သင်္ကြန်ကာလ စက်မှုဇုန်အလုပ်သမားများ နေရပ်သို့ပြန်ရာတွင် အဆင်ပြေချောမွေ့စေရေးဆောင်ရွက်ပေးနေ

 

ရန်ကုန်    ဧပြီ    ၁၀


သင်္ကြန်ကာလ ရုံးပိတ်ရက်များတွင် စက်မှုဇုန်များမှ အလုပ်သမားများ နေရပ်ဒေသအသီးသီးသို့ ပြန်ရာ တွင် အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေး စနစ် တကျဖြစ်စေရန် ညှိနှိုင်းအစည်းအဝေးကို   ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဧပြီ ၈ ရက်က ပြုလုပ်သည်။

 


အဆိုပါ   အစည်းအဝေးတွင်  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ   အလုပ်သမားများ   သင်္ကြန်ရုံး ပိတ်ရက်များတွင် နေရပ်ဒေသအသီးသီး သို့ပြန်ရာ၌   အခက်အခဲဖြစ်ပေါ်မှု  မရှိစေရန်နှင့်  အဆင်ပြေ ချောမွေ့စေပြီး   စနစ်တကျဖြစ်စေရေး ဖြေရှင်း ဆောင်ရွက်ကူညီပေးရန်  ဌာနအလိုက်  တာဝန်ရှိသူ များကိုခေါ်ယူ၍     အစည်းအဝေးပြုလုပ်ရခြင်း ဖြစ်ကြောင်းပြောကြားသည်။

 


ယာဉ်လိုင်းများနှင့် ချိတ်ဆက်


ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ်  တိုင်းမှူး   ဗိုလ်ချုပ်ညွန့်ဝင်းဆွေက  နေရာဒေသ အသီးသီးမှ လာရောက်ပြီး  ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ  စက်မှုဇုန်များ၌   အလုပ်လုပ်နေသော အလုပ်သမားများ  သင်္ကြန်ရုံးပိတ်ရက်ကာလများ တွင် မိမိနေရပ်ဒေသများသို့    အဆင်ပြေစွာ  ပြန်နိုင်ရေး   တာဝန်ရှိသူများက    ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန်နှင့် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးမည့်အစီအမံများကို လည်းကောင်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း က  အလုပ်သမားများ   နေရပ်ဒေသအသီးသီးသို့ ပြန်နိုင်ရေး သက်ဆိုင်ရာယာဉ်လိုင်းများနှင့် ချိတ်ဆက် ဆောင်ရွက်နေမှုများကို လည်းကောင်း   ရှင်းလင်း တင်ပြသည်။

 


ထို့နောက်  တက်ရောက်လာကြသည့်   အလုပ် သမားရေးရာဆက်ဆံရေးဦးစီးဌာန၊  အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ က စက်မှုဇုန်များမှ အလုပ်သမားများ နေရပ်သို့ပြန်ရာ တွင်  အဆင်ပြေချောမွေ့ပြီး   စနစ်တကျဖြစ်စေရေး ဆောင်ရွက်ထားရှိသည့်  အစီအမံများကို   ဆွေးနွေး တင်ပြသည်။

 


ယင်းနောက်  တိုင်းဒေသကြီး   ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်မှာကြားပြီး   လိုအပ်သည်များကို   ဖြည့်ဆည်း ဆောင်ရွက်ပေးကြောင်း သိရသည်။


ဆန်းကျော်ဦး(ပြန်/ဆက်)