
နေပြည်တော် စက်တင်ဘာ ၁၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယမန်နေ့က ကချင်ပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ် သမဝါယမဦးစီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တာဝန်ရှိ သူများနှင့် ကချင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံး၌လည်းကောင်း ၊ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဦးစားပေး ဆောင်ရွက်
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျေးလက် နေပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် သမဝါယမကဏ္ဍမြှင့်တင်ရေးနှင့် အသေးစား အလတ်စား စက်မှုလက်မှုလုပ်ငန်းများနှင့် ချိတ်ဆက် ကာ ဘက်စုံကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ အချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် အထူးလိုအပ် ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် လက်ရှိအကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများ၏ အောင်မြင် မှုအရှိန်အား ဆက်လက်ထိန်းသိမ်းကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သမဝါယမအသင်းအဖွဲ့ များမှလည်း အမှန်တကယ် ဝင်ငွေရလမ်း ဆောင်ရွက် နိုင်ရေး ဥပဒေစည်းကမ်းများနှင့်အညီ အသင်းသား များ၏ ဆန္ဒရယူ၍ ဥပဒေနှင့်အညီ ရန်ပုံငွေရှာဖွေ နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံအောက်ခြေ အဆင့်အထိ ရောက်ရှိရန်လိုအပ်ပြီး အခြေအနေ အမှန်အား မှန်မှန်ကန်ကန် အချိန်နှင့်တစ်ပြေးညီ စိစစ်တင်ပြ စေလိုပါကြောင်း၊ အသက်မွေးဝမ်း ကျောင်းသင်တန်း များ ဆောင်ရွက်ရာတွင် အကျိုးရှိ ထိရောက်ရန်လိုအပ်ပြီး ဒေသအခြေအနေနှင့် ကိုက်ညီသော သင်တန်းများအား အလေးထား ဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ပြီးပါက အလုပ်အကိုင်အခွင့် အလမ်းရရှိရေးနှင့် ဝင်ငွေတိုးလုပ်ငန်းများ ဖော်ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ဖြည့်ဆည်းဆောင်ရွက်
ထို့နောက် ပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ပြည်နယ်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ဦးစီးမှူးများက ဦးစီးဌာနအလိုက် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေ အနေများကိုလည်းကောင်း၊ ဆက်လက်ဆောင်ရွက် မည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်