
နေပြည်တော် မေ ၂၁
မိမိတို့၏ နေ့စဉ်လူမှုဘဝ နေထိုင် ဖြတ်သန်းရာတွင် ကျန်းမာရွှင် လန်းသော လူမှုပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ် စိတ်နှလုံး ချမ်းမြေ့ဖွယ်ရာ မျက်စိပသာဒဖြစ်ပြီး ကျန်းမာရေး နှင့် ညီညွတ်သည့် ပတ်ဝန်းကျင် တစ်ခုရှိရန် အလွန်လိုအပ်အရေး ကြီးလှပါသည်။ မိမိတို့ တစ်ဦးချင်း နေထိုင်ကြသည့် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေမှ သာလျှင် သန့်ရှင်းသာယာလှပသောမြို့၊ ရွာ Clean city ၊ Clean Village များ ဖြစ်လာမည်ဖြစ်ပြီး ကျန်းမာရေး နှင့် ညီညွတ်မျှတမည်ဖြစ်သည့် အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကို ဒေသခံ များ၊ ဒေသတွင် တာဝန် ထမ်းဆောင်နေကြသည့် အုပ်ချုပ် ရေးအဖွဲ့အစည်းများနှင့် စည်ပင် သာယာရေး တာဝန်ရှိသူများက မဖြစ်မနေ ဆောင်ရွက်ကြရမည် ဖြစ်သည်။
ယခုအချိန်အခါတွင် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်း လုံး၌ အုပ်ချုပ်ရေးအဖွဲ့အစည်း များ၊ ဒေသခံပြည်သူများအားလုံး က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ် ဖြင့် ဆောင်ရွက်လျက်ရှိပြီး အပတ်စဉ် စနေနေ့တိုင်းတွင် လည်း မိမိတို့၏ မြို့၊ ရွာဒေသ များ သန့်ရှင်းသာယာလှပရေးကို အားတက်သရော ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ် အပါ အဝင် မြို့နယ် ခုနစ်မြို့နယ်တို့၌ လည်းကောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် ငါးမြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့အပါအဝင် မြို့နယ် ခုနစ်မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ် အပါအဝင် မြို့နယ် ၁၃ မြို့နယ်တို့၌လည်း ကောင်း၊ ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ကျိုင်းတုံမြို့နယ် အပါအဝင် မြို့နယ် ကိုးမြို့နယ်တို့၌လည်း ကောင်း၊ မွန်ပြည်နယ် မုဒုံမြို့နယ် အပါအဝင် မြို့နယ် သုံးမြို့နယ် တို့၌လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့အပါအဝင် မြို့နယ် ၁၀ မြို့နယ် တို့၌လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ မြို့နယ် ၁၄ မြို့နယ်၊ အနောက်ပိုင်းခရိုင်ရှိ မြို့နယ် ၁၂ မြို့နယ်၊ တောင်ပိုင်း ခရိုင်ရှိ မြို့နယ် ၁၀ မြို့နယ်၊ မြောက်ပိုင်းခရိုင်ရှိ မြို့နယ် ကိုးမြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၃ မြို့နယ်တို့၌လည်း ကောင်း၊ ရခိုင်ပြည်နယ် စစ်တွေ မြို့အပါအဝင် မြို့နယ် ၁၇ မြို့နယ် နှင့် ချင်းပြည်နယ် ပလက်ဝမြို့ တို့၌လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၊ ဟုမ္မလင်းမြို့၊ ခန္တီးမြို့နှင့် ကလေးမြို့၊ မကွေး တိုင်းဒေသကြီး ပခုက္ကူမြို့နှင့် ချင်းပြည်နယ် ဟားခါးမြို့တို့၌ လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်း မြို့၌ လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်နှင့် ကရင်ပြည်နယ်သံတောင်ကြီးမြို့တို့၌ လည်း ကောင်း ဌာနဆိုင်ရာအဆောက် အဦများ၊ အခြေခံပညာကျောင်း များ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဈေးများ၊ ပန်းခြံများနှင့် လမ်း၊ တံတားများ၌ ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်း များ တူးဖော်ပေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ ဝန်ကြီး ချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးပြီး လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်