
နေပြည်တော် နိုဝင်ဘာ ၃
သမဝါယမဦးစီးဌာနမှ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ (၂၀၂၁) ဖြင့် ဆောင်ရွက်သည့် စီမံကိန်းပြီးမြောက်ခြင်းအခမ်းအနားကို နိုဝင်ဘာ ၂ ရက်က နေပြည်တော်ရှိ ဂျက်စမင် နေပြည်တော်ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယ ဝန်ကြီး ဦးမြင့်စိုးက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် ဆောင်ရွက်သည့် စီမံကိန်းကို ၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည့်အတွက် သမဝါယမဦးစီး ဌာနအနေဖြင့် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေများဖြင့် ၂၀၁၈၊ ၂၀၂၀ နှင့် ၂၀၂၁ စီမံကိန်းသုံးခုကို အကောင် အထည်ဖော်ပြီး ဖြစ်ပါကြောင်း။
မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် ဆောင်ရွက်သည့် စီမံကိန်းတွင် စုဆောင်းငွေ အားပေးမြှင့်တင်ရေး စည်းရုံး လှုံ့ဆော်ခြင်း သင်တန်းများ၊ ငွေစုဆောင်းတတ်သည့် အလေ့ အကျင့်ဆိုင်ရာ အသိပညာပေး စည်းရုံး လှုံ့ဆော်ပွဲများ၊ အသေးစား ချေးငွေလုပ်ငန်းများ တွင် ငွေစုဆောင်းသည့် အလေ့ အကျင့်၏ အခန်းကဏ္ဍ အလုပ်ရုံ ဆွေးနွေးပွဲများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ EXIM Bank မှ ချေးယူထားသော အသေးစား ချေးငွေလုပ်ငန်းကို အသေးစား ချေးငွေထုတ်ခြင်း လုပ်ငန်းများ တွင် စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်များ အားလုံးတွင် အသေးစားချေးငွေများကို ချေးငွေ ဆန်းစစ်ချက် ဆောင်ရွက်ခြင်း လုပ်ငန်းများ၊ မဲခေါင်ဒေသတွင်း နိုင်ငံများရှိ အောင်မြင်နေသော သမဝါယမ အသင်းများသို့ လေ့လာရေး သွားရောက်ခြင်း စသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ပါကြောင်း။
အဆိုပါ စီမံကိန်းများ ဆောင် ရွက်ခြင်းကြောင့် ငွေစုဆောင်း တတ်သည့် အလေ့အကျင့် ကောင်းများ၊ အကျိုးကျေးဇူးများ ကို သိရှိနားလည်လာခြင်း၊ သမဝါယမအပေါ် ယုံကြည် အားကိုးလာခြင်း၊ လူမှုစီးပွားဘဝ မြင့်မားရေး အထောက်အကူပြု နိုင်ခြင်းတို့ဖြင့် သမဝါယမကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်စေရေး အထောက်အကူများစွာ ရရှိခဲ့ပါ ကြောင်း။ ထို့ပြင် မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့ရှိ အောင်မြင်နေ သော သမဝါယမအသင်းများကို သွားရောက် လေ့လာစေခဲ့ပါ ကြောင်း။
သမဝါယမ ကဏ္ဍမှတစ်ဆင့် မဲခေါင်ဒေသတွင်း ပြည်သူများ၏ လူမှုစီးပွားမြှင့်တင်ရေးတွင် ကူညီ ထောက်ပံ့နိုင်မည်ဟု မျှော်လင့် ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ တာဝန်ရှိသူနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့က အမှာ စကား ပြောကြားပြီးနောက် သမ ဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က စီမံကိန်းဆိုင်ရာ ဆောင်ရွက်မှုများကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် တက်ရောက် လာကြသူများက စီမံကိန်း ဆောင်ရွက်မှု မှတ်တမ်းများ ခင်းကျင်းပြသမှုကို ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်