်တပ်ဆင်ပေးခဲ့ကြပါတယ်။ ဒီလို အခြေ အနေတွေက အခါအခွင့်သင့်လို့ ဖြစ်လာခဲ့တာ မဟုတ်ဘဲ နောက်ကွယ်က ကြိုးကိုင်မှုတွေနဲ့ ချိတ် ဆက်ပြီး ပြည်သူလူထုက အသိမဲ့စွာနဲ့ သူတို့ဖြစ်စေ ချင်တဲ့အတိုင်း လိုက်ပါလုပ်ဆောင်လာအောင် စီမံ နေကြခြင်းဖြစ်ပါတယ်။
အကြမ်းဖက်မှုကို လှုံ့ဆော်တဲ့ စိတ်ဓာတ်စစ်ဆင် ရေးတွေနဲ့ မြေပြင်က အပြစ်မဲ့ အရပ်သားပြည်သူတွေ၊ ဝန်ထမ်းတွေနဲ့ သံဃာတွေကို သတ်ဖြတ်မှုတွေက တစ်ပြိုင်တည်းဖြစ်ပေါ်နေသလို လူမှုကွန်ရက်ကနေ သတင်းအတု၊ သတင်းအမှားများနဲ့လည်း စဉ်ဆက် မပြတ် လှုံ့ဆော်မီးထိုးပေးလျက်ရှိပါတယ်။ ဒီလို လုပ်ဆောင်ရာမှာ တစ်ဖက်ပိတ်လော်ဘီတွေ၊ လူမှု ရေးအရ ဩဇာရှိသူတွေနဲ့ အသားထဲကလောက် ထွက်တဲ့ မီဒီယာတချို့ကို ငွေကြေးထောက်ပံ့ပြီး အကြမ်းဖက်မှုတွေဖြစ်ပွားအောင်၊ အကြမ်းဖက်မှု တွေကို အားပေးလာအောင်၊ အကြမ်းဖက်သမားများ စိတ်ဓာတ်တက်ကြွအောင်၊ တပ်မတော်သား/မိသားစုများ/ အမျိုးသားရေး သမားများနဲ့ တပ်မတော်ကို အားပေးထောက်ခံသူများ စိတ်ဓာတ် ကျဆင်းလာအောင် လုပ်ကြံသတင်းအတုနဲ့ ပုံဖျက် သတင်းအမှားတွေထုတ်လွှင့်ပြီး စိတ်ဓာတ်စစ်ဆင် ရေးဆင်နွှဲနေခြင်းဖြစ်ပါတယ်။
“လုပ်ကြံသတင်းအတု” ဆိုတာကတော့ ဖြစ်စဉ် လုံးဝမရှိဘဲ မြေပြင်မှာအမှန်တကယ်ဖြစ်နေသလို မျိုး ဓာတ်ပုံ၊ ဗီဒီယိုများအား ဖြတ်ညှပ်ကပ်ပြုလုပ်၍ လုပ်ကြံဖန်တီးရေးသားဖော်ပြနေသော သတင်းများ ဖြစ်ပါတယ်။ အထူးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများကို နေ့စဉ်နဲ့အမျှ ကိန်းဂဏန်း အရေအတွက် အများအပြား ဖော်ပြရေးသားလေ့ရှိ ကြောင်း တွေ့ရှိရပါတယ်။
“ပုံဖျက်သတင်းအမှား” ဆိုတာကတော့ မြေပြင် ဖြစ်စဉ်အမှန်ကို အခြေခံပြီး သူတို့ပုံဖော်လိုတဲ့ အချက်ကို ပုံကြီးချဲ့ လိုရာဆွဲရေးသားတဲ့ သတင်းများ ဖြစ်ပါတယ်။ ပုံဖျက်သတင်းအမှားများ ဖော်ပြတဲ့ အခါ ဗုံးပေါက်ကွဲမှုနဲ့ တိုက်ပွဲဖြစ်စဉ် အမှန်သတင်း တွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိပေမယ့် လည်း ထိခိုက်ကျဆုံးမှု အများအပြား ဖော်ပြပြီး အမှန်၊ အမှား ရောထွေးဖော်ပြလေ့ရှိပါတယ်။
ဒီလိုအခြေအမြစ်မရှိတဲ့ လုပ်ကြံသတင်းအတုနဲ့ ပုံဖျက်သတင်းအမှားများဟာ လူမှုကွန်ရက်အသုံး ပြုတဲ့ ပြည်သူများအတွက် သတင်းအဆိပ်အတောက် ဖြစ်စေပြီး ဆင်ခြင်သုံးသပ်နိုင်မှုအားနည်းတဲ့ ပြည်သူ အချို့ယုံကြည်ပြီး အားပေးလှုံ့ဆော်မှုတွေ ဖြစ်ပေါ် နေတာ ယနေ့ပကတိအရှိတရား ဖြစ်ပါတယ်။ ဒါ့ကြောင့် လုပ်ကြံသတင်းအတု၊ သတင်းအမှားများ ကို စိစစ်မှုမရှိဘဲ သတင်းအဆင့်အတန်းမရှိ၊ မီဒီယာ ကျင့်ဝတ်သိက္ခာမဲ့စွာ သတင်းအဆိပ်အတောက်များ ကို ထပ်ခါတလဲလဲ ရေးသားဖော်ပြနေကြတဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာအမည်ခံ သတင်းဌာန တွေကို ပြည်ဖျက်မီဒီယာများလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
သတင်းအတု၊ သတင်းအမှား
ပြည်ဖျက်မီဒီယာများရဲ့ နေ့စဉ်ဖော်ပြနေတဲ့ သတင်းများကို လူမှုကွန်ရက် သတင်းအတု၊ သတင်း အမှား စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ FACT CHECK ( Volunteer )အဖွဲ့က နေ့စဉ်စောင့်ကြည့် စိစစ်ဖော်ထုတ်ချက်များအရ Facebook စာမျက်နှာ မှာ နေ့စဉ်သတင်းအတု၊ သတင်းအမှားအပုဒ်ရေ ၂၀ မှ ၃၀ ခန့်အထိ ရေးသားနေကြောင်း သိရှိရပါတယ်။
အစိုးရမဟုတ်တဲ့ ကြားနေ FACT CHECK (Volunteer)အဖွဲ့က သူတို့ရဲ့ စိစစ်တွေ့ရှိချက်တွေကို လူမှုကွန်ရက် Platform တွေဖြစ်တဲ့ Facebook၊ Telegram၊ Twitter များပေါ်မှာ နေ့စဉ်စိစစ်ပြီး သတင်းအမှန်၊ သတင်းအမှား ခွဲခြားဖော်ပြ ပေးနေ တာကိုလည်း တွေ့မြင်နေရပါတယ်။ အဆိုပါအဖွဲ့ရဲ့ စိစစ်ထုတ်ပြန်ချက်များအနက် အနီးစပ်ဆုံး လတ်တလောကာလဖြစ်တဲ့ ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပြည်ဖျက်မီဒီယာများက Facebook စာမျက်နှာပေါ်မှာ လုပ်ကြံသတင်းအတုနဲ့ ပုံဖျက် သတင်းအမှား အပုဒ် ၆၃၀ ရှိပြီး သတင်းအမှန်အနေနဲ့ ၃၂ ပုဒ်သာရှိကြောင်း သိရှိရပါတယ်။
စိစစ်ဖော်ပြထားတဲ့ လုပ်ကြံသတင်းအတုများစွာ ထဲက ဥပမာအနေဖြင့် Mizzima က ဧပြီလ ၅ ရက် နေ့မှာ ရေးသားဖော်ပြခဲ့တဲ့ ချင်းပြည်နယ် မင်းတပ် မြို့ကနေ မတူပီမြို့ကို တက်လာသည့် စစ်ယာဉ်တန်း ကို CDF-မင်းတပ်၊ The Youth Force နဲ့ CDF-မတူပီ အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ် ဘက်မှ ၅၀ ကျော် သေဆုံးခဲ့တယ်ဆိုတဲ့ သတင်း၊ Khit Thit ကနေ ဧပြီလ ၁၁ ရက်နေ့မှာ ရေးသား ဖော်ပြခဲ့တဲ့ မကွေးတိုင်း ပေါက်မြို့နယ် ကျအိုးကျေးရွာ အနီးမှာ စစ်ကောင်စီတပ်တွေနဲ့ PDF အဖွဲ့တွေ ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၂၅ ဦးကျော် သေဆုံးခဲ့တယ်ဆိုတဲ့ သတင်း၊ DVB ကနေ ဧပြီလ ၁၉ ရက်နေ့မှာ စစ်ကိုင်း တိုင်း မုံရွာမြို့မှ ထွက်ခွာလာသည့် စစ်ကောင်စီတပ် ကို နံနက် ၈ နာရီ မိနစ် ၂၀ ခန့်က PDF မဟာမိတ် လေးဖွဲ့ ပူးပေါင်း၍ မိုင်းစစ်ဆင်ရေးပြုလုပ်ခဲ့လို့ စစ်ကောင်စီဘက်က ၁၆ ဦး သေဆုံးခဲ့ပြီး Jammer ကားတစ်စီး ပျက်စီးခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ ဖြစ်စဉ်လုံးဝမရှိဘဲ လုပ်ကြံဖန်တီးထားတဲ့ သတင်း အတုတွေသာဖြစ်ကြောင်း တွေ့ရှိရပါတယ်။
“ပုံဖျက်သတင်းအမှား”အနေဖြင့် Khit Thit ကနေ ဧပြီလ ၂ ရက်နေ့မှာ ရေးသားဖော်ပြခဲ့တဲ့ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် စိမ်းလန်းရုံးနဲ့ ဝရင်ငယ်- ရွာသစ်ကျေးရွာအနီးမှာ စစ်ကောင်စီတပ် နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေကို PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကားတစ်စီး မီးလောင်ပြီး စစ်သားနဲ့ ပျူစောထီး ၁၅ ဦး သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ မိုင်းဆွဲဖြစ်စဉ်မှန်ကန်သော်လည်း စစ်ကားမီးလောင်ခြင်းမရှိ၊ ရဲ တစ်ဦးကျဆုံး၊ ပြည်သူ့ စစ် တစ်ဦး ဒဏ်ရာရခဲ့ခြင်းသာဖြစ်ကြောင်း၊ DVB ကနေ ဧပြီလ ၇ ရက်နေ့မှာ ရေးသားဖော်ပြခဲ့တဲ့ မန္တလေး- မုံရွာကားလမ်းပေါ်မှာ စစ်ကောင်စီယာဉ် တန်း ကားငါးစီးကို PDF မှ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၃၀ မှ ၄၀ ခန့် သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းကလည်း မိုင်းဆွဲဖြစ်စဉ် မှန်ကန်သော်လည်း စစ်သည် နှစ်ဦးသာ ဒဏ်ရာရရှိပြီး ကျဆုံးမှုမရှိ ကြောင်း သိရှိရပါတယ်။
ထပ်ခါတလဲလဲ ထုတ်လွှင့်နေ
ဒီလိုတွေ လုပ်ကြံသတင်းအတုတွေနဲ့ ပုံဖျက် သတင်းအမှားတွေကို ထပ်ခါတလဲလဲ ထုတ်လွှင့်နေရ တဲ့ရည်ရွယ်ချက်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ NUG ပြည်ပြေးအဖွဲ့ရဲ့ အလုံးစုံ ပျက်စီးရေးလမ်းစဉ်အရ နိုင်ငံအနှံ့အပြားမှာ တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး ငါတို့နိုင်နေပြီဆိုတဲ့ လှုံ့ဆော်မှုကို ပြည်သူများ ယုံကြည်လာစေရန် လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ ဒါ့အပြင် မျှော်လင့် ချက်မဲ့ပြီး ဦးတည်ရာပျောက်ဆုံးနေတဲ့ အကြမ်းဖက် PDF တွေနဲ့ သူတို့ကို ထောက်ခံသူတွေ စိတ်ဓာတ် တက်ကြွလာစေဖို့၊ အကြမ်းဖက်မှုတွေကို ပိုမို အားပေးလာစေဖို့၊ PDF များအတွက် အကြောင်းပြပြီး ပြည်တွင်း၊ ပြည်ပကနေ ထောက်ပံ့ကြေးနဲ့ အလှူငွေ တွေ တောင်းခံနိုင်ဖို့အတွက် လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။
အထူးသဖြင့် လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ နိုင်ငံကိုတည်ငြိမ်အောင် အုပ်ချုပ် နိုင်ခြင်းမရှိဘဲ Failed State အခြေအနေဖြစ်ဖို့ နီးလာနေကြောင်း ပုံဖော်နေပြီး တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းစေရန်နဲ့ ပြည်သူလူထုက တပ်မတော်အပေါ် အထင်လွဲမှားလာစေဖို့၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေအကြား သွေးခွဲဖို့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်လို ခိုက်လိုစိတ် ကျဆင်းအောင် စိတ်ဓာတ်စစ်ဆင် ရေး ပြုလုပ်နေကြတာဖြစ်ပါတယ်။ အဆိုးဆုံးက တော့ အပြစ်မဲ့ ပြည်သူတွေ၊ ဝန်ထမ်းတွေ၊ သံဃာ တွေကို အကြမ်းဖက်သတ်ဖြတ်ပြီး လူထုကြားထဲကို ၎င်းတို့ကို မထောက်ခံရင် အသတ်ခံရမယ်ဆိုတဲ့ အကြောက်တရားသွင်း သတင်းစကားပေးနေတာ ဖြစ်ပါတယ်။
ဒီလိုသတင်းတွေကို ပြည်ဖျက်မီဒီယာတွေနဲ့ ပြည်တွင်း၊ ပြည်ပအဖျက်သမားများက ၎င်းတို့ရဲ့ ကွန်ရက်တွေကနေ ဝေဝေဆာဆာ ဝိုင်းဝန်းထပ်ဆင့် လှုံ့ဆော်နေကြသလို နောက်ကွယ်က ကြိုးကိုင်စီစဉ် သူတွေကလည်း ငွေအင်အား၊ နည်းပညာအားတွေနဲ့ သတင်းအမှားတွေကို လူထုအကြား ပိုမိုပျံ့နှံ့ရောက်ရှိ အောင် လုပ်ဆောင်နေကြတယ်ဆိုတာ ပြည်သူတွေ အနေနဲ့ သတိပြုကြဖို့ လိုအပ်ပါတယ်။ ဗီယက်နမ်မှာ လုပ်ဆောင်ခဲ့တဲ့ Phoenix Program လိုပဲ လက်တွေ့အကြမ်းဖက်မှု နည်းလမ်းနဲ့ စိတ်ဓာတ် စစ်ဆင်ရေးနည်းလမ်းကို တစ်ပြိုင်နက်တည်း ပေါင်း စပ် ကျင့်သုံးနေကြတာ တွေ့ရှိရသလို Chieu Hoi Program လိုပဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဘက်ပြောင်း လာစေဖို့ကိုလည်း ချမှတ်လုပ်ဆောင်နေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။
နောက်ကွယ်က အကြောင်းရင်း
ဒီလိုလုပ်ဆောင်ရခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းကလည်း နိုင်ငံတော်အတွက် အလွန်အန္တရာယ်ကြီးလှပါတယ်။ မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတွေဖြစ်အောင် ဖန်တီးချင်နေတဲ့သူတွေ ဟာ မြန်မာနိုင်ငံမှာ တပ်မတော်ပြိုကွဲမှသာ နိုင်ငံ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲမှာဖြစ်တဲ့အတွက် ၎င်းတို့ ရဲ့ မဟာဗျူဟာ အကျိုးစီးပွားဖော်ဆောင်မယ့် သူတွေကို ငွေအား၊ လူအား၊ နည်းပညာအားတွေနဲ့ ကူညီ နေခြင်းဖြစ်ပါတယ်။ လက်ရှိနိုင်ငံရေးအခြေအနေ တွေအရ ပြည်သူအများ စိတ်ဝမ်းကွဲပြားပြီး နိုင်ငံတော် ရဲ့အကျိုးစီးပွားကို ပျက်စီးအောင် လုပ်ဆောင်နေရုံ သာမကဘဲ သူတို့လိုသလို ကြိုးကိုင်လို့ရမယ့် အစိုးရ တစ်ရပ်ဖြစ်ပေါ်လာအောင် လုပ်ဆောင်နေခြင်းဖြစ် ပါတယ်။ သူတို့ရဲ့လုပ်ဆောင်ချက်တွေဟာ ရေတိုနဲ့ ပြီးသွားမှာမဟုတ်ဘဲ တပ်မတော်မပြိုကွဲမချင်း၊ တပ်မတော်နဲ့ပြည်သူ သွေးမကွဲမချင်း၊ မြန်မာနိုင်ငံ ကို ၎င်းတို့အလိုကျ ကြိုးကိုင်လို့မရမချင်း အကြောင်း ပြချက် အမျိုးမျိုး၊ အသွင်အမျိုးမျိုးနဲ့ ရေရှည်ဆင်နွှဲ နေမယ့် စစ်ပွဲတစ်ခုဖြစ်လို့ တပ်မတော်နဲ့ ပြည်သူ စည်းလုံးညီညွတ်မှုအားနဲ့ တုံ့ပြန်သွားကြရမှာ ဖြစ်ပါ တယ်။ တပ်မတော်နဲ့ ပြည်သူအကြား၊ ပြည်သူ အချင်းချင်းအကြား သွေးကွဲဖို့အတွက် ရေးသားထား တဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ သတင်းအတု၊ သတင်း အမှားတွေ မပျံ့နှံ့ဖို့ကိုလည်း ပြည်သူတွေဘက်က တာဝန်သိသိနဲ့ အပြည့်အဝ ကာကွယ်သွားဖို့ လိုအပ် ပါတယ်။
ဒါ့ကြောင့် မီဒီယာကို လက်နက်သဖွယ်အသုံးချ ကာ သတင်းအတု၊ သတင်းအမှားတွေကို ရေးသား ဖော်ပြပြီး ဝါဒဖြန့်ချိရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး လုပ်ဆောင်နေတာကို ပြည်သူလူထုအနေနဲ့ ကိုယ်ပိုင် စဉ်းစားဉာဏ်ဖြင့် စဉ်းစားချင့်ချိန်ပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်နဲ့အတူ တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ် အပြည့်နဲ့ လက်တွဲ ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ ။
- Log in to post comments