သထုံခရိုင်၌ ယခုနှစ်အတွင်း မီးလောင်မှုပေါင်း ၃၁ ကြိမ်ဖြစ်ပွားခဲ့ပြီး အများစုမှာ ပေါ့ဆမှုကြောင့်ဖြစ်

 

သထုံ   နိုဝင်ဘာ   ၅


မွန်ပြည်နယ်  သထုံခရိုင်အတွင်းရှိ   မြို့နယ်လေးခုတွင်  ယခုနှစ် ဇန်နဝါရီလမှ လက်ရှိအချိန်အထိ မီးလောင်မှုအကြိမ်ရေ စုစုပေါင်း ၃၁ ကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းမီးလောင်မှုများ အနက်အများစုမှာ ပေါ့ဆမှု ကြောင့်  ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း  သထုံခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

 


“မီးသုံးစွဲတဲ့နေရာမှာ   သတိမထား  မေ့လျော့တာတွေပေါ့။  ဒါတွေကြောင့်  မီးလောင်မှုတွေဖြစ်တာ  ပိုများတယ်။ မီးသတ်တပ်ဖွဲ့ အနေနဲ့   မီးလောင်မှုလျော့နည်းအောင်    အလေးထားပြီးဆောင်ရွက် နေသလို   ပြည်သူတွေအနေနဲ့ကလည်း    ရှေးဦးမီးငြှိမ်းသတ်နိုင် ဖို့အတွက်   လိုအပ်တဲ့မီးသတ်ဆေးဘူး၊   မီးချိတ်မီးကပ်စတာတွေ အိမ်တိုင်းဆောင်ထားဖို့လိုတယ်။ မီးသုံးစွဲတာကို စည်းကမ်းရှိကြမှ သာ မီးလောင်မှုတွေ လျော့ကျလာမှာ ပါ” ဟု  ခရိုင်မီးသတ်ဦးစီးဌာန  ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်ကျော်မြင့်က ပြောသည်။

 


မီးလောင်မှုဖြစ်စဉ်များတွင်   သတင်းပေးပို့နောက်ကျခြင်း၊   မီးသတ်ယာဉ်  အဝင်အထွက်ခက်ခဲခြင်းများက မီးသတ်တပ်ဖွဲ့အနေ ဖြင့်    မီးငြှိမ်းသတ်ရာ၌   အခက်အခဲများဖြစ်စေကြောင်း   ၎င်းက   ဆက်ပြောသည်။   ခရိုင်မီးသတ်တပ်ဖွဲ့အနေဖြင့်    မီးလောင်မှု    ကြိုတင်ကာကွယ်ရေးအတွက်   ရှောင်တခင်စစ်ဆေးခြင်း၊   အသိ ပညာပေးနှိုးဆော်ခြင်းများကို   စဉ်ဆက်မပြတ်  ဆောင်ရွက်နေပြီး    တပ်ဖွဲ့ဝင်များ၏  အရည်အသွေးမြင့်မားရေး၊   နည်းပညာမြင့်မား ရေးနှင့် မီးငြှိမ်းသတ်သည့် ပစ္စည်းကိရိယာများ   စုံလင်ကောင်းမွန် ရေးတို့ကိုလည်း      အလေးထားဆောင်ရွက်နေကြောင်း      သိရ သည်။

 


မြို့နယ်အလိုက်   မီးလောင်မှုများမှာ ကျိုက်ထိုမြို့နယ်တွင် မီးလောင်မှု ကိုးကြိမ်ဖြစ်ပွားခဲ့ပြီး ပေါ့ဆမီး လေးကြိမ်၊ ဘီးလင်း မြို့နယ်တွင်   မီးလောင်မှု    ခြောက်ကြိမ်ဖြစ်ပွားခဲ့ပြီး ပေါ့ဆမီး တစ်ကြိမ်၊  သထုံမြို့နယ်တွင်  မီးလောင်မှုကိုးကြိမ်ဖြစ်ပွားခဲ့ပြီး ပေါ့ဆမီး    နှစ်ကြိမ်၊   ပေါင်မြို့နယ်တွင်   မီးလောင်မှု  ခုနစ်ကြိမ်ဖြစ်ပွား ခဲ့ပြီး ပေါ့ဆမီးသုံးကြိမ်ဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရ သည်။                 

ကိုကိုဦး (ပြန်/ဆက်)