
နေပြည်တော် ဩဂုတ် ၁၁
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက် အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုး မွေးမြူရေးနှင့် အခြားလူသုံးကုန် လုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့် ထုတ်လုပ် နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများ နှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ညောင်သုံးပင်ကျေးရွာအုပ်စုရှိ ပုဂ္ဂလိကပိုင် မဟာနန်းတော် ဆိတ်မွေးမြူရေးခြံနှင့် တဲပြာနို့စားနွားမွေးမြူရေးခြံတို့ကို သွားရောက် ကြည့်ရှု၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် တာဝန်ရှိသူများသည် ဘော့ချောင်းကျေးရွာ၌ ရန်ကုန်တိုင်းဒေသကြီး ငါးမွေးမြူရေးဦးစီးဌာနမှ ပြုလုပ်သည့် ငါးမျိုးစိုက်ထည့်ပွဲသို့ တက်ရောက်၍ ဘော့ချောင်းအတွင်းသို့ ငါးမြစ်ချင်းအကောင်ရေ ၆ သိန်းကျော် ငါးမျိုးစိုက်ထည့်ခြင်းဆောင်ရွက်ခဲ့ပြီး စစ်ပင်ကွင်း ကျေးရွာရှိ နည်းပညာပေးရေးစခန်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သည့် ဒေသခံတောင်သူများအား ပင်လယ်ကိုးသွယ် ကုမ္ပဏီက စိုက်ပျိုးစရိတ်ငွေနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်