
နေပြည်တော် မေ ၁၅
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျနှင့်အတူ ယနေ့ နံနက်ပိုင်း က မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် သပြေဝကျေးရွာအနီးရှိ Clean Power Energy Co.,Ltd မှ တည်ဆောက်ထားသော ၃၀ မဂ္ဂါဝပ် သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ၏ ဓာတ်အားထုတ်လုပ်နေမှုနှင့် ၂၃၀ ကေဗွီ သပြေဝပင်မဓာတ်အားခွဲရုံတို့မှ ဓာတ်အားဖြန့်ဖြူးနေ မှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အလေးထားဆောင်ရွက်
ဦးစွာ သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသို့ရောက်ရှိပြီး ပြည်ထောင်စု ဝန်ကြီးက မိမိတို့နိုင်ငံသည် နေရောင်ခြည်စွမ်းအင် အရင်းအမြစ်များ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သဖြင့် နေရာင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကို အကောင်အထည်ဖော် တည်ဆောက်သွားရမည် ဖြစ်ပါကြောင်း၊ ဤသပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွင် ဆိုလာ Tracking System တပ်ဆင်ထားခြင်းကြောင့် လျှပ်စစ်ဓာတ်အား ပိုမို ထုတ်လုပ်နိုင်သည်ကို တွေ့ရှိရသဖြင့် နောင်ပြုလုပ် မည့် ဆိုလာစီမံကိန်းများတွင်လည်း ဆိုလာ Track-ing System နည်းပညာကို အသုံးပြုသွားရန် လိုအပ် ပါကြောင်း၊ သပြေဝပင်မဓာတ်အားခွဲရုံမှ ဓာတ်အား ပို့လွှတ်ရန် နိုင်နင်းသည့်အတွက် ဤသပြေဝဆိုလာ ဓာတ်အားပေးစက်ရုံအနီးတွင်ရှိသည့် မြေလွတ် မြေရိုင်းများပေါ်တွင် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ဆိုလာစီမံ ကိန်းသစ်များ ထပ်မံအကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေးအတွက် စီမံကိန်းလုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ဓာတ်အားပေးစက်ရုံမှ ပို့လွှတ်သော ဓာတ်အားများ မပြတ်တောက်စေရေးနှင့် ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးတို့ကို အလေး ထား ဆောင်ရွက်သွားရန် မှာကြားသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားထိန်းချုပ်ခန်းအတွင်း နေရောင်ခြည် စွမ်းအင်မှ လျှပ်စစ်ဓာတ်အားများထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ် (National Grid System)သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် စက်ရုံ ဧရိယာအတွင်း Solar Panal များ တပ်ဆင်ထားမှု ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ချိတ်ဆက် ပို့လွှတ်ဖြန့်ဖြူးပေး
သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အား ပေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး သာစည် မြို့နယ် သပြေဝကျေးရွာအနီးရှိ မြေဧရိယာ ၁၃၃ ဒသမ ၄၄ ဧကပေါ်တွင် တည်ရှိပြီး စက်တပ်ဆင် အင်အားမှာ ၃၀ မဂ္ဂါဝပ်ဖြစ်ကာ အမြင့်ဆုံးလျှပ်စစ်စွမ်းအားနှုန်း ၄၅၅ ဝပ်ရှိသည့် Bifacial Mono-crystalline Silicon Module ပေါင်း ၈၃၇၅၂ ခု Single Axis Solar Tracker ၉၆၆ စုံ တပ်ဆင်ထားပြီး မြန်မာနိုင်ငံတွင် ဒုတိယမြောက် အကောင်အထည် ဖော် တည်ဆောက်ပြီးစီးခဲ့သည့် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတစ်ရုံဖြစ်ကာ အဆိုပါဓာတ်အားပေးစက်ရုံမှ တစ်ရက်လျှင် လျှပ်စစ် ဓာတ်အားကီလိုဝပ်နာရီ နှစ်သိန်းကျော်ခန့် ထုတ်လုပ် ကာ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၆၆ သန်း ထုတ်လုပ်ပေးလျက် ရှိပြီး ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို လေးမိုင်ခန့်ရှိသည့် ၃၃ ကေဗွီ နှစ်ထပ်ကောင်းကင် ဓာတ်အားလိုင်းဖြင့် ၂၃၀ ကေဗွီ သပြေဝပင်မ ဓာတ်အားခွဲရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အား စနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးပေးလျက်ရှိ သည်။
ဝန်ထမ်းများကို ဆုချီးမြှင့်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီး ဌာန ၂၃၀ ကေဗွီ သပြေဝပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ပြည်ထောင်စု ဝန်ကြီးက ထပ်မံတည်ဆောက်မည့် နေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေးစက်ရုံများမှ ထွက်ရှိ လာမည့် လျှပ်စစ်ဓာတ်အားများကို သပြေဝပင်မ ဓာတ်အားခွဲရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ဖြန့်ဖြူးပေးနိုင်ရေး ကြိုတင်ဆောင်ရွက် ထားရန်နှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းစေရေးအတွက် ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေး စဉ်ဆက်မပြတ် စစ်ဆေး ဆောင်ရွက်သွားရန် မှာကြား၍ ဓာတ်အားခွဲရုံအတွင်း ရှိ Switch Yard အတွင်း ဓာတ်အားပို့လွှတ် ဖြန့်ဖြူး ပေးနေမှုနှင့် လက်ရှိဓာတ်အားလိုင်းများနှင့် ထရန် စဖော်မာများ၏ ဝန်အားထိန်းညှိဖြန့်ဖြူးထားမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ တာဝန်ကျေပွန်ထူးချွန်သည့် နိုင်ငံ့ ဝန်ထမ်းများကို အသိအမှတ်ပြု ချီးမြှောက်ပေးရေးလမ်းညွှန်ချက်နှင့်အညီ သပြေဝပင်မဓာတ်အားခွဲရုံမှ ဝန်ထမ်းများသည် လုပ်ငန်းတာဝန်များကို ထူးချွန်စွာ ထမ်းဆောင်နိုင်မှု၊ ဓာတ်အားခွဲရုံဝန်းကျင်တွင် သန့်ရှင်းသပ်ရပ်လှပစေရန် ဆောင်ရွက်နိုင်မှုတို့ ကြောင့် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများကို ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်