သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းကျောင်းများ

Type
1

 

မြင့်စိုး(နတလ)

 

အညာမြေသို့ ခရီးတစ်ခေါက်


“လောကကြီးမှာ မမျှော်လင့်သောအရာတို့သည် ဖြစ်တတ်ကြလေရာ အံ့ဩစရာမဟုတ်ဘဲ………
ဖြစ်လာမှသာလျှင်၊  ဪ …  ငါဖြစ်လာပါ ပကောဟု အံ့ဩရပေတော့သတည်း …”


လွန်ခဲ့သောနှစ်ပေါင်း ၄၄ နှစ်၊  စစ်တက္ကသိုလ် ပထမနှစ် ဗိုလ်လောင်းဘဝ၊ မြန်မာစာအချိန်တိုင်း နဝဒေးခန်းမအတွင်းသို့   ခြေလှမ်းကျဲကြီးများနှင့် လှမ်းဝင်လာရင်း  အောင်မြင်ခန့်ညားသော   အသံ ဖြင့် ရေရွတ်ပြတတ်သည့် ကျွန်တော်တို့၏ မြန်မာ စာဆရာ ဗိုလ်ကြီး အုန်းကြွယ်၊  ဆရာ၏  အရပ် ရှည်ရှည် ခါးနွဲ့နွဲ့သဏ္ဌာန်၊ ကွမ်းတမြုံ့မြုံ့  ဝါးဟန် တို့ကို အမှတ်ရမိသကဲ့သို့ သူရေရွတ်ခဲ့သည့် အထက်ပါ စကားစုတို့သည်လည်းပဲ ကျွန်တော့်ဘဝ တစ်သက် တာ ရင်ထဲမှာ တွဲခိုလိုက်ပါလာခဲ့သည်။ ယခုတော့ ဤစကားစုတို့ကို သမဝါယမနှင့်  စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (စစ်ကိုင်း)၌ ပြန်လည်ရေရွတ်ပြခွင့် ရခဲ့ ပါပြီ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတွင် တာဝန်ထမ်း ဆောင်ရလိမ့်မည်ဟူ၍ လည်းကောင်း၊ ထိုဝန်ကြီး ဌာနအောက်ရှိ သမဝါယမနှင့်   စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (စစ်ကိုင်း)သို့ ရောက်ရှိပြီး ပါမောက္ခချုပ် နှင့် ဆရာ၊ ဆရာမများအား စကားပြောခွင့်၊ တက္ကသိုလ် ကျောင်းသား   ကျောင်းသူများအား   အားပေး နှုတ်ဆက်ခွင့်    ရလိမ့်မည်ဟူ၍   လည်းကောင်း၊ ဘယ်သောအခါကမျှ ကျွန်တော် ထင်မှတ်မထားခဲ့ပါ။ ယခု‌တော့ ရောက်ခဲ့ရပါပြီ။ ဇေယျာကမ်းအလှပန်းချီ စစ်ကိုင်းဌာနီ   သမဝါယမနှင့်    စီမံခန့်ခွဲမှုပညာ တက္ကသိုလ်ကျောင်းတော်သာဆီသို့။

 


ကျောက်ဆည်မြို့ရှိ မိခင်တပ်ရင်းတွင်  ခုနစ်နှစ် နီးပါးမျှ တာဝန်ထမ်းဆောင်ခဲ့ရသော ကျွန်တော့်အဖို့ မန္တလာမြေသည် သူစိမ်းမဆန်ခဲ့ပါ။ သို့တစ်စေ အညာ ဒေသ၏ အငွေ့အသက်များက ကျွန်တော့်စိတ်ကို ပြန်လည်လန်းဆန်း နိုးထစေခဲ့သည်ကတော့ အမှန် ပင်။ ထိုနေ့ ခရီးစဉ်တွင် ကျွန်တော်နှင့်အတူ သမ ဝါယမဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်  ဦးအောင် သူရ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းတို့ လိုက်ပါ လာခဲ့ကြသည်။ မေလ ၁၆ ရက်နေ့၊ နံနက်ပိုင်းမှာ စစ်ကိုင်းမြို့ရှိ  သမဝါယမနှင့်   စီမံခန့်ခွဲမှုပညာ တက္ကသိုလ်သို့ ရောက်ရှိခဲ့ကြသည်။ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီနှင့် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ သင်ကြားရေး ဆရာ ဆရာမများ၊ ဝန်ထမ်းများအား   တွေ့ဆုံ နှုတ်ဆက်သည်။ မေလ  ၁၂  ရက်နေ့ကတည်းက တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ   ပြန်လည် ဖွင့်လှစ်သင်ကြားနေကြပြီဖြစ်ရာ မိမိတို့ဝန်ကြီးဌာန အောက်ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်းနှင့်  သန်လျင်)၊   သမဝါယမကောလိပ် (မန္တလေးနှင့် ဖောင်ကြီး) တို့သည်လည်း  လှုပ်ရှား သက်ဝင်နေကြပြီ ဖြစ်သည်။ အဓိကအလေးထား မှာကြားမိသည်ကတော့ တက္ကသိုလ်ပရဝဏ်အတွင်း သို့ ပြန်လည်ရောက်ရှိလာကြသော သားငယ်သမီး ငယ်များ စိတ်အေးချမ်းသာစွာ ပညာသင်ယူနိုင်စေဖို့၊ နေထိုင်စားသောက်ရေး  အဆင်ပြေစေဖို့၊  ဆရာ ဆရာမများက Guardian စနစ်ဖြင့် ရင်ဝယ်သား ကဲ့သို့ စောင့်ရှောက်ပေးကြရန်၊  မိမိတို့  ကိုယ်တိုင် လည်း  ဝန်ထမ်းစည်းမျဉ်း၊   စည်းကမ်းနှင့်အညီ ကျင့်ကြံနေထိုင်၍ နိုင်ငံတော်၏ ပညာရေးရည်မှန်း ချက်များ အကောင်အထည်ပေါ်အောင်  ကြိုးပမ်း ဆောင်ရွက်ကြရန်   တိုက်တွန်းမှာကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက     ချီးမြှင့်လိုက်သော ထောက်ပံ့ငွေများကိုလည်း ပေးအပ်ခဲ့ပါသည်။ 

 


နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ ဖွံ့ဖြိုးရေး တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့်သာ နှစ်ပေါင်း များစွာ ရင်းနှီးကျွမ်းဝင်ခဲ့ရသော ကျွန်တော်၊ သမ ဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊ သမဝါယမ ကောလိပ်များနှင့် ရေစက်ဆုံလာသောအခါ ထို တက္ကသိုလ်ကောလိပ်များထံမှ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို တွေ့လာရသည်။ သင်ကြား ပေးသော ဘာသာရပ်များကို စိတ်ဝင်စားသည့်အပြင် ပေါင်းကူးစနစ်တစ်ခုကို   ချိတ်ဆက်ထားကြောင်း လည်း တွေ့ရသည်။ 

 


သမဝါယမ စာရင်းရေးစာရင်းကိုင်နှင့် သက်မွေးပညာသင်တန်းကျောင်းများ


    ယခင်က    သမဝါယမသင်တန်းကျောင်း အမည်ဖြင့်  ဖွင့်လှစ်ခဲ့သော   တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင် ကျောင်းများကိုလည်းကောင်း၊ သမဝါယမကူးသန်းရောင်းဝယ်ရေး သင်တန်းကျောင်း အမည်ဖြင့် ဖွင့်လှစ်ထားသော မန္တလေးကျောင်းကို လည်းကောင်း၊  ဒုတိယညွှန်ကြားရေးမှူးတစ်ဦး ကြီးကြပ်ကွပ်ကဲသည့် သမဝါယမ စာရင်းရေးစာရင်း ကိုင်နှင့် သက်မွေးပညာ သင်တန်းကျောင်းများအဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်း သင်ကြားပို့ချပေးသွား နိုင်ရေး  သက်ဆိုင်ရာသို့  တင်ပြဆောင်ရွက်လျက် ရှိသည်။ အခြေခံပညာအဋ္ဌမတန်း အောင်မြင်ပြီးသူ များ တက်ရောက်ခွင့်ရှိသည်။ သင်တန်းကာလ (၂) နှစ်အတွင်း ပထမနှစ်၌  မြန်မာစာ၊  အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ၊ သမဝါယမပညာ၊ Business Accounting၊ Fundamentals of ICT ဘာသာရပ် များ၊ ဒုတိယနှစ်၌ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ၊ သမဝါယမ စာရင်းကိုင်ပညာနှင့် စာရင်းစစ်ဆေးခြင်း၊ Cost Accounting၊ Financial Accounting၊  Com-puterized   Accounting   ဘာသာရပ်များကို သင်ကြားပေးလျက်  ရှိသည်။ သင်တန်းကျောင်းမှ သင်ကြားပေးသော ဘာသာရပ်များကို   ပြင်ပစီးပွား ရေးလုပ်ငန်းရှင်များကိုယ်တိုင်   နှစ်သက်သဘောကျ သဖြင့် လာရောက်သင်ယူကြကြောင်း ကျွန်တော် ရောက်ရှိခဲ့သည့် မန္တလေးမြို့ သင်တန်းကျောင်းအုပ် က ရှင်းလင်းပြောကြားသည်။ မန္တလေးသင်တန်း ကျောင်းသည် အောင်မြေသာစံမြို့နယ်၊  ပြည်ကြီး ကျက်သရေအနောက်ရပ်၊ ၈၃ လမ်းနှင့် ၂၅-၂၆ လမ်း ကြားတွင် တည်ရှိနေပါသည်။ မကြာမီသင်တန်း များ ဖွင့်လှစ်တော့မည်။ သင်တန်းသား ၅၀ မှ ၁၀၀ ကြား  တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း  သိရ သည်။

 


သမဝါယမကောလိပ်များ


မိမိတို့  ဝန်ကြီးဌာနအောက်တွင်  သမဝါယမ ကောလိပ် (မန္တလေး) နှင့် (ဖောင်ကြီး) ကျောင်းများ ရှိနေပါသည်။ သမဝါယမကောလိပ် (မန္တလေး) ၏ ကျောင်းအုပ်ကြီးမှာ ဒေါက်တာတင်မူအေး ဖြစ် သည်။ မန္တလေးဟုဆိုသော်ငြားလည်း ထိုကောလိပ် ကျောင်းသည် ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေ တွင်  အေးချမ်းစွာတည်ရှိနေပါသည်။   ဘုရားရိပ် တရားရိပ်အောက်က ထိုကျောင်းပရိဝုဏ်လေးကို လည်း ကျွန်တော် သဘောကျမိသည်။ သမဝါယမ ကောလိပ် (မန္တလေး) သည် ၁၉၇၉ ခုနှစ်တွင် သမ ဝါယမသင်တန်းကျောင်းအနေဖြင့် စတင်ဖွင့်လှစ် ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် သမဝါယမကောလိပ်အဖြစ် အဆင့်မြှင့်တင်ပေးခဲ့သည်။ နှစ်နှစ် သင်တန်းပြီးဆုံး ပါက ဒီပလိုမာဘွဲ့ (၅ မျိုးရှိပါသည်) ပေးအပ်ချီးမြှင့် ကာ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်တွင် တတိယနှစ်မှစ၍ ပေါင်းကူးတက်ရောက်ခွင့် ရကြ မည် ဖြစ်ပါသည်။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အထိ သမဝါယမကောလိပ်(မန္တလေး)မှ ဒီပလိုမာဘွဲ့ ရရှိပြီးသူ ၄၈၆၉ ဦးရှိကြောင်း၊ နှစ်စဉ် တက္ကသိုလ် ဝင်တန်းအောင်မြင်ပြီးသူများထဲမှ ကောလိပ်ဝင်ခွင့် လျှောက်ထားလာသူ ၈၀၀ မှ ၁၀၀၀ အထိ ရှိကြောင်း   သိရပါသည်။   သမဝါယမကောလိပ် (မန္တလေး) သို့ရောက်ခိုက် ကျောင်းတက်နေသော ကျောင်းသား ကျောင်းသူများကို    တွေ့ဆုံအားပေးခဲ့သည်။ ကောလိပ်ကျောင်း၏ လိုအပ်ချက် တင်ပြချက်များ ကို  ညှိနှိုင်းပေါင်းစပ်   ဆောင်ရွက်ပေးခဲ့ပါသည်။ တစ်နေ့နေ့မှာတော့ သမဝါယမကောလိပ် (ဖောင်ကြီး) ကိုလည်း ကျွန်တော်အရောက် သွားပါဦးမည်။

 


သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ


    သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် များကို စစ်ကိုင်းနှင့် သန်လျင်တို့တွင် ဖွင့်လှစ်ထား ပါသည်။  လောလောဆယ်   အနေအထားအရ သန်လျင်တက္ကသိုလ်ကို  ကျွန်တော်     မရောက်ဖူးသေးပါ။     စစ်ကိုင်း တက္ကသိုလ်ကမူ      စစ်ကိုင်းမြို့      ရွာထောင် ဘူတာရုံအနီး ရွှေသမားရပ်တွင် တည်ရှိနေပါသည်။ မူလဘူတ အစောပိုင်းကာလများတွင်တော့ အဆိုပါ တက္ကသိုလ်သည် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့အတွက် ရည်ရွယ်ဖွင့်လှစ်သော သမဝါယမသင်တန်းကျောင်းဖြစ်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်၏။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် တက္ကသိုလ်အဆင့်ကို တိုးမြှင့်ဖွင့်လှစ်ပေးခဲ့သည်။ တက္ကသိုလ်များ ဖွင့်လှစ် ရသည့် ရည်ရွယ်ချက်မှာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးအတွက် အရည်အသွေးပြည့်ဝသော လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ဖြစ်ပါသည်။ သမဝါယမတက္ကသိုလ်ဟု ခေါ်ဝေါ်လာရာမှ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်ဟု ပြောင်းလဲသတ်မှတ် ခေါ်ဝေါ်ခဲ့ပါသည်။

 


ယင်းတက္ကသိုလ်များ၌   သင်ကြားပေးသော အထူးပြုဘာသာရပ်များမှာ သမဝါယမပညာဘာသာ ရပ်၊ ဘောဂဗေဒဘာသာရပ်၊ စာရင်းအင်းပညာ ဘာသာရပ်၊ ဘဏ္ဍာရေးနှင့် စာရင်းကိုင်ပညာဘာသာ ရပ်၊  စီမံခန့်ခွဲမှုပညာ   ဘာသာရပ်များဖြစ်ပြီး အထောက်အကူပြု ဘာသာရပ်များအနေဖြင့် မြန်မာ ဘာသာ၊ အင်္ဂလိပ်၊ သင်္ချာ၊ သတင်း အချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဘာသာရပ်၊ စီးပွား ရေးပထဝီဝင်ဘာသာရပ်၊ ဥပဒေပညာ ဘာသာရပ် တို့ ဖြစ်သည်။ သင်တန်းပြီးဆုံးချိန်တွင် စီးပွားရေး သိပ္ပံဘွဲ့များ  ချီးမြှင့်လျက်ရှိရာ  အောက်ဖော်ပြပါ ဘွဲ့များ ပါဝင်ပါသည် -


    (က)    စီးပွားရေးသိပ္ပံဘွဲ့ (လူမှုစီးပွားရေး လုပ်ငန်းစီမံခန့်ခွဲမှုပညာ)
        B.BSc (Social Enterprise 
        Management)
    (ခ)    စီးပွားရေးသိပ္ပံဘွဲ့ (ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုပညာ)
        B.BSc (Regional Development)
    (ဂ)    စီးပွားရေးသိပ္ပံဘွဲ့ (အသုံးချစာရင်း အင်းပညာ)
        B.BSc (Applied Statistics)
    (ဃ)    စီးပွားရေးသိပ္ပံဘွဲ့   (စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ)
        B.BSc (Accounting and Finance)
    (င)    စီးပွားရေးသိပ္ပံဘွဲ့ (ဈေးကွက်ဖော်
            ဆောင်ရေးစီမံခန့်ခွဲမှုပညာ)
        B.BSc (Marketing Management)


အဆိုပါဘွဲ့များကိုပင် ဘွဲ့လွန်ဒီပလိုမာများနှင့် မဟာဘွဲ့များ ထပ်မံပေးအပ်လျက် ရှိနေပါသည်။ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) သို့ရောက်ရှိစဉ် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီက တက္ကသိုလ်ဆိုင်ရာများကို ရှင်းလင်းပြောကြားသဖြင့်   ကျယ်ကျယ်ပြန့်ပြန့်  သိရှိလေ့လာခွင့် ရခဲ့ပါသည်။

 


လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနေ


သမဝါယမနှင့်  စီမံခန့်ခွဲမှုပညာတက္ကသိုလ်မှ ဘွဲ့ရကျောင်းသား ကျောင်းသူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် မြန်မာနိုင်ငံ လက်လီ ရောင်းချသူများအသင်းနှင့် ချိတ်ဆက်၍ Job Fair အခမ်းအနားများ နှစ်စဉ်  ကျင်းပပြုလုပ်ပေးခြင်း၊ ယင်းအခမ်းအနားတွင် ပြင်ပစီးပွားရေးပညာရှင် များ၏ ဟောပြောပွဲများ ထည့်သွင်းပြုလုပ်ပေးခြင်း၊ လာရောက် ခင်းကျင်းပြသသော လုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် ကျောင်းသား  ကျောင်းသူများကို ချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

 

ဝန်ကြီးဌာနအသီးသီးမှ ခေါ်ယူသည့်   စီးပွားရေး ဆိုင်ရာဘွဲ့များနှင့်   ပတ်သက်သည့် ဝင်ပေါက်ရာထူး နေရာများတွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်များမှ  ဘွဲ့ရကျောင်းသား ကျောင်းသူများ အား ထည့်သွင်းခေါ်ယူနိုင်ရေးအတွက် ဝန်ကြီးဌာန အသီးသီးသို့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ မြန်မာ နိုင်ငံစာရင်းစစ်ကောင်စီမှ ဖွင့်လှစ်သော လက်မှတ်ရ ပြည်သူ့စာရင်းကိုင်   CPA    သင်တန်းများသို့ တက်ရောက်ခွင့်ရရေးကိုလည်း   သက်ဆိုင်ရာသို့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ယခုအခါ CPA သင်တန်း ဆင်းများစွာ ပေါ်ထွက်ခဲ့ပြီဖြစ်သည်။ ခြုံငုံတင်ပြ ရလျှင် သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (စစ်ကိုင်းနှင့်  သန်လျင်)   ဘွဲ့ရကျောင်းဆင်းများ၏  အလုပ်အကိုင်အခွင့်အလမ်းရရှိမှုသည် ၈၀ ရာခိုင် နှုန်းကျော်အထိ ရှိခဲ့ကြောင်း သိရပါသည်။

 


ဆောင်းဒါးနှင့် ယွန်းကောလိပ်


မန္တလေးမြို့  အမရပူရတွင်    တည်ရှိသော ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံကို မေလ ၁၆ ရက်နေ့တွင်  ရောက်ရှိခဲ့ပါသည်။ ယွန်း ပညာကောလိပ်(ပုဂံ)ကိုမူ မရောက်သေးပါ။ ရောက် ရန် ရည်ရွယ်ထားပြီး ဖြစ်ပါသည်။  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ   ၎င်း သင်တန်းကျောင်းများအကြောင်းကိုလည်း ထပ်မံ တင်ပြပါဦးမည်။      ။