
ကိုနိုင်အောင် (Cooperatives)
သမဝါယမဟူသည် ပါဠိစကားမှ ဆင်းသက်လာခြင်းဖြစ်ပြီး “သမ” = အတူတကွ၊ “ဝါယမ” = အင်အားစိုက်ထုတ်ဆောင်ရွက်ခြင်း၊ သမဝါယမမှာ အတူတကွ အင်အားစိုက်ထုတ်ဆောင်ရွက်ခြင်းဟု အဓိပ္ပာယ်ရသည်။ တစ်ဦးချင်း၏အင်အားဖြင့် ဆောင်ရွက်၍မရသည်ကို အများ၏စုပေါင်းအင်အားဖြင့် လုပ်ကိုင် ဆောင်ရွက်ခြင်းကို ဆိုလိုသည်။
အင်္ဂလန်နိုင်ငံတွင် ၁၈၃၆ ခုနှစ်မှစ၍ လူတို့၏ စီးပွားရေးအခြေအနေများ ဆုတ်ယုတ်ကျဆင်း လာပြီး စီးပွားရေးပျက်ကပ်ဆိုက်ခဲ့သည်။ အဆိုပါ စီးပွားရေးကပ်ဘေး၏ဒဏ်ကြောင့် အချို့မှာ အလုပ်လက်မဲ့ဘဝသို့ ကျရောက်ခဲ့သည်။ စားသုံးကုန် ဈေးနှုန်းများ အဆမတန်ကြီးမြင့်ခြင်း၊ အရောအနှော စားသုံးကုန်များကို အန္တရာယ်ကြီးမားစွာ ဝယ်ယူ စားသုံးနေရခြင်း၊ လူနေထိုင်ရန် မသင့်လျော်သည့် နေအိမ်အခန်းများတွင် ပြွတ်သိပ်၍ နေထိုင်ကြရခြင်း ဖြင့် နိမ့်ကျသောဘဝကို ဖြတ်သန်းနေရသည်။ ဤသို့ဖြင့် အင်္ဂလန်နိုင်ငံ ရော့ခ်ဒေးလ်မြို့မှ စိတ်တူ သဘောတူဖြစ်ကြသည့် ဖလန်နယ်ရက်ကန်းသမား ၂၈ ဦးက တစ်ဦးလျှင် တစ်ပဲနိမှ တစ်သျှီလျှင်အထိ တတ်နိုင်သမျှ အသီးသီးထည့်ဝင်ခြင်းဖြင့် “အစု” ဆိုသည့်စကားရပ် ပေါ်ပေါက်လာကာ ထိုအစုငွေများ ကို ရင်းနှီးမတည်ငွေအဖြစ် သတ်မှတ်ကာ ရော့ခ်ဒေးလ်ကုန်စုံဆိုင် သမဝါယမအသင်းကို တည်ထောင်ခဲ့ကြသည်။
စံနမူနာထား အတုယူ
ရော့ခ်ဒေလ်းသမဝါယမအသင်း အောင်မြင် ရခြင်းအကြောင်းမှာ မိမိတို့၏ လိုအပ်ချက်များကို တိတိကျကျဆန်းစစ်၍ ရည်ရွယ်ချက်ကို စနစ်တကျ ချမှတ်ခြင်း၊ ထိုရည်ရွယ်ချက်များ အောင်မြင်ရန် တက်ကြွသောဆန္ဒရှိခြင်း၊ တစ်ဦးချင်းကလည်း မိမိတို့တတ်နိုင်သလောက် တစ်ပိုင်တစ်နိုင် လုပ်ကိုင် ဆောင်ရွက်ခြင်း၊ ဆန္ဒတူသူများ စုပေါင်းမိခြင်း၊ ဆန္ဒတူသူများသာစုစည်းမိ၍ ညီညွတ်ခြင်း၊ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်ခြင်း၊ သမဝါယမအသင်း ဖွဲ့စည်းရာတွင် မည်ကာမတ္တဖွဲ့စည်းခြင်းမဟုတ်ဘဲ မိမိတို့၏ ပန်းတိုင်ရောက်ရှိရန် အလေးအနက်ထား ဖွဲ့စည်းခဲ့ခြင်းသည် သမဝါယမလုပ်ငန်းလုပ်ကိုင်သူ များ စံနမူနာထား အတုယူဖွယ်ရာဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း ၁၉၀၅ ခုနှစ်လောက် ကတည်းက စစ်ကိုင်းတိုင်း မြင်းမူမြို့ ငွေစုငွေချေး သမဝါယမအသင်း စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့သော ကြောင့် သမဝါယမ စတင်သန္ဓေတည်ခဲ့ရာ မြန်မာ့ သမဝါယမသက်တမ်းသည်ပင် ယခုဆိုလျှင် (၁၁၈) နှစ် ပြည့်ခဲ့ပြီဖြစ်သည်။
နှစ်ပေါင်းရာကျော်ကတည်းက အများအကျိုး အတွက် ကမ္ဘာနှင့်ချီကာ အောင်မြင်ခဲ့သည့်လုပ်ငန်း ကို မြန်မာပညာရှင်များက ကျစ်လျစ်ပြီး အဓိပ္ပာယ် ပြည့်ဝလှသည့် “သမဝါယမ” ဟူသော စကားလုံးကို မလျော်မကန်မသင့်မြတ်သည့် ကိုယ်ကျိုးစီးပွားနှင့် ဟန်ပြသာပြုလုပ်ကြသောကြောင့် သမဝါယမ အသင်းတွေ မအောင်မမြင်ဖြစ်ခဲ့ရသည်။
မြန်မာ့သမဝါယမခရီး ဖြတ်သန်းလာခဲ့သည့် နှစ် (၁၀၀) ကျော်ကာလကို ပြန်လည်သုံးသပ်ကြည့် လျှင် နိုင်ငံတော်အစိုးရ အဆက်ဆက်သည် ပြည်သူတို့၏ လူမှုစီးပွားဘဝတိုးတက်ရေးအတွက် သမဝါယမအသင်းများဖွဲ့ကာ အသင်းသားများ၏ နေ့စဉ်ဘဝ လုပ်ကိုင်ဆောင်ရွက်မှု အဆင်ပြေရေး၊ အောင်မြင်ရေးအတွက် ဘက်ပေါင်းစုံဖြင့် ငွေကြေး၊ ပစ္စည်း၊ စက်ကိရိယာများ ထောက်ပံ့ပေးခဲ့သလို ပေးနေဆဲလည်းဖြစ်သည်။
သို့သော် အောင်မြင်သော၊ ရေရှည်တည်တံ့သော သမဝါယမအသင်းကို ညွှန်ပြပါဆိုပါက အထောက် အပံ့ အကူအညီများရခဲ့သော သမဝါယမအသင်းများ မဟုတ်ဘဲ ဆန္ဒတူသူများစုစည်းကာ သမဝါယမ အသင်း၏ စည်းကမ်း၊ နည်းလမ်းအတိုင်း ရှင်သန် လည်ပတ်နေသော ဌာနဆိုင်ရာ ငွေစုငွေချေး သမဝါယမအသင်းများကို တွေ့ရှိနိုင်မည်ဖြစ်သည်။
အသင်းသားများအား အချိုးကျအမြတ်များထုတ်ပေး
လေ့လာကြည့်လျှင် လခစားဝန်ထမ်းများသည် သမဝါယမအသင်းစည်းကမ်းအရ အများဆန္ဒ သဘောတူညီချက်ဖြင့် အစုငွေသတ်မှတ်ထည့်ဝင် ခြင်း၊ မိမိဆန္ဒအလျောက် စုဆောင်းငွေသတ်မှတ် ထည့်ဝင်ခြင်း၊ အသင်းအား တာဝန်ခံနိုင်ရန် အသင်း သားများထဲမှ အသင်းအမှုဆောင်အဖွဲ့ EC (Execu-tive Committee) ရွေးချယ်ခြင်း၊ လုပ်ငန်းတာဝန် သတ်မှတ်ခြင်း၊ အသင်းသားဝန်ထမ်းများ၏ အစုများ၊ စုဆောင်းငွေများကို စုစည်းကာ ရင်းနှီး လည်ပတ်ငွေအဖြစ် သတ်မှတ်၍ ချေးငွေလိုအပ် သော အသင်းသား ဌာနဝန်ထမ်းများကို အလှည့်ကျ ထုတ်ချေးခြင်း၊ ချေးငွေအပေါ် အတိုးသတ်မှတ်ခြင်း၊ ချေးငွေရယူသူမှ လစာထုတ်ရက်အတွင်း အရစ်ကျ လစဉ်ပေးဆပ်ခြင်း၊ အသင်းဝန်ထမ်း (သို့) တာဝန်ကျ အမှုဆောင်မှ ကောက်ခံစုစည်း၍ ငွေစာရင်းသွင်း ခြင်း စသည်ငွေစုငွေချေး လုပ်ငန်းစဉ်တစ်ရပ်ကို လစဉ်ဆောင်ရွက်သည်။ နှစ်ကုန်သည့်အခါတွင် အတိုးမှရရှိလာသော အကျိုးအမြတ်များမှ စီမံမှု စရိတ်များနုတ်ပယ်ပါက အသားတင်အမြတ်ဖြင့် ထည့်ဝင်ထားသော အစုတန်ဖိုးအလိုက်၊ စုဆောင်း ငွေပမာဏအလိုက် အချိုးကျအမြတ်များကို အသင်းသားများအား ထုတ်ပေးသည်။
အထက်ပါဌာနဆိုင်ရာ ငွေစုငွေချေးသမဝါယမ အသင်းများသည် ပြင်ပမှ ငွေကြေး၊ ပစ္စည်း၊ စက်ကိရိယာ စသည့်အထောက်အပံ့ကို တစ်စုံတစ်ရာ ရရှိခဲ့ခြင်းမရှိဘဲ အသင်းသားဌာနဝန်ထမ်းများ ကိုယ်တိုင် မိမိတတ်နိုင်သလောက် အစုငွေ၊ စုဆောင်း ငွေများထည့်ခြင်း၊ အလှည့်ကျထုတ်ချေးခြင်း၊ ပြန်ဆပ်ခြင်းဖြင့် အသင်း/ အသင်းသားများ၏ လူမှုရေး၊ စီးပွားရေးလိုအပ်ချက်များကို ဖြည့်ဆည်း ပေးရင်း နှစ်ပေါင်းများစွာ ရေရှည်တည်တံ့စေခြင်းက အောင်မြင်သော သမဝါယမအသင်းအဖြစ် မှတ်ကျောက်တင်နိုင်မည်ဖြစ်ပေသည်။
ပြည်သူအများစုမှာ
သမဝါယမအသင်းသားများဖြစ်လာ
ကမ္ဘာတစ်လွှား အောင်မြင်ရှင်သန်နေသော သမဝါယမအသင်းများကို လေ့လာကြည့်ရာမှာ ဂျပန်နိုင်ငံ၌ စိတ်ဆန္ဒတူသူ၊ လုပ်ငန်းတူသူတွေ စုစည်းကာ အရင်းအနှီးတစ်ခုစီ တစ်ယောက်စီကို စုစည်းပြီး များပြားလာသော အရင်းအနှီးထုကို မတည်၍ ကုန်ရောင်းလုပ်ငန်း၊ ကုန်သွယ်လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း စတင်လုပ်ကိုင်ခြင်းဖြစ်ပြီး ပံ့ပိုးပေးရမည့် ငွေကြေး၊ ပစ္စည်း စသည်တို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဖြည့်ဆည်းပေး ကြသည်။ စိုက်ပျိုးရေးသမဝါယမ အသင်းသား များကို စိုက်ပျိုးရေးဝန်ကြီးဌာနမှလည်းကောင်း၊ မွေးမြူရေးသမဝါယမအသင်းသားများကို မွေးမြူ ရေးဝန်ကြီးဌာနမှ လည်းကောင်း၊ ကုန်သွယ်ရေး သမဝါယမအသင်းသားများကို စီးပွားကူးသန်း ဝန်ကြီးဌာနမှ လည်းကောင်း၊ အသင်းသားတို့၏ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်း ပေးကြသည်။ ထို့ကြောင့် ပြည်သူအများစုမှာ သမဝါယမအသင်းသားများ ဖြစ်လာကြပြီး ထိုသို့ ဖြစ်ရခြင်းကို ဂုဏ်ယူဝမ်းမြောက်ကြလေသည်။
ခေတ်အဆက်ဆက် သာဓကများကိုကြည့်ပါက သမဝါယမအသင်းများ အောင်မြင်ရေးအတွက် အဓိကအကျဆုံးအရာမှာ အသင်းသားဖြစ်လာမည့် ရပ်ကွက်၊ ကျေးရွာနေပြည်သူများ၏ စိတ်ဓာတ် ဖြစ်သည်။ ပြည်သူများ၏ အများနှင့် စုပေါင်းလုပ်ကိုင် လိုသည့် စိတ်ဓာတ်၊ ကောင်းကျိုးဆိုးကျိုးကို အများ နှင့် တန်းတူမျှဝေခံစားလိုသည့် စိတ်ဓာတ်၊ အတ္တ အကျိုးကို ရှေ့တန်းမတင်သော စိတ်ဓာတ်ရှိသူများ စုစည်းအလုပ်လုပ်သည့် အသင်းအဖွဲ့သည်သာ အောင်မြင်သော သမဝါယမအသင်းအဖြစ် ရှုမြင် သုံးသပ်နိုင်မည်ဖြစ်သည်။
သို့ပါ၍ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း ဆိုသည့် သမဝါယမပုံရိပ် (Cooperative Image) ရှင်သန်အောင်မြင်လိုပါက အသင်းတွင် လူနည်းစု သာ ပါဝင်ခြင်း၊ လူများခြင်း၊ အသင်းအရေအတွက် နည်းခြင်း၊ များခြင်းကို အဓိကမထားဘဲ လိုအင်ဆန္ဒ ရည်မှန်းချက်တူသူ၊ လုပ်ငန်းတူသူများကို စုစည်း အဖွဲ့ဖွဲ့ပြီး သမဝါယမအသင်း ထူထောင်လုပ်ကိုင် နိုင်ဖို့လိုသည်။ ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်သူ၊ အများနှင့် ပူးပေါင်းလုပ်ကိုင်လိုခြင်းမရှိသူ၊ အကျင့် စာရိတ္တမကောင်းသူများ မပါဝင်ရန် အထူးသတိ ထားဖို့လိုသည်။
ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထစနစ်ကို အခြေခံသောစိတ်ဓာတ်ရှိသူများဖြစ်ဖို့ လိုအပ်
ကျေးရွာတစ်ရွာနှင့်တစ်ရွာ၊ ဒေသတစ်ခုနှင့် တစ်ခု နေထိုင်လုပ်ကိုင်သူများ၏ လိုလားချက်၊ လိုအပ်ချက်နှင့် လိုအင်ဆန္ဒများ ကွာခြားချက် ရှိသည်။ သို့ပါ၍ သမအသင်းတစ်သင်း ဖွဲ့မည်ဆို ပါက အသင်းသားအဖြစ် ပါဝင်လာမည့်သူများ၏ ပကတိအခြေအနေ၊ ဖြည့်ဆည်းပေးရမည့်အရာများ၊ ရေရှည်ရပ်တည်နိုင်မည့် အခြေအနေ၊ စာရင်းဇယား ထားရှိမှု၊ စီမံခန့်ခွဲမှု၊ ထွက်ပေါ်လာမည့် အကျိုး အမြတ်၊ အသင်းသားများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုး တက်လာနိုင်မည့်အခြေအနေ စသည်တို့ကို လေ့လာ (Survey)ပြီးမှ လုပ်ငန်းတူ၊ ဆန္ဒတူသူအစုအဖွဲ့များ စနစ်တကျ ဖွဲ့စည်းနိုင်ရေး အချိန်ကာလတစ်ခု သတ်မှတ်ဆောင်ရွက်ရမည်ဖြစ်သည်။ ကိုယ့်အား ကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထစနစ်ကို အခြေခံသောစိတ်ဓာတ်ရှိသူများဖြစ်ဖို့ လိုအပ်သည်။
သမဝါယမဦးစီးဌာန ဝန်ထမ်းများအနေဖြင့် မိမိတို့၏ တာဝန်(၃)ရပ်ဖြစ်သည့် အသင်းများအား ဖွဲ့စည်းခြင်း၊ ပညာပေးခြင်း၊ ထိန်းကျောင်းတည့်မတ် ခြင်းတို့အနက် သမဝါယမအသင်း ဖွဲ့စည်းထိုက်သော လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ သမဝါယမစိတ်ဓာတ် ရှိမှု/မရှိမှုကို အရင်ဆန်းစစ်လေ့လာဖို့ လိုသလို အများပိုင်ဖြစ်လာမည့် ငွေ၊ ပစ္စည်းများအပေါ် စာရင်း ဇယားဖြင့် စနစ်တကျစီမံခန့်ခွဲမှု အများသဘော တူညီချက်ဖြင့် တစ်ဦးချင်း၏ လူမှုစီးပွားရေးတိုးတက် ကောင်းမွန်အောင် တက်ညီလက်ညီ လုပ်ကိုင် လိုသော စိတ်များရှိနေရန် အလွန်အရေးကြီးသည်။ လူအရေအတွက်ထက် လူအရည်အသွေး၊ အသင်း အရေအတွက်ထက် သမဝါယမပုံရိပ်ကို ပေါ်လွင်စေ သော အသင်းအရည်အသွေးကို စိစစ်ရွေးချယ် ဆောင်ရွက်ရမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် မြို့ပြနေအခြေခံ လူတန်းစားများနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချလာရေးအတွက် အမှန်တကယ် ဆင်းရဲမှုမှ လွတ်ကင်းရန် ဆန္ဒပြင်းပြသောသူများအား ငွေ၊ ပစ္စည်း၊ စက်ကိရိယာများ ပံ့ပိုးပေးခြင်းဖြင့် ယင်းတို့ ၏ လူမှုစီးပွားဘဝ မြင့်မားလာနိုင်သော သမဝါယမ စိတ်ဓာတ်အခြေခံရှိသောလူများမှ အစပြုကာ Pilot Project (စံပြုစီမံကိန်း) စတင်အသင်းဖွဲ့စည်း လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် အခြားလူများ အားကျ အတုယူခြင်းဖြင့် အစုအဖွဲ့များ၊ သမအသင်းများ တိုးချဲ့များပြားလာကာ နိုင်ငံတစ်နံ့တစ်လျား သမဝါယမအသင်းသားများ၏ စုပေါင်းစွမ်းအား သမဝါယမပုံရိပ်ကောင်းမွန်စေဖို့ သမဝါယမစစ်စစ် ဖြင့် ဒေသအကျိုးစီးပွား၊ တိုင်းပြည်အကျိုး စီးပွား တိုးတက်အောင် စွမ်းဆောင်ကြပါစို့ဟု အကြံပြု လိုက်ရသည်။ ။
- Log in to post comments