
သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
============================================================
နေပြည်တော် ဒီဇင်ဘာ ၁၁
သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပသည်။
ဈေးနှုန်းခိုင်မာမှုရရှိ
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက တောင်သူလယ်သမားများ စိုက်ပျိုးထွက်ရှိ လာသည့် လယ်ယာထွက်ကုန်သီးနှံများအတွက် သင့်တင့် သော ဈေးနှုန်းခိုင်မာမှုရရှိစေပြီး တစ်ဖက်တွင်လည်း စားသုံးသူပြည်သူများအတွက် ပြင်ပပေါက်ဈေးအောက် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးကို သမဝါယမ ကွန်ရက်ချိတ်ဆက်မှုဖြင့် ဆောင်ရွက်လျက်ရှိသည့် နည်းတူ လယ်ယာသွင်းအားစု ဖြန့်ဖြူးရေး၊ မျိုးစေ့ထုတ် သမဝါယမအသင်းများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် ကန်ထရိုက် လယ်ယာစနစ် ပီပြင်စွာဖြစ်ပေါ်လာရေး လုပ်ငန်းများအား တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်နိုင်ရေးကို ရည်မျှော်၍ သမဝါယမကဏ္ဍက တစ်တပ်တစ်အား ကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း။
ကိုဗစ်ကာလအတွင်း ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်းများအား ထင်ရှားစွာ ဆောင်ရွက်ထားခြင်းများကို တွေ့ရပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရုံသာမက မိမိတို့ ၏သမဝါယမအသင်းများကို နိုင်ငံတကာတွင် အောင်မြင် နေသည့် သမဝါယမအသင်းများပုံစံဖြစ်အောင် မိမိတို့က ထိန်းကျောင်းပေးရမည်ဖြစ်သကဲ့သို့ ကာယကံရှင်ဖြစ်သည့် ဗဟိုသမဝါယမအသင်း၊ အသင်းစုချုပ်များကိုယ်တိုင်က လည်း အားထုတ်ဆောင်ရွက်ပေးကြစေလိုကြောင်း။
သမဝါယမအသင်းများကို ဦးဆောင်နေရသော ခေါင်းဆောင်သည် မိမိ၏ ကြိုးစားမှုကြောင့် အောင်မြင် သည်ဟု ထင်ခြင်းသည် အမှန်တကယ်အောင်မြင်ခြင်း မဟုတ်ပါကြောင်း၊ အဆိုပါအသင်းအဖွဲ့တွင် ပါဝင်သူ အားလုံးတို့က မိမိတို့ကိုယ်တိုင် ဆောင်ရွက်ရသဖြင့် အောင်မြင်သည်ဟု ထင်မြင်ယူဆသည့် အဆင့်ရောက်မှ အောင်မြင်သည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း။
ခေါင်းဆောင်မှုဆိုသည်မှာ လွယ်မယောင်နှင့်ခက်၊ တိမ်မယောင်နှင့်နက်ပါကြောင်း၊ ခေါင်းဆောင်မှုတစ်ခုကို ဆောင်ရွက်ရာတွင် ဦးစွာ ခေါင်းဆောင်က မဟာဗျူဟာ၊ နည်းဗျူဟာ၊ လုပ်ငန်းစဉ်များ ချမှတ်ရန်လိုပါကြောင်း၊ ခေါင်းဆောင်မှုတိုင်းတာခြင်းအရ Knows The Ways အဆင့် တွင် ကိုယ်သွားမည့်လမ်းကြောင်းကို သိရှိရမည်ဖြစ်ပြီး အကောင်အထည်ဖော်ရမည့် အခြေအနေ Gos The Ways အဆင့်တွင် အနည်းငယ်ပိုခက်လာပါကြောင်း၊ ကန့်သတ်မှု များ၊ စိန်ခေါ်မှုများနှင့် အခက်အခဲများရှိနိုင်ပါကြောင်း။
နောက်ဆုံးအဆင့် Shows The Ways တွင် ပိုခက်ခဲနိုင် ပါကြောင်း၊ သက်ဆိုင်သူ Stakeholder အားလုံးက တက်တက်ကြွကြွပါဝင်ပြီး လုပ်ငန်းစဉ်ကြီးတစ်ခုလုံး အောင်မြင်အောင်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း။
သမဝါယမအသင်းသား ၄ ဒသမ ၂ သန်းက တက်ညီလက်ညီနှင့် ပါဝင်ဆောင်ရွက်ရန်လိုပါကြောင်း၊ သမဝါယမအသင်းဖွဲ့စည်းပုံမှန်ကန်ရေးမှာ မျိုးဆက်သစ် များ စနစ်တကျ မွေးထုတ်ပေးရန် အရေးကြီးကြောင်း၊ အဓိက ဆောင်ရွက်မည့်သူများက အသင်းများကိုယ်တိုင်ပင် ဖြစ်ကြောင်း။
လယ်ယာကဏ္ဍနှင့်ပတ်သက်၍ တောင်သူလယ်သမား များပါဝင်သည့် တောင်သူလယ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေမူကြမ်းကို ပြုစုလျက်ရှိရာ အဆိုပါဥပဒေ ထွက်ရှိ လာပါက သမဝါယမအသင်းများသည် ဦးဆောင်ဦးရွက် ပြုရမည့်အသင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ ပိုပြီးခိုင်မာ သည်ထက်ခိုင်မာအောင် ယင်းဥပဒေဖြင့် ထပ်မံထိန်းကျောင်း သွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကြောင့် တစ်ကမ္ဘာလုံး၌ ထိခိုက်မှု၊ စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရကြောင်း၊ အဆိုပါ စိန်ခေါ်မှုများကို အခွင့်အလမ်းဖြစ်အောင် သမဝါယမအသင်း များက အကောင်းဆုံးကြိုးပမ်းလုပ်ဆောင်ကြစေလို ကြောင်း ဆွေးနွေးပြောကြားသည်။
ဆွေးနွေး
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုသမဝါယမအသင်းဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမဦးစီးဌာနဦးစီးမှူးများ၊ အသင်းစုချုပ်ဥက္ကဋ္ဌများ စုံညီစွာ တက်ရောက်ခဲ့ကြပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် လုပ်ငန်းများ ဆောင်ရွက်မှုများအပေါ် ပြန်လည်သုံးသပ်ခြင်း နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေ ရေးအတွက် လုပ်ငန်းစဉ်များ၊ မူဝါဒများ ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နိုင်ငံတစ်ဝန်းတွင် အခြေခံ ပြည်သူ ၄ ဒသမ ၂ သန်းဖြင့် သမဝါယမအသင်း ၃၉၄၇၀ သင်း ဖွဲ့စည်းထားရှိပြီး အသင်းသားပြည်သူများ၏ လူမှု စီးပွားဖွံ့ဖြိုးလာစေရေး အလေးထားဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ၇/၂၀၂၀ စာရင်းများအရ အသေးစားအရင်းအနှီး ချေးငွေထုတ်ချေးခြင်းကို အသင်းသားဦးရေ ၁ ဒသမ ၇၅ သန်းကျော်အား ငွေကျပ် ၃၇၅ ဒသမ ၃၅ ဘီလီယံ ထုတ် ချေးပေးထားကြောင်း၊ အရစ်ကျစနစ်ဖြင့် စက်ကိရိယာများ ရောင်းချပေးမှုမှာ အသင်းသား ၄၈၃၉၃ ဦးသို့ ငွေကျပ် ၁၁၀ ဘီလီယံကျော် တန်ဖိုးရှိ စက်ကိရိယာ ၆၄၂၃၀ စီး ရောင်းချ ပေးပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်