
ပဲခူး ဧပြီ ၂
မဟာသင်္ကြန်ပွဲတော်ကာလတွင် ပဲခူးမြို့ အခြေစိုက် မြို့တွင်း၊ မြို့ပြင်ပြေးဆွဲပေးလျက် ရှိသည့် ခရီးသည်တင်ယာဉ်လိုင်းများအနေဖြင့် ယာဉ်စီးခနှုန်းထားများ တိုးမြှင့်ကောက်ခံခြင်း မရှိဘဲ ပုံမှန်နှုန်းထားများအတိုင်းသာ ပြေးဆွဲ သွားမည်ဖြစ်ကြောင်း ပဲခူးမြို့နယ် ယာဉ် လုပ်ငန်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစောသန်းမော်ထံမှ သိရသည်။
ပဲခူးမြို့ ကျွန်းသာယာအဝေးပြေးယာဉ် ရပ်နားစခန်းဝင်းအတွင်းမှ ပဲခူးမြို့ပြင်နှင့် မြို့တွင်းသို့ ခရီးသည် ပို့ဆောင်ပြေးဆွဲ ပေးလျက်ရှိသည့် ယာဉ်လိုင်းပေါင်း ၂၃ လိုင်း ရှိပြီး ယာဉ်အစီးရေ ၁၃၃၂ စီးရှိကာ ပဲခူးမြို့မှ အခြားမြို့များဖြစ်သည့် ရန်ကုန်မြို့၊ တောင်ငူ မြို့၊ ကျိုက်ထိုမြို့များသို့ ယာဉ်လိုင်း ၁၃ လိုင်း မော်တော်ယာဉ် ၆၅၃ စီး၊ မြို့တွင်းတွင် ယာဉ် လိုင်း ၁၀ လိုင်း ယာဉ်အစီးရေ ၆၇၉ စီးဖြင့် ခရီးသည်များ သွားလာမှုအဆင်ပြေစေရေး အတွက် ပြေးဆွဲပေးလျက်ရှိကြောင်း သိရ သည်။
သင်္ကြန်ပွဲတော်ကာလတွင် ယာဉ်စီးခများ တိုးမြှင့်ကောက်ခံခြင်းမရှိသကဲ့သို့ ယာဉ်လိုင်း များမှ မော်တော်ယာဉ်များ ရပ်နားခြင်းမျိုး လည်း ရှိမည်မဟုတ်ကြောင်း၊ ခရီးသည်များ သွားလာမှု နည်းပါးခြင်းကြောင့် ပြေးဆွဲယာဉ် အစီးရေ လျော့နိုင်ကြောင်း သိရသည်။
ယခင်နှစ်များကလည်း မြို့နယ်ယာဉ် လုပ်ငန်းကြီးကြပ်ရေးကော်မတီ လက်အောက် ရှိ ယာဉ်လိုင်းများအနေဖြင့် မဟာသင်္ကြန် ကာလတွင် ယာဉ်လိုင်းများရပ်နားခြင်း၊ ယာဉ်စီးခနှုန်းထားများ တိုးမြှင့်ကောက်ခံ ခြင်းများ မရှိခဲ့ကြောင်း၊ ယာဉ်လုပ်ငန်းကြီးကြပ် ရေးကော်မတီအနေဖြင့်လည်း မဟာသင်္ကြန် ကာလအတွင်း ယာဉ်စီးခနှုန်းထားများ တိုးမြှင့်ကောက်ခံမှုမရှိရေးနှင့် ယာဉ်လိုင်းများ ရပ်နားမှုမရှိစေရေးအတွက် အထက်ဌာနများ ၏ ညွှန်ကြားချက်များကို ယာဉ်လိုင်းများသို့ ထပ်ဆင့်ညွှန်ကြားခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း၊ ယခုနှစ်တွင်လည်း ယာဉ်စီးခနှုန်း ထားများ တိုးမြှင့်ကောက်ခံမှုမရှိဘဲ မဟာ သင်္ကြန်ကာလ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာမှု ရှိစေရေးအတွက် စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မောင်ယဉ်ဦး