သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရေး

Type
1

 

ကျော်နိုင်ဦး (ပတ်ဝန်းကျင်)
 

ယနေ့ (၂၁) ရာစုခေတ်လူငယ်တွေဟာ ပတ်ဝန်းကျင် ဆိုင်ရာ အသိပညာနဲ့အတွေးအခေါ်တွေ၊ ဖြစ်ပေါ် တိုးတက်မှုတွေ၊ အခက်အခဲနဲ့  စိန်ခေါ်မှုတွေကို စူးစမ်းလေ့လာလိုစိတ်၊ သိရှိနားလည်သင်ယူလိုစိတ်၊ ထိန်းသိမ်းစောင့်ရှောက်လိုစိတ်တွေ များစွာရှိလာ နေကြပြီ ဖြစ်ပါတယ်။ 


သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ(Clean and Green Schools) နဲ့ စိမ်းလန်းသော ကျောင်းပညာရေးအစီအစဉ်တွေကို   အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဟာ ပညာရေးကဏ္ဍမှာ တိုးတက်ပြောင်းလဲမှုတွေကို မလွဲမသွေ  တွေ့မြင် ခံစားနိုင်မှာ ဖြစ်ပါတယ်။ အခြေခံပညာရေးစနစ်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးမှုတွေ  လုပ်ဆောင်ရင်း   ကျယ်ပြန့်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုတွေ လုပ်ဆောင်နိုင် ပါက  ရေရှည်စဉ်ဆက်မပြတ်    ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် များစွာအထောက်အပံ့ဖြစ်စေမှာ   ဖြစ်ပါ တယ်။ 


နိုင်ငံတကာရှိ Eco School များ


၁၉၈၁ ခုနှစ်က စတင်ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး ပတ်ဝန်းကျင်ဆိုင်ရာပညာရေး အဖွဲ့ဖြစ်တဲ့ Foundation for   Environmental Education (FEE) က Eco Schools တွေကို စတင် မိတ်ဆက်ခဲ့တာဖြစ်ပြီး ၁၉၉၂ ခုနှစ်က ရီယိုဒီဂျနေးရိုး မြို့မှာ ကျင်းပခဲ့တဲ့   ကုလသမဂ္ဂပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာညီလာခံရဲ့ ဆွေးနွေးချက်အချို့အပေါ်အခြေခံပြီး Eco Schools တွေ စတင် ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံမှာ Eco  Schools  အစီအစဉ်တွေကို ၁၉၉၄ ခုနှစ်က စတင်ခဲ့ပါတယ်။ နိုင်ငံတကာမှာ အမည်အမျိုးမျိုး ပေးထားကြသော်လည်း အများစုကတော့ Green Schools လို့  လက်ခံသတ်မှတ်ထားကြပါတယ်။ မြန်မာနိုင်ငံမှာ သန့်ရှင်း၍   စိမ်းလန်းစိုပြည်သော ကျောင်းများ  (Clean  and Green Schools) လို့ ခေါ်ဆိုကြပါတယ်။     အိုင်ယာလန်နိုင်ငံမှာဆိုရင် စိမ်းလန်းသော   ကျောင်းပညာရေးအစီအစဉ်ကို ၁၉၉၇  ခုနှစ်ကတည်းက   စတင်မိတ်ဆက်ခဲ့ပြီး Green School ပေါင်း ၃၀၀၀ ကျော် မှတ်ပုံတင် ဖွင့်လှစ်ထားရှိကာ    စာသင်ကျောင်းအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းဟာ စိမ်းလန်းသောကျောင်းများအဖြစ် ရပ်တည်နေကြပြီဖြစ်ပါတယ်။ အဲဒီနိုင်ငံမှာ စိမ်းလန်း သောအလံဆု  (Green  Flag) ကို   ကျောင်းပေါင်း ၁၄၀၀  သို့   ပေးအပ်ချီးမြှင့်နိုင်ခဲ့ပြီး  ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံးဆောင်ရွက်မှုလို့   ဆိုရမှာဖြစ်ပါ တယ်။ ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း ၆၈ နိုင်ငံ၌ Eco School ကျောင်းပေါင်း ၅၉၀၀၀ ရှိနေပြီ ဖြစ်ပါတယ်။ ရေရှည်စဉ်ဆက်မပြတ်     ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်တဲ့ ပညာရေးစနစ်ရရှိဖို့    အထောက်အပံ့ ပေးတဲ့ အစီအစဉ်တစ်ခုအနေနဲ့ အကောင်အထည် ဖော် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။


နိုင်ငံတကာတွင် စိမ်းလန်းသော ကျောင်းများအတွက် အထောက်အပံ့ပေးမှုများ  


စီးပွားရေးလုပ်ငန်းတွေ၊     ကုမ္ပဏီကြီးတွေ၊ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံလာတဲ့   ကုမ္ပဏီတွေက စိမ်းလန်းသောကျောင်းတွေအတွက် လှူဒါန်းငွေ တွေ ထည့်ဝင်ပံ့ပိုးခြင်း၊ စာချုပ်ချုပ်ဆိုပြီး တစ်နှစ်စာ ရန်ပုံငွေတာဝန်ယူပေးခြင်းစတာတွေကို နိုင်ငံတကာ မှာ  ကျင့်သုံးလုပ်ဆောင်နေကြပြီ     ဖြစ်ပါတယ်။ ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေး အဖွဲ့များက စိမ်းလန်းသောကျောင်းတွေအတွက် အသုံးပြုတဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍကို ထောက်ပံ့ ပေးတာမျိုးလည်း တွေ့ရှိလာပါတယ်။    စိမ်းလန်း သောကျောင်းတွေမှာ       ပို့ချမယ့်သင်ခန်းစာ အကြောင်းအရာတွေကို အကြံပေးထောက်ပံ့ပေးတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ  အေဂျင်စီတွေ လည်း များစွာတွေ့ရှိ လာရပါတယ်။ အစိုးရမဟုတ် သောအဖွဲ့အစည်းတွေကလည်း ၎င်းတို့တည်ထောင် ထားတဲ့ ရန်ပုံငွေများစွာထဲမှ စိမ်းလန်းသောကျောင်း ရဲ့ ကျောင်းလှုပ်ရှားမှုတွေ ဆောင်ရွက်နိုင်ဖို့ ရန်ပုံငွေ တွေ ခွဲဝေထောက်ပံ့ပေးလျက်ရှိကြပါတယ်။


မြန်မာနိုင်ငံ C&G School များ၏အစ 


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနဲ့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက်   Pestalozzi Children’s Foundation (PCF) တို့ ပူးပေါင်းပြီး ၂၀၁၈ ခုနှစ်  မေ ၂ ရက်က  နေပြည်တော် သင်္ဂဟ ဟိုတယ်မှာ National Inception Workshop on Development of  Eco  School Guideline in Myanmar ခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ် ကျင်းပခဲ့ပါတယ်။  ၂၀၁၈  ခုနှစ်   အောက်တိုဘာ ၁၂  ရက်မှာ    ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းတွေကို     ရေရှည်ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် အခြေခံလုပ်ငန်း အဖြစ်  အခြေခံပညာကျောင်းတွေမှာ  သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းတွေ ဖော်ဆောင်ဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။ ရည်ရွယ်ချက်တွေ ကတော့ အခြေခံပညာကျောင်းတွေမှာ ပတ်ဝန်း ကျင်ဆိုင်ရာ အသိပညာဗဟုသုတတွေနဲ့ လှုပ်ရှား မှုတွေ ပိုမိုမြှင့်တင်နိုင်ဖို့၊ သန့်ရှင်းတဲ့ပတ်ဝန်းကျင်မှာ ဆရာ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေ ကျန်းမာစွာ  ပညာသင်ယူပို့ချနိုင်ဖို့၊   သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းတွေ ဖွံ့ဖြိုးတိုးတက် လာခြင်းဖြင့်     ရာသီဥတုပြောင်းလဲမှုလျှော့ချရေး လုပ်ငန်းတွေအပေါ်    အထောက်အပံ့ဖြစ်စေဖို့၊ အစိုးရဌာနတွေ၊ ပုဂ္ဂလိကနဲ့ လူမှုအဖွဲ့အစည်းတွေ အကြား    ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်မှုနဲ့    အလေ့အကျင့်ကောင်းတွေကို ရေရှည်ဆောင်ရွက်သွားနိုင်မယ့် Platform တစ်ခု ပျိုးထောင်ပေးနိုင်ဖို့၊  Clean  and Green School Award ဆုတွေ ပေးအပ်ချီးမြှင့်ပြီး   အခြေခံပညာ ကျောင်းတွေဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးနဲ့ညီညွတ်တဲ့ကျောင်းများအဖြစ် အသွင်ပြောင်း ရပ်တည်လာစေဖို့၊ အနာဂတ်လူငယ်တွေအတွက် ပတ်ဝန်းကျင်ဆိုင်ရာ     အလေ့အထကောင်းတွေ၊ အတွေးအမြင်တွေ   စိမ့်ဝင်ပျံ့နှံ့လာပြီး  ပတ်ဝန်းကျင် စိမ်းလန်းသန့်ရှင်း       သာယာလှပရေးအတွက် အထောက်အကူပြုနိုင်ဖို့စတာတွေပဲ ဖြစ်ပါတယ်။


သန့်ရှင်း၍စိမ်းလန်းစိုပြည်သော
ကျောင်းအင်္ဂါရပ်များ  


သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းတွေမှာ  ပတ်ဝန်းကျင်နဲ့      လိုက်လျောညီထွေမှုရှိပြီး  ဆိုးကျိုးမဖြစ်ပေါ်စေတဲ့  အလေ့အကျင့်ကောင်းတွေ ရှိဖို့လိုအပ်ပါတယ်။   စွန့်ပစ်အမှိုက်တွေကို    ခွဲခြား စွန့်ပစ်တဲ့စနစ်လည်း ရှိရမှာဖြစ်ပါတယ်။ ရေ၊   မီး အစရှိတဲ့ စွမ်းအင်တွေကို ချွေတာသုံးစွဲပြီး ထိရောက် စွာ အသုံးပြုတတ်ဖို့လည်း    အရေးကြီးပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အကျင့်ကောင်း တွေ  စီစဉ်ဆောင်ရွက်ထားနိုင်ရမှာ  ဖြစ်ပါတယ်။ အမျိုးအစားစုံလင်တဲ့ သစ်ပင်၊   ပန်းပင်၊   သီးပင် စားပင်တွေနဲ့ စိမ်းလန်းစိုပြည်ပြီး    သန့်ရှင်းတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်လာစေဖို့  စီမံထားရှိဖို့ လည်း လိုပါတယ်။  ကျောင်းဝင်းနဲ့  စာသင်ခန်းတွေ အားလုံးဟာ အမှိုက်သရိုက်ကင်းစင်ရှင်းလင်းနေရမှာ ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူတွေက ဒေသနဲ့    လိုက်လျောညီထွေရှိတဲ့     ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ    တီထွင်ဆန်းသစ်မှုတွေ ပြုလုပ်တတ်ဖို့လည်းလိုပါတယ်။    ရပ်ရွာပြည်သူ လူထုကို    ပတ်ဝန်းကျင်ဆိုင်ရာ    အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ရမှာ   ဖြစ်ပါတယ်။ ကျောင်းအခြေပြုပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှု တွေမှာ ကျောင်းသားမိဘတွေနဲ့   ရပ်ရွာလူထုက ပူးပေါင်းပါဝင်ဆောင်ရွက်မှုရှိကြရမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကိုအကျိုးပြုတဲ့ အလေ့အကျင့်ကောင်း တွေ ပိုမိုဖြစ်ထွန်းလာစေဖို့ အခြေခံပညာကျောင်း တွေအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ကြဖို့လည်း လိုအပ်ပါတယ်။  သန့်ရှင်း၍  စိမ်းလန်းစိုပြည်သော ကျောင်းတွေဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်ကြတဲ့အခါ ရပ်ရွာအခြေပြု အဖွဲ့အစည်းတွေ၊   အစိုးရဌာနအဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ    ပူးပေါင်းပါဝင်လာနိုင် အောင် စီစဉ်ထားရှိရမှာ ဖြစ်ပါတယ်။


သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော
ကျောင်းဆုများ ပေးအပ်ခြင်း


မြန်မာနိုင်ငံတစ်ဝန်းမှာ သန့်ရှင်း၍   စိမ်းလန်း စိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေဖို့ ရည်ရွယ် ချက်နဲ့    အမျိုးသားအဆင့်  သန့်ရှင်း၍ စိမ်းလန်း စိုပြည်သောကျောင်းဆု   (National  Clean  and Green School Award)   ချီးမြှင့်ခြင်းအစီအစဉ်နဲ့ တိုင်းဒေသကြီး/ပြည်နယ်အဆင့် သန့်ရှင်း၍ စိမ်းလန်း စိုပြည်သောကျောင်းဆု( State/Regional National Clean and Green School Award )ချီးမြှင့်ခြင်း အစီအစဉ်တွေကို ၂၀၁၉ ခုနှစ်ကစပြီး နှစ်စဉ် ဇွန်လ ၅ ရက်နေ့မှာ  ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့   အထိမ်းအမှတ်အခမ်းအနား တွေမှာ ထည့်သွင်းပေးအပ်ချီးမြှင့်လျက်ရှိပါတယ်။ အမျိုးသားအဆင့် ဆုရရှိတဲ့ကျောင်းတွေအနေနဲ့ အာဆီယံမှာ လေးနှစ်တစ်ကြိမ် ကျင်းပပြုလုပ်လျက် ရှိတဲ့ ASEAN Eco Schools Award ရရှိဖို့အတွက် ဆက်လက်ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ 


အခြေခံစံနှုန်းနှင့် အညွှန်းကိန်းများ


ASEAN Guidelines on  Eco Schools  ကို အခြေခံကာ မြန်မာနိုင်ငံမှာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပညာရေး ဝန်ကြီးဌာနနဲ့ PCF အဖွဲ့တို့ ပူးပေါင်းပြီး သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများဆိုင်ရာ အခြေခံ စံနှုန်းလေးခုနဲ့ အညွှန်းကိန်း ၁၇ ခု သတ်မှတ်ထားရှိ ခဲ့ပြီး ဖြစ်ပါတယ်။ သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆုယှဉ်ပြိုင်လျှောက်ထားတဲ့ အခြေခံပညာ ကျောင်းတွေအနေနဲ့ အဲဒီအခြေခံစံနှုန်းနဲ့ အညွှန်း ကိန်းပါ လိုက်နာရမယ့်အချက်တွေကို    ပြီးပြည့်စုံ အောင် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်။ 


မြန်မာနိုင်ငံအတွင်းရှိ   အခြေခံပညာကျောင်း အားလုံးဟာ  သန့်ရှင်း၍   စိမ်းလန်းစိုပြည်သော ကျောင်းတွေအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေဖို့ နှစ်စဉ် အလေးထား    ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ပြီး Clean and Green School Award ဆုတွေ ပေးအပ်ချီးမြှင့်ပေးခြင်းအားဖြင့်လည်း   အခြေခံ ပညာကျောင်းတွေဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့ ညီညွတ်သောကျောင်းတွေအဖြစ် အသွင်ပြောင်း ရပ်တည်လာနိုင်မှာ   အသေအချာပဲ ဖြစ်ပါတယ်။ Clean and Green School တွေ  အောင်မြင်စွာ ဖော်ဆောင်နိုင်ပါက အနာဂတ်ရဲ့ ခေါင်းဆောင်တွေ ဖြစ်တဲ့   မျိုးဆက်သစ် ကျောင်းသားလူငယ်တွေ အနေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အလေ့ အထကောင်းတွေ၊ အတွေးအမြင်တွေ စိမ့်ဝင်ပျံ့နှံ့ လာမှာဖြစ်ပြီး   ပတ်ဝန်းကျင်စိမ်းလန်းသန့်ရှင်း သာယာလှပရေးအတွက်   များစွာအထောက်အကူပြု နိုင်မှာ  ဖြစ်ပါတယ်။   ဒါကြောင့်   ဒီလိုကျောင်းတွေ ဆက်လက်ပေါ်ထွန်းလာစေဖို့     အစိုးရဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနဲ့        ပြည်သူလူထုက  အခြေခံပညာ ကျောင်းတွေနဲ့အတူ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းရေးသား  တင်ပြ အပ်ပါတယ်။     ။