
ရန်ကုန် ဇန်နဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦး ပြုစုခြင်း(အခြေခံ)သင်တန်းများ အမှတ်စဉ်(၃/၂၀၂၂)၊ (၄/၂၀၂၂)၊ (၅/၂၀၂၂)နှင့် (၆/၂၀၂၂) သင်တန်းများဆင်းပွဲနှင့် သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ် ကြက်ခြေနီအသင်းခွဲ ဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ် ပညာနေခြည်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်မြင့်က သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ဆက်လက်၍ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ် ကြက်ခြေနီအသင်းခွဲ အမှုဆောင်အဖွဲ့ ခန့်အပ်လွှာနှင့် အသင်းဝင်အဆိုပြုလွှာများကို ကျောင်းအုပ်ကြီး ဒေါ်ငြိမ်းသီအောင်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးအား ပေးအပ်သည်။ ယင်းနောက် တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများက အပတ်စဉ်အလိုက် ထူးချွန်ဆုရ သင်တန်း သားများအား ဆုများချီးမြှင့်ပေးသည်။
ဆက်လက်၍ သင်တန်းသားများအား အောင်လက်မှတ်များ ချီးမြှင့် ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရှေးဦးပြုစုခြင်းဆေးအိတ်ကို လှူဒါန်းရာ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ် ကြက်ခြေနီအသင်းခွဲမှ ကျောင်းအုပ်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းဒုတိယဥက္ကဋ္ဌ ဦးမျိုးမြင့်က ငွေကျပ် ၃၁၀၀၀၀ တန်ဖိုးရှိ ရှေးဦးပြုစုခြင်းကျန်းမာရေးစာအုပ်ကို ပေးအပ်လှူဒါန်းကြောင်း သိရသည်။
တင်ကြည်(သင်္ဃန်းကျွန်း)