သံဖြူဇရပ်၌ အောက်ဆီဂျင်အရည်စက်ရုံ ဖွင့်ပွဲကျင်းပ

နေပြည်တော်   ဩဂုတ်   ၂၅


မွန်ပြည်နယ်  သံဖြူဇရပ်မြို့  ဖောင်စိန်ရပ်ကွက်၌ အောက်ဆီဂျင်အရည်စက်ရုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်း တွင် အဆိုပါစက်ရုံနေရာ၌ပြုလုပ်ရာ သံဖြူဇရပ်မြို့  မြို့လယ်ကျောင်း  ပရိယတ္တိစာသင်တိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု  ဘဒ္ဒန္တဇောတိပါလ   အမှူး ပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး  မွန်ပြည်နယ်ဝန်ကြီးချုပ်      ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများ၊    အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်ချုပ်ကိုကိုမောင်နှင့်    အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များ၊     ဒေသခံပြည်သူများ တက်ရောက်ကြသည်။ 


ဦးစွာ   ပြည်နယ်ဝန်ကြီးချုပ်က  အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် စက်ရုံတည်ဆောက် ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ    ဦးအောင်သန်းက အလှူရှင်များကို       ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားသည်။


ထို့နောက်   အောက်ဆီဂျင်အရည်စက်ရုံအား သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က   ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး   စက်ရုံကမ္ပည်း မော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြ သည်။

လှည့်လည်ကြည့်ရှု


ဆက်လက်၍  ပြည်နယ်ဝန်ကြီးချုပ်၊  တိုင်းမှူး နှင့် တာဝန်ရှိသူများက အောက်ဆီဂျင်စက်ရုံအတွင်း  အောက်ဆီဂျင်အရည်ထုတ်လုပ်နေမှု အခြေအနေ များကို   လှည့်လည်ကြည့်ရှုကာ  လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


အဆိုပါစက်ရုံအား ကိုဗစ်-၁၉ ရောဂါ ကုသရေး လုပ်ငန်းများတွင်    အောက်ဆီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မွန်ပြည်နယ်အတွင်းမှ ရဟန်းရှင်လူ၊   ပြည်သူများနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်    နယ်မြေခံတပ်မတော်သားများ၏ စုပေါင်းလှူဒါန်းငွေ  ကျပ်သိန်း ၄၇၀၀ ဖြင့်   ဇူလိုင် ၁၅     ရက်တွင်   စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး   တစ်ရက်လျှင် အောက်ဆီဂျင် လီတာ  ၄၀ ဆလင်ဒါအိုး ၁၂၀၀ ခန့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း  သိရသည်။                                    

   သတင်းစဉ်