
နေပြည်တော် ဧပြီ ၉
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်း ၌ ရှမ်းပြည်နယ် လားရှိုးမြို့ ပြည်သူ့ဆေးရုံ ကုသဆောင်များကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များအား ဖြည့်စွက်မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြင်ပ လူနာဌာန၊ ဓာတ်ခွဲခန်းနှင့် သွေးလှူဘဏ်များသို့ လှည့်လည်ကြည့်ရှုစစ်ဆေး၍ သင်္ကြန်ကာလအတွင်း သွေးများ ပြတ်လပ်မှုမရှိရန် သွေးလှူရှင်များမှ လှူဒါန်းထားသည့် သွေးများကို စနစ်တကျထိန်းသိမ်း ထားရန် အရေးကြီးပါကြောင်း၊ သင်္ကြန်ကာလ အတွင်း ပြည်သူလူထု အဆင်ပြေစေရန်အတွက် အရေးပေါ် ဆေးကုသမှုလုပ်ငန်းများနှင့် ပုံမှန် ဆေးကုသရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် စေရေး စီစဉ်ဆောင်ရွက်ထားရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Oxygen Plant သို့ သွားရောက်၍ အောက်ဆီဂျင် ထုတ်လုပ်မှု၊ သုံးစွဲမှု အခြေအနေကို ကြည့်ရှု ပြီး လိုအပ်လာသည့်အချိန်တွင် အောက်ဆီဂျင် လုံလောက်စွာ ရရှိနိုင်ရေးအတွက် ပုံမှန်ပြင်ဆင်ထိန်းသိမ်းထားရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် RT-PCR ဓာတ်ခွဲခန်းသို့ သွားရောက်ကာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲနမူနာများ စမ်းသပ်စစ်ဆေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်