သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော ကုန်စည်စာရင်းများ သတ်မှတ်ထုတ်ပြန်

 

 

နေပြည်တော်   ဇန်နဝါရီ   ၃၁
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု နောက် ဆက်တွဲအနေဖြင့် စီးပွားရေးလုပ်ငန်းများ  တုံ့ဆိုင်း ခြင်းကို ပြန်လည်ကုစားနိုင်ရန်၊   နိုင်ငံ၏  ပို့ကုန် တင်ပို့မှု၊ သွင်းကုန်တင်သွင်းမှုများ စနစ်တကျ ရှိစေရန်နှင့်  ပြည်ပမှကုန်စည်များ  တင်သွင်းမှု အတွက်     နိုင်ငံခြားငွေကြေး     အသုံးပြုမှုကို ထိန်းညှိဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြည်ပမှ တင်သွင်းမှုများသည့် ကုန်စည်များကို သွင်းကုန် လိုင်စင်စနစ်ဖြင့်      ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့လိုင်စင်စနစ်ဖြင့်    ဆောင်ရွက်ရာတွင် သွင်းကုန်လုပ်ငန်းရှင်များ ကြိုတင်ပြင်ဆင် ဆောင် ရွက်နိုင်ရေးအတွက်   ပြည်တွင်းလိုအပ်ချက်၊      ပြည်တွင်းထုတ်လုပ်နိုင်မှု၊ ကုန်ကြမ်းလိုအပ်ချက် များကိုအခြေခံ၍ သွင်းကုန်လိုင်စင် လျှောက်ထား ရန်  လိုအပ်သော ကုန်စည်စာရင်းများကို အဆင့် ၃ ဆင့် သတ်မှတ်ထုတ်ပြန်ရန်လျာထားကြောင်း သိရသည်။
ပထမအဆင့်အနေဖြင့်   အီလက်ထရောနစ် ပစ္စည်းများ၊ စားသောက်ကုန် အချို့၊  အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ စက္ကူပစ္စည်းများ၊   ဆောက် လုပ်ရေးသုံး ပစ္စည်းများနှင့် သက်ဆိုင်သည့် 2017 Customs   Tariff  of   Myanmar  အရ HS. Code 10 digit ဖြင့် ကုန်စည်လိုင်း ၃၀၇၀ ကို သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်းများအဖြစ် ၂၀၂၂  ခုနှစ်၊  ဇန်နဝါရီ ၁ ရက်မှစတင်၍   သတ်မှတ်ကြောင်း   ပို့ကုန် သွင်းကုန်နှင့်    ပတ်သက်သည့်   သတင်းလွှာ (၁၈/၂၀၂၁) ဖြင့် ထုတ်ပြန်ခဲ့သည်။ 
ဒုတိယအဆင့်အနေဖြင့် ဂျုံစေ့၊ စားသောက် ကုန်အချို့၊ ပလတ်စတစ်ပစ္စည်းအချို့၊ ပျော့ဖတ်၊ ပိုးချည်၊ ဝါချည်၊ ကော်ဇောကဲ့သို့သော   ကြမ်းခင်း များ၊ ချည်ထည်ပစ္စည်းများ၊ ဖန်ဖြင့်ပြုလုပ်သော လူသုံး၊ အိမ်သုံးပစ္စည်းများ၊ စက်ဘီးနှင့် မော်တော် ယာဉ်အပိုပစ္စည်းများပါဝင်သည့် 2017 Customs Tariff of Myanmar အရ HS. Code 10 digit ဖြင့် ကုန်စည် ၈၂၆ လိုင်းကို သွင်းကုန်လိုင်စင် လျှောက် ထားရန် လိုအပ်သော ကုန်စည်လိုင်းများ အဖြစ် မတ် ၁  ရက်မှစတင်၍   သတ်မှတ်ကြောင်းကို ဇန်နဝါရီ ၂၅ ရက်တွင် ပို့ကုန်သွင်းကုန်နှင့်ပတ်သက် သည့် သတင်းလွှာ  (၁/၂၀၂၂)  ဖြင့် ထုတ်ပြန်ခဲ့သည်။
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ   လုပ်ငန်း ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေစေရေးအတွက် သတ်မှတ်ရက်မတိုင်မီ သွင်းကုန်လိုင်စင်များကို ကြိုတင်လျှောက်ထားလိုပါက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ  ၁  ရက်မှစတင်၍ သွင်းကုန်လိုင်စင် လျှောက်ထား ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ  ကုန်စည်လိုင်းများအလိုက် ထုတ်ပြန် ချက်များကို ဝန်ကြီးဌာန၏   ဝက်ဘ်ဆိုက်များ ဖြစ်သော  commerce.gov.mm ၊   myanmar-tradeportal.gov.mm နှင့်       commercejournal.com.mm  တို့တွင်    လွှင့်တင်ထားပြီးဖြစ်သဖြင့်  အသေးစိတ်    ကြည့်ရှုလေ့လာနိုင်ကြောင်းနှင့်     အဆိုပါထုတ်ပြန်ချက်များအပေါ် မရှင်းလင်းသည် များကို မေးမြန်းလိုပါက နေပြည်တော်ရှိ ကုန်သွယ် ရေးဦးစီးဌာန(ရုံးချုပ်)တွင်လည်းကောင်း၊  ရန်ကုန်၊ မန္တလေး အစရှိသည့်မြို့ကြီးများရှိ ပို့ကုန်သွင်းကုန် ရုံးခွဲများတွင်   လည်းကောင်း၊ နယ်စပ်ကုန်သွယ်ရေး         စခန်းများ၊ ကုန်သွယ်ရေးဇုန်များသို့ လည်းကောင်း ချိတ်ဆက်၍ မေးမြန်းနိုင်ကြောင်း သိရသည်။                                 
သတင်းစဉ်