သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းများ

Type
77


 

မြင့်စိုး(နတလ)

 

ပညာရေးကဏ္ဍအလေးထားဆောင်ရွက်
နိုင်ငံတော်၏ ပညာရေး ရည်မှန်းချက်များနှင့်အညီ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များကို နိုင်ငံ တစ်ဝန်း ဖွင့်လှစ်သင်ကြားနေပြီဖြစ်ရာ သမဝါယမ နှင့်     ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် လည်း    မိမိတို့ကွပ်ကဲမှုအောက်ရှိ     တက္ကသိုလ်၊ ကောလိပ်များ စနစ်တကျ ဖွင့်လှစ်နိုင်ရေး၊ လိုအပ် ချက်များ    ဖြည့်ဆည်းဆောင်ရွက်ပေးရေးတို့နှင့် စပ်လျဉ်း၍   အလေးထား  ဖြည့်ဆည်းပံ့ပိုးဆောင် ရွက်ပေးခဲ့သည်။   ပြီးခဲ့သည့်   မေလ   ၂၁   ရက်၌ ပြည်ထောင်စုဝန်ကြီး    ဦးလှမိုးသည်    အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ လိုက်ပါ လျက် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်  (သန်လျင်) သို့လည်းကောင်း၊ သမဝါယမကောလိပ်  (ဖောင်ကြီး)  သို့   လည်းကောင်း    သွားရောက်၍ ပါမောက္ခချုပ်နှင့်    တာဝန်ရှိသူများ၊     ကောလိပ် ကျောင်းအုပ်ကြီးနှင့် နည်းပြများအား တွေ့ဆုံကာ  ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာ  ပညာသင်ကြားနိုင်ရေး၊     သမဝါယမတက္ကသိုလ်/  ကောလိပ်များ၏    ဂုဏ်ကို      ဆောင်နိုင်သော ကျောင်းသား၊  ကျောင်းသူများဖြစ်စေရေး၊  ဆရာ၊ ဆရာမများအနေဖြင့်လည်း တက္ကသိုလ်၊ ကောလိပ် များ၏  မျှော်မှန်းချက်၊  ရည်ရွယ်ချက်များအတိုင်း အရည်အသွေးပြည့်ဝသော     ပညာတတ်လူငယ် လူရွယ်များ မွေးထုတ်နိုင်ရေး ကြိုးစားဆောင်ရွက် ကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။ ပြည်ထောင်စု ဝန်ကြီးသည် မေလ ၂၀ ရက် နေ့ကလည်း ပုသိမ်မြို့ ရှိ    သမဝါယမသင်တန်းကျောင်းသို့     သွားရောက် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ 
ကျွန်တော်နှင့်အတူ      ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ လိုက်ပါသော    အဖွဲ့အနေဖြင့်လည်း    ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့၌ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်  (စစ်ကိုင်း)  နှင့်  မန္တလေး  သမဝါယမ သင်တန်းကျောင်းသို့လည်းကောင်း၊ ထိုမှတစ်ဆင့် သမဝါယမကောလိပ် (မန္တလေး) သို့လည်းကောင်း  သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေး၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ယခုခရီးစဉ်ကမူ အခြား သောလုပ်ငန်းများနှင့်အတူ မော်လမြိုင်ရှိ သမဝါယမ  သင်တန်းကျောင်း၊   ဘားအံမြို့နှင့်    မုဒုံမြို့များရှိ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း များကို ရောက်ခွင့်ကြုံခဲ့ပါသည်။ 
ရက်ကန်းနှင့် အသက်မွေးပညာ
သင်တန်းကျောင်းများ
သမဝါယမနှင့်    ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနအောက်တွင် အထက်ပါတက္ကသိုလ်၊ ကောလိပ် များ၊     ယွန်းပညာကောလိပ်   (ပုဂံ)၊      ဆောင်းဒါး ရက်ကန်းနှင့်      အသက်မွေးပညာသိပ္ပံတို့အပြင် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း  ၁၃ ကျောင်းကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။   မေလ  ၁၁  ရက်နေ့၌  တောင်ကြီးမြို့ရှိ  ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းသို့  သွားရောက်ခဲ့ပြီးဖြစ်သည်။ ယခု ကရင်ပြည်နယ်နှင့်  မွန်ပြည်နယ် ခရီးစဉ်၌ ဘားအံမြို့နှင့် မုဒုံမြို့များတွင်  ဖွင့်လှစ်ထားသော ရက်ကန်းနှင့် အသက်မွေးပညာ  သင်တန်းကျောင်းများအား      ဝင်ရောက်ကြည့်ရှု၍  လိုအပ်သည်များ    ညှိနှိုင်းပေါင်းစပ်    ဆောင်ရွက်   ပေးခဲ့ပါသည်။ ကျန်ကျောင်းများမှာ မြစ်ကြီးနား၊  လွိုင်ကော်၊ မင်းတပ်၊ ဖလမ်း၊ စစ်တွေ၊ ကျောက်မဲ၊ ရွှေတောင်၊  မုံရွာ၊ မိတ္ထီလာနှင့် ပခုက္ကူမြို့များတွင် တည်ရှိနေပါသည်။
သင်တန်းကျောင်းများ၏ ရည်ရွယ်ချက်
(က)    ရိုးရာအမွေအနှစ်များ         မတိမ်ကော    မပပျောက်အောင် ဆက်လက်ထိန်းသိမ်း  စောင့်ရှောက်ရန်၊
(ခ)    ရက်ကန်းလုပ်ငန်းဆိုင်ရာ       နည်းပညာ၊ အတတ်ပညာများ ဖြန့်ဖြူးပေးရန်၊
(ဂ)    အတတ်ပညာများ      တိုးတက်ဖွံ့ဖြိုးရေး အတွက် သုတေသနလုပ်ငန်းများ ဆောင်  ရွက်ရန်၊
(ဃ)    ချည်မျှင်နှင့် အထည်စက်ရုံများအတွက် ရက်ကန်းပညာကျွမ်းကျင်သူများ မွေးထုတ် ပေးရန်၊
(င)    ကုန်ထုတ်လုပ်ငန်း ကျွမ်းကျင်သူများအဖြစ် လေ့ကျင့်သင်ကြားပေးရန်၊
(စ)    ခေတ်နှင့်အညီ   ဖွံ့ဖြိုးတိုးတက်လာသော  အထည်ထုတ်လုပ်ငန်းများကို တီထွင်နိုင် သည့်   အတတ်ပညာများ    လေ့ကျင့် သင်ကြားပေးရန်။
ဖွင့်လှစ်ပေးသောသင်တန်းများ
(က)    ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင်သူ (၁) နှစ် သင်တန်း၊
(ခ)    လက်ရက်ကန်း (၆) လ သင်တန်း၊
(ဂ)    အထည်ဆေးရေးနှင့်    အထည်ပန်းပုံရိုက် သင်တန်း၊
(ဃ)    သဘာဝဆိုးဆေးနည်းပညာသင်တန်း၊
(င)    တိုင်းရင်းသားရိုးရာဂျပ်ခုတ်သင်တန်း။
ရက်ကန်းသင်တန်းကျောင်းဆင်းများ 
အလုပ်အကိုင်ရရှိမှု
ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးရှိ ရက်ကန်း နှင့်  အသက်မွေးပညာ  သင်တန်းကျောင်းများမှ သင်တန်းဆင်းများ အလုပ်အကိုင်ရရှိရေးအတွက် အောက်ပါအတိုင်း   ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ ပါသည် -
(က)    ချည်မျှင်နှင့်   အထည်စက်ရုံ   (သမိုင်းနှင့် မိတ္ထီလာ)  တို့နှင့်ချိတ်ဆက်   ဆောင်ရွက် ပေးခြင်း၊
(ခ)    ပုဂ္ဂလိက  ရက်ကန်းလုပ်ငန်းများနှင့် ချိတ် ဆက်ဆောင်ရွက်ပေးခြင်း၊
(ဂ)    ကိုယ်ပိုင်လုပ်ငန်း            ထူထောင်လိုသော ရက်ကန်းကျောင်းဆင်းများအား ဈေးကွက်၊ နည်းပညာ၊ အရင်းအနှီးရရှိရေး သမဝါယမ ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်း၊
(ဃ)    ပြင်ပလုပ်ငန်းရှင်များ         လိုအပ်သော နည်းပညာနှင့်    သုတေသနလုပ်ငန်းများ ဖလှယ်ပေးခြင်း။
ရက်ကန်းကျောင်းများ၏ သမိုင်းအစနှင့် တည်နေရာ
ရက်ကန်းနှင့်    အသက်မွေးပညာသင်တန်း ကျောင်းများတွင် လက်ရှိသင်ကြားနေသော စာတွေ့ လက်တွေ့ဘာသာရပ်များထက် ကျွန်တော့်အနေဖြင့်  ထိုကျောင်းများ၏ သမိုင်းနောက်ခံကို ပို၍စိတ်ဝင် စားမိသည်မှာ   အမှန်ပင်ဖြစ်၏။    အချို့သင်တန်း ကျောင်းများသည်လည်းကောင်း၊ ထိုကျောင်းများရှိ လွန်းရက်ကန်းစင်ကြီးများသည်      လည်းကောင်း ကျွန်တော်တို့ထက်     အသက်ပိုကြီးနေကြသည်။ ၎င်းတို့၏ သမိုင်းကြောင်းအစနှင့် တည်နေရာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က)    ကချင်ပြည်နယ်      မြစ်ကြီးနားမြို့တွင် ၁၉၅၅   ခုနှစ်၌    ခရိုင်အစိုးရရက်ကန်း ကျောင်းအဖြစ်  စတင်တည်ထောင်ခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် အခြေခံရက်ကန်းကျောင်း အဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။ မြစ်ကြီး နားမြို့      ရန်ကြီးအောင်ရပ်ကွက်တွင် တည်ရှိသည်။
(ခ)    ကယားပြည်နယ်     လွိုင်ကော်မြို့တွင် ၁၉၅၁ ခုနှစ်၌ ခရိုင်အစိုးရရက်ကန်းကျောင်း အဖြစ် စတင်တည်ထောင်ခဲ့ပြီး ၁၉၆၈ ခုနှစ် တွင်   အခြေခံ  ရက်ကန်းကျောင်းအဖြစ်    ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်။ လွိုင်ကော် မြို့ ဒေါတမရပ်ကွက်တွင် တည်ရှိသည်။
(ဂ)    ကရင်ပြည်နယ် ဘားအံမြို့တွင် ၁၉၅၃ ခုနှစ် ၌ ခရိုင်အစိုးရ ရက်ကန်းကျောင်းအဖြစ် စတင်တည်ထောင်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင်    အခြေခံရက်ကန်းကျောင်း ဖြစ်လာခဲ့သည်။ ဘားအံမြို့ အမှတ် (၄)ရပ်ကွက်၊ ကမ်းနား လမ်းတွင် တည်ရှိပါသည်။
(ဃ)    ချင်းပြည်နယ် ဖလမ်းမြို့တွင် ၁၉၅၄ ခုနှစ် ၌ ခရိုင်အစိုးရ  ရက်ကန်းကျောင်းအဖြစ် စတင်ထူထောင်သည်။ ၁၉၆၈  ခုနှစ်တွင် အခြေခံရက်ကန်းကျောင်း ဖြစ်လာသည်။ ၁၉၉၂-၉၃ တွင် အထက်တန်းရက်ကန်း ကျောင်းအဖြစ်  ဖွင့်လှစ်ခဲ့သည်။  ဖလမ်း မြို့   ကျင်မွှာလ်ရပ်ကွက်တွင်  တည်ရှိပါ သည်။
(င)    ချင်းပြည်နယ် မင်းတပ်မြို့တွင် အခြေခံ ရက်ကန်းကျောင်းကို ၁၉၅၁ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ခရိုင်အစိုးရ       ရက်ကန်းကျောင်းအဖြစ် လည်းကောင်း၊   ၁၉၉၀   ပြည့်နှစ်တွင် အခြေခံရက်ကန်းကျောင်းအဖြစ် လည်း ကောင်း ဖွင့်လှစ်ခဲ့ပါသည်။ မင်းတပ်မြို့ ဦးဝမ္မသူးမောင်လမ်း၊ ဘဝသစ်ရပ်ကွက် တွင် တည်ရှိပါသည်။
(စ)    မွန်ပြည်နယ် မုဒုံမြို့၌ ၁၉၄၇ ခုနှစ်တွင် ခရိုင်အစိုးရ      ရက်ကန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။  မုဒုံမြို့  မြို့မ(၁)ရပ်ကွက်တွင် တည်ရှိပါသည်။
(ဆ)    ရခိုင်ပြည်နယ်  စစ်တွေမြို့၌ ၁၉၄၆ ခုနှစ် တွင် ခရိုင်အစိုးရ ရက်ကန်းကျောင်းအဖြစ် လည်းကောင်း၊ ၁၉၄၈ ခုနှစ်တွင်  အထက် တန်း    ရက်ကန်းကျောင်းအဖြစ်   လည်း ကောင်း    ဖွင့်လှစ်ခဲ့သည်။     စစ်တွေမြို့ မင်းဘာကြီးလမ်း၊ ဘောက်သီးစုရပ်ကွက် တွင် တည်ရှိပါသည်။
(ဇ)    ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ၁၉၅၄ ခုနှစ်၌        အခြေခံရက်ကန်းကျောင်းကို ဖွင့်လှစ်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် အထက် တန်း   ရက်ကန်းကျောင်းအဖြစ်   တိုးမြှင့် ဖွင့်လှစ်ခဲ့ပါသည်။ တောင်ကြီးမြို့ ရေအေး ကွင်းရပ်၊       အရှေ့မြို့ပတ်လမ်းပေါ်တွင် တည်ရှိပါသည်။
(ဈ)    ရှမ်းပြည်နယ် ကျောက်မဲမြို့တွင် ၁၉၅၄ ခုနှစ်၌ ခရိုင်အစိုးရ ရက်ကန်းကျောင်းကို ဖွင့်လှစ်ခဲ့ပါသည်။ ကျောက်မဲနှင့် နမ့်ခမ်း တွင် တစ်ကျောင်းစီ ဖွင့်လှစ်ခဲ့သော်လည်း ၁၉၅၉   ခုနှစ်တွင်   နမ့်ခမ်းကျောင်းအား ရပ်ဆိုင်းခဲ့ပါသည်။    ၁၉၆၈    ခုနှစ်တွင် အခြေခံရက်ကန်းကျောင်း ဖြစ်လာခဲ့သည်။ ကျောက်မဲမြို့ အမှတ်(၈) ရပ်ကွက်၊ ဖြူးရွာ သစ်တွင် တည်ရှိပါသည်။
(ည)    မန္တလေးတိုင်းဒေသကြီး  မိတ္ထီလာမြို့တွင်   ၁၉၅၀ ပြည့်နှစ်၌ အထက်တန်းရက်ကန်း ကျောင်းကို စတင်တည်ထောင်ခဲ့သည်။ မိတ္ထီလာမြို့ ဈေးအရှေ့ပြင်ရပ်၊ ကန်သာယာ ရပ်ကွက်တွင် ရှိပါသည်။
(ဋ)    မကွေးတိုင်းဒေသကြီး    ပခုက္ကူမြို့တွင် ၁၉၅၁ ခုနှစ်၌ အခြေခံရက်ကန်းကျောင်း အဖြစ်   စတင်ဖွင့်လှစ်ခဲ့ပါသည်။   ၁၉၆၈    ခုနှစ်တွင် အထက်တန်းရက်ကန်းကျောင်း    ဖြစ်ခဲ့သည်။ ပခုက္ကူမြို့ အမှတ်(၇) ရပ်ကွက်၊ ကိန္နရာတောင်လမ်းတွင် တည်ရှိပါသည်။
(ဌ)    စစ်ကိုင်းတိုင်းဒေသကြီး      မုံရွာမြို့တွင် ၁၉၅၄ ခုနှစ်၌ အခြေခံရက်ကန်းကျောင်းကို         လည်းကောင်း၊ ၁၉၆၈ ခုနှစ်တွင် အထက် တန်းရက်ကန်းကျောင်းကို လည်းကောင်း စတင်ဖွင့်လှစ်ခဲ့ပါသည်။ မုံရွာမြို့ ဒေါနခြံ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း အရှေ့ဘက်ခြမ်း တွင် တည်ရှိပါသည်။
(ဍ)    ပဲခူးတိုင်းဒေသကြီး   ရွှေတောင်မြို့တွင် ၁၉၄၈ ခုနှစ်၌ အခြေခံရက်ကန်းကျောင်း စတင်ဖွင့်လှစ်ခဲ့ပြီး   ၁၉၆၈   ခုနှစ်တွင် အထက်တန်းရက်ကန်းကျောင်း ဖြစ်လာခဲ့ ပါသည်။   ရွှေတောင်မြို့   သရက်တော ရပ်ကွက်        အပြင်ရှမ်းတန်းလမ်းတွင် တည်ရှိပါသည်။
သင်တန်းကျောင်း တော်တော်များများသည် စက်မှုလက်မှုဝန်ကြီးဌာနအောက်ရှိ  စက်မှုလက်မှု ညွှန်ကြားရေးဌာနခွဲ၊ စက်မှုလက်မှုတိုးချဲ့လုပ်ကိုင် ရေးကော်ပိုရေးရှင်း၊ စက်မှုစီမံကိန်းကော်ပိုရေးရှင်း၊ အထည်အလိပ်လုပ်ငန်း         ကော်ပိုရေးရှင်းတို့သို့ အဆင့်ဆင့် ပြောင်းလဲရောက်ရှိခဲ့ပြီး ၁၉၇၅ ခုနှစ် ပတ်ဝန်းကျင်၌ ပညာရေးဝန်ကြီးဌာန စက်မှုစိုက်ပျိုး နှင့် အသက်မွေးပညာဦးစီးဌာနအောက်သို့ ရောက်ရှိ  ခဲ့ပါသည်။ ထိုမှ ၁၉၈၂ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့ တွင်   သမဝါယမဝန်ကြီးဌာန၊   အသေးစားစက်မှု လက်မှုလုပ်ငန်းအောက်သို့      ရောက်ရှိခဲ့ပါသည်။ သင်တန်းကျောင်းအားလုံးသည် ၂၀၁၄ ခုနှစ်၊ မေလ  ၈ ရက်နေ့မှ စတင်ကာ “ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်း”   များအဖြစ်သို့  တိုးမြှင့် ဖွင့်လှစ်ပေးခဲ့ပါသည်။
စွမ်းရည်မြင့်မားသော 
သင်တန်းကျောင်းများ ဖြစ်လာစေရေး
ရက်ကန်းပညာရပ်များနှင့် ပတ်သက်လာလျှင်  ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံသည် အစဉ်အလာကောင်းများနှင့်    ဂုဏ်ရှိန်ထည်ဝါနေ သကဲ့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း များသည်လည်း ရှေးနှစ်ပေါင်းများစွာကပင် ဒေသခံ တိုင်းရင်းသား တိုင်းရင်းသူများ၏ လူမှုစီးပွားဘဝ  ဖွံ့ဖြိုးတိုးတက်ရေးအတွက်      များစွာအထောက် အကူပြုခဲ့ပေသည်။ ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အသက်မွေးဝမ်းကျောင်းပညာရပ်များကို ပထမ တန်းစားပညာရပ်များအဖြစ်    သတ်မှတ်ထားပြီး အလုပ်အကိုင် အခွင့်အလမ်းရရှိမှုမှာလည်း အခြား ပညာရေးဆိုင်ရာ   ဘွဲ့ရများထက်    ပိုမိုများပြား ကြောင်း   လေ့လာသိရှိရပါသည်။   သည့်အတွက် အသက်မွေးဝမ်းကျောင်း ဘာသာရပ်များ သင်ကြား ပေးနေသော   ရက်ကန်းနှင့်   အသက်မွေးပညာ သင်တန်းကျောင်းများကို ဂုဏ်ယူလေးစားသကဲ့သို့ နောင်အနာဂတ်ကာလတွင် ပို၍စွမ်းရည်မြင့်မား သော    သင်တန်းကျောင်းများ     ဖြစ်လာစေရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုမွေးထုတ်ပေးနိုင် ရေးအတွက်  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက အလေးထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။