“သံခင်း တမန်ခင်းဟာ နိုင်ငံတော်ကာကွယ်ရေးအတွက် ရှေ့တန်းခံစစ်စည်းဖြစ်တယ်” ဟူသော အဆိုကို လက်တွေ့သက်သေပြခြင်း

Type

 

သန်းဇော်

 

ပြီးခဲ့တဲ့  ၂၀၂၂ ခုနှစ် ဧပြီ ၃ ရက်နေ့က မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ထုတ်ပြန်မှု (နိုင်ငံခြားသုံးငွေကိစ္စ) အပေါ် မြန်မာ နိုင်ငံမှာရှိတဲ့ ဂျပန်သံရုံးက  ဧပြီ ၄  ရက်မှာ လည်းကောင်း၊ ဥရောပသမဂ္ဂက ဧပြီ ၅ ရက်မှာ လည်းကောင်း၊ စင်ကာပူသံရုံးက ဧပြီ ၆ ရက်မှာ လည်းကောင်း တစ်ရက် / နှစ်ရက်သာ ကွာခြားပြီး သူတို့ နိုင်ငံသားတွေရဲ့ ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားအတွက် တောင်းဆိုချက်များကိုဖော်ပြကာ နိုင်ငံခြားရေးဝန်ကြီးဌာနကို  စာပေးပို့ခဲ့ကြတာ အားလုံးသိရှိပြီး ဖြစ်ပါတယ်။ သံရုံးဖွင့်လှစ်ရခြင်း၊ သံတမန်များအပြန်အလှန်ထားရှိရခြင်းရဲ့ ရည်ရွယ်ချက်ကို သိရှိဖို့ Diplomats နဲ့ Diplomacy အ‌ဓိပ္ပာယ်ကို ဦးစွာသိရှိဖို့ လိုအပ်ပါတယ်။

 

Diplomats နှင့် Diplomacy ၏ အဓိပ္ပာယ် 


ကမ္ဘာ့နိုင်ငံ အသီးသီးမှာ မိမိနိုင်ငံရဲ့  ကိုယ်စား လှယ်ကို  အခြားနိုင်ငံရဲ့   မြို့တော်မှာ  ထားရှိပြီး နိုင်ငံတကာရေးရာကိစ္စရပ်တွေမှာ   မိမိနိုင်ငံကို ကိုယ်စားပြု  ညှိနှိုင်းဆောင်ရွက်ရေးဟာ  လိုအပ် ချက်တစ်ရပ်ဖြစ်လာပါတယ်။   ထို  လူတန်းစား တစ်ရပ် ပေါ်ပေါက်လာခဲ့ပြီး  သူတို့ကို  သံတမန် (Diplomats) လို့  ခေါ်ဆိုပါတယ်။  နိုင်ငံတကာ အရေးကိစ္စရပ်တွေမှာ     မိမိနိုင်ငံကိုယ်စားပြုပြီး ဆွေးနွေးညှိနှိုင်း   ဖြေရှင်းရာမှာ     အသုံးပြုတဲ့ နည်းလမ်း၊ အတတ်ပညာကို   သံခင်းတမန်ခင်း (Diplomacy) ဟု ခေါ်ဆိုပါတယ်။ 
အဓိကမှာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနဲ့ လုံခြုံ ရေးကိစ္စရပ်တွေ ဖြစ်ပါတယ်။ 

 


သံအမတ်ခန့်အပ်လွှာ ပေးအပ်ခြင်း


သံအမတ်ကြီး  တာဝန်ထမ်းဆောင်ဖို့  အိမ်ရှင် နိုင်ငံတစ်ခုကို  ရောက်ရှိသွားတဲ့အခါ  သံတမန် ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနား (Presentation of Credentials) ဟာ  အထူးအရေးကြီးပါတယ်။ မိမိနိုင်ငံရဲ့  နိုင်ငံတော်အကြီးအကဲထံမှ သဝဏ်လွှာ ကို လက်ခံတဲ့နိုင်ငံရဲ့  နိုင်ငံတော်အကြီးအကဲထံသို့ အခမ်းအနားနဲ့ ပေးအပ်ရတဲ့ မင်းခမ်းမင်းနားတစ်ရပ် ဖြစ်ပါတယ်။

 


နိုင်ငံတိုင်းရှိ အစိုးရတိုင်း၏ လက်ယာရံနှင့် လက်ဝဲရံ


နိုင်ငံတိုင်းရဲ့  အစိုးရတိုင်းမှာ  ကာကွယ်ရေး ဝန်ကြီးဌာနကို  လက်ယာဘက်မှာ   ကိုင်ထားပြီး လက်ဝဲဘက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုင် ထားလေ့ရှိပါတယ်။ (လက်ဝဲဘက်မှာ Soft power ထားပြီး လက်ယာဘက်မှာ  Hard power ထားရှိတဲ့ သဘော ဖြစ်ပါတယ်။)

 


“သံခင်းတမန်ခင်းဟာ နိုင်ငံတော် ကာကွယ်ရေး အတွက် ရှေ့တန်းခံစစ်စည်း ဖြစ်တယ်” (Diplo-macy is the first line of defence) လို့ အဆိုရှိပါ တယ်။ တစ်နည်းအားဖြင့်  ရှေ့ဆုံးက  ဒိုင်းသဖွယ် နိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန် (Diplomats) တွေက  သံတမန်အတတ်ပညာနဲ့ ရှေ့ဆုံးကနေ ပြည်ပရောက်  နိုင်ငံသားတွေရဲ့   အကျိုးစီးပွား အပါအဝင် နိုင်ငံတော်ရဲ့  အကျိုးစီးပွားအတွက် အကာအကွယ်ပေးရမှာ ဖြစ်ပါတယ်။  

 


 တပ်မတော်က    နိုင်ငံတော်ကာကွယ်ရေး အတွက်  “ဒုတိယ ခံစစ်စည်း”  (Second Line of Defence) ဖြစ်ပါတယ်။ 
ဒီ ဝန်ကြီးဌာန နှစ်ခုဟာ  အစိုးရတိုင်းအတွက် သိပ်အရေးပါ ပါတယ်။ ဒါကြောင့်လည်း ဒီဝန်ကြီး ဌာန နှစ်ခုရဲ့ ဝန်ကြီးများအဖြစ် အာဏာရ ပါတီ/ အာဏာရ အစိုးရ (သို့)  တည်ဆဲအစိုးရရဲ့ အဓိက ပုဂ္ဂိုလ်က သူ့စိတ်ကြိုက် ပုဂ္ဂိုလ်တွေကို ထိုဝန်ကြီး နေရာတွေမှာ တာဝန်ပေးလေ့ ရှိပါတယ်။ 

 


နမူနာယူရမည့် အချက်


ဗဟိုဘဏ်ရဲ့  ဧပြီ ၃ ရက်နေ့ အမိန့် ကြော်ငြာ ချက်အပေါ်  မြန်မာနိုင်ငံရှိ   ဂျပန်သံရုံး၊ ဥရောပ သမဂ္ဂနဲ့ စင်ကာပူနိုင်ငံ သံရုံးတွေက မြန်မာနိုင်ငံမှာ ရှိတဲ့  သူတို့  နိုင်ငံသားတွေ အကျိုးစီးပွားအတွက် ရှေ့တန်းခံစစ်စည်းအဖြစ်  ရှေ့ဆုံးကနေ  အကာ အကွယ်ပေးပြီး တောင်းဆိုချက် (Request) များ ထုတ်ပြန်ခဲ့တာကို အားလုံးသိရှိမှာ ဖြစ်ပါတယ်။

 


ဒါ့အပြင် ၂၀၂၁ ခုနှစ် ဆူပူဆန္ဒပြမှုများ အတွင်း ရန်ကုန်တိုင်းဒေသကြီး   လှိုင်သာယာမြို့နယ်မှာ  တရုတ်နိုင်ငံသားတွေ လာရောက်ရင်းနှီးမြှုပ်နှံနေတဲ့  စက်ရုံတွေ   မီးရှို့ခံရတဲ့ဖြစ်စဉ်   ဖြစ်ပွားပြီးနောက် တရုတ်သံရုံးက သူတို့နိုင်ငံသားတွေရဲ့ အကျိုးစီးပွား အတွက် ကာကွယ်စောင့်ရှောက်ပေးဖို့  တောင်းဆိုမှု များ ထုတ်ပြန်ကြေညာခဲ့တာကို သိရှိကြပြီး ဖြစ်ပါ တယ်။
ဒါဟာ သံရုံးရှိ သံတမန်တွေရဲ့ သံခင်းတမန်ခင်း အတတ်ပညာနဲ့ ရက်ကွာဟချက် သိပ်မရှိဘဲ ပြည်ပ ရှိ သူတို့ နိုင်ငံသားတွေနဲ့  INGO အဖွဲ့အစည်းတွေ အတွက် တောင်းဆိုမှုများ ပြုလုပ်ပြီး တုံ့ပြန်ခဲ့တာကို သင်ယူရမယ့်  နမူနာသင်ခန်းစာအဖြစ်  တွေ့မြင် ခဲ့ရပါတယ်။

 


သံတမန်တွေ မျက်နှာငယ်ရတဲ့ ကာလ


ဒါပေမယ့် သံတမန်(Diplomats)တွေ မျက်နှာငယ် ရတဲ့ ကာလတွေမှာတော့ သံခင်းတမန်ခင်း  (Diplo-macy) အတတ်ပညာဟာ တိုးမပေါက်၊ အရာမထင် ကြောင်းတွေ့ရှိရမှာ ဖြစ်ပါတယ်။ “သံတမန်တွေ မျက်နှာငယ်ရတယ်” ဆိုတာက ဒေသတွင်းနဲ့ ကမ္ဘာ့ အရေးကိစ္စ အစည်းအဝေးတွေမှာ  အစည်းအဝေး တက်ရောက်ခွင့်၊ ပြောဆိုခွင့်မရရှိတဲ့  အခြေအနေ များပင် ဖြစ်ပါတယ်။ 
အနီးစပ်ဆုံး  ဥပမာပြရရင်   ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ် ဖြစ်ပွားနေစဉ် အတောအတွင်း ကုလသမဂ္ဂ အစည်းအဝေးတစ်ခုမှာ ရုရှား နိုင်ငံခြား ရေးဝန်ကြီးက အွန်လိုင်းကနေ မိန့်ခွန်း ပြောကြား နေတုန်း အစည်းအဝေးတက်ရောက်သူ အားလုံးနီးပါး  နားမထောင်ဘဲ  ခန်းမထဲကနေ ထွက်ခွာခြင်းမျိုး၊ ဒေသတွင်းရှိ  အဖွဲ့အစည်းတွေမှာ အစည်းအဝေး တက်ခွင့်မရခြင်းမျိုး၊ အစည်းအဝေးတက်ခွင့်ရပေ မယ့် စကားပြောခွင့်မရခြင်းမျိုး စသည်တို့ ဖြစ်ပါ တယ်။

 


နိဂုံးချုပ်


အချုပ်ဆိုရရင် နိုင်ငံတိုင်းဟာ သူတို့ရဲ့ နိုင်ငံတော် နဲ့ ပြည်သူတွေအပေါ်  ကျရောက်လာနိုင်ဖွယ်ရှိတဲ့ ဆိုးကျိုးများ၊ အန္တရာယ်များ၊ ခြိမ်းခြောက်မှုများကို သံတမန်အတတ်ပညာ (Diplomacy) များ၊ သံတမန် နည်းပရိယာယ်များကို အသုံးချပြီး  “Diplomacy is the first line of defence” ဆောင်ပုဒ်အတိုင်း ကြိုတင်မျှော်တွေး ကာကွယ်ဟန့်တားကြရပါမယ်။  Soft power နဲ့ Hard power ပေါင်းစပ်ပြီး နိုင်ငံတော် နဲ့ နိုင်ငံသားတွေရဲ့ အမျိုးသားအကျိုးစီးပွားအတွက် အသုံးချနိုင်ရေး အထောက်အကူပြုရပါမယ်။  

 


နိုင်ငံတော်ရဲ့  လစာနဲ့  စရိတ်  ခံစားနေကြတဲ့ မြန်မာသံတမန်တွေအနေနဲ့ အထက်‌မှာ ဖော်ပြခဲ့ သော ပြည်ပသံရုံးများရဲ့ လုပ်ဆောင်ချက်တွေလိုမျိုး လုပ်ဆောင်လျက် ရှိတယ်လို့ ထင်ပါတယ်။ လုပ်ဆောင် လည်း လုပ်ဆောင်ရပါမယ်။  လုပ်ဆောင်လည်း လုပ်ဆောင်သင့်ပါတယ်။  နိုင်ငံတော်နဲ့ ပြည်တွင်း မှာရှိတဲ့  နိုင်ငံသားတွေရဲ့   အကျိုးစီးပွားအတွက် သာမက  ပြည်ပနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင် နေတဲ့ နိုင်ငံသားတွေ၊ ပြည်ပနိုင်ငံတွေမှာ တရားဝင် ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ဝမ်းရေးအတွက် ရှာဖွေ လုပ်ကိုင်စားသောက်နေတဲ့ နိုင်ငံသားတွေ၊  အပြည် ပြည်ဆိုင်ရာကူးသန်းရောင်းဝယ်ရေး   သင်္ဘော ကုမ္ပဏီတွေမှာ လုပ်ကိုင်နေတဲ့  နိုင်ငံသားတွေရဲ့  အကျိုးစီးပွားအတွက်လည်း  အထက်မှာ ဖော်ပြ ခဲ့တဲ့  နမူနာအတိုင်း  အချိန်မဆိုင်းဘဲ   ကာကွယ် စောင့်ရှောက်ပေးနိုင်ကြပါစေကြောင်း   ရေးသား တင်ပြလိုက်ရပါတယ်။         ။