
နေပြည်တော် စက်တင်ဘာ ၁၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် လုပ်ငန်း လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်၏ မန္တလေးနို့ချက်စက်ရုံသို့ ရောက်ရှိကာ တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်၊ မြို့နယ်သမဝါယမ အသင်းစုမှ တာဝန်ရှိသူများ၊ သမဝါယမအသင်းသား များနှင့်တွေ့ဆုံပြီး သမဝါယမလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်အောင်မြင်စေရန်၊ ထုတ်ကုန်အရည်အသွေး တိုးတက်ကောင်းမွန်စေရန်၊ ထုပ်ပိုးမှုပုံစံစနစ်ကို နိုင်ငံတကာစံချိန်စံညွှန်းမီစေရန်နှင့် လုပ်ငန်း လိုအပ်ချက်များအား ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေး နို့ချက်စက်ရုံနှင့် တိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက် နေသည့် ရှမ်းရိုးမရေသန့်နှင့် အချိုရည်စက်ရုံတို့ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး သမဝါယမ ဦးစီးဌာနရုံးသို့လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးကျေးရွာသို့ ရောက်ရှိပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသော ကျေးရွာအိမ်ခြေ ၂၀၀ ကျော် အကျိုးပြုသည့် ကျေးလက်ရေပေးရေး လုပ်ငန်း၊ ဂါလန် ၂၀၀၀ ဆံ့ အုတ်ရေကန်နှင့် (၅' x ၅' x ၇') ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းသို့ လည်းကောင်း ၊ ပြင်ဦးလွင်မြို့ ပန်းချယ်ရီဆွယ်တာ ထုတ်လုပ်သူများ သမဝါယမအသင်းလီမိတက်သို့လည်းကောင်း၊ ရှမ်းမလိုင် နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံသို့လည်းကောင်း သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်