
နေပြည်တော် ဇွန် ၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံ ခန့်ခွဲမှု ပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ပြည်ထောင်စုဝန်ကြီးက ထောက်ပံ့ သော ပထမနှစ် ကျောင်းသား ကျောင်းသူများအတွက် ပုံနှိပ် စာအုပ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဇွန် ၂ ရက်က တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။(အပေါ်ပုံ)
အခမ်းအနားတွင် သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာ မို့မို့ရီက ကြိုဆို နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ် (စီမံ)၊ သင်ကြား/ စီမံဌာနမှူးများ၊ ပထမနှစ် သင်ကြားပေးမည့် ဆရာ ဆရာမများနှင့် မောင်မယ် သစ်လွင် ကျောင်းသား ကျောင်းသူ များအား မိတ်ဆက်ပေးကာ သင်တန်းရေးရာ ဌာနမှူးက သင်တန်းရေးရာဌာန၏ လုပ်ငန်း ဆိုင်ရာများကို ရှင်းလင်းပြောကြား သည်။ ထို့နောက် အထူးပြု ဘာသာရပ် ငါးဌာန၏ ဌာနမှူးများ က ဘာသာရပ်ဆိုင်ရာများ မိတ်ဆက်ပြောကြားပြီး ဘာသာ ရပ်အလိုက် အလုပ်အကိုင်အခွင့် အလမ်းများ ရရှိနိုင်မှုကို ရှင်းလင်း ပြောကြားကြသည်။
ဆက်လက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထောက်ပံ့ ပေးအပ်သည့် ပထမနှစ် ကျောင်းသား ကျောင်းသူ မောင်မယ်သစ်လွင် ၂၀၂ ဦး အတွက် ငွေကျပ် ၁၀၂၃၀၀၀၀ တန်ဖိုးရှိသည့် ပုံနှိပ်စာအုပ်များကို ပြည်ထောင်စု ဝန်ကြီးကိုယ်စား ပါမောက္ခချုပ်က အတန်းကိုယ်စား လှယ် ကျောင်းသား ကျောင်းသူ များကို ပေးအပ်ချီးမြှင့်သည်။ ထို့အပြင် ဝန်ကြီးဌာနမှ ကျောင်း ဝတ်စုံကြေးများ ထပ်မံထောက်ပံ့ ပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်