ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်
နေပြည်တော် မတ် ၃၁
သမ္မတ ရွေးချယ်တင်မြှောက်ရေး အဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ဒုတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စား လှယ်ဦးရေ စုစုပေါင်း ၂၆၃ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၆၀ တက်ရောက်ပြီး တက်ရောက်မှု ရာခိုင်နှုန်း ၉၈ ဒသမ ၈၆ ရှိသည့်အတွက် အစည်း အဝေး အထမြောက်ကြောင်းနှင့် စတင် ကျင်းပကြောင်း ကြေညာသည်။
ထို့နောက် အစည်းအဝေးတက်ရောက် မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ အတည်ပြု မှတ်တမ်းတင် သည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒုတိယသမ္မတလောင်းများအဖြစ် အဆိုပြုလွှာများကို နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၁၃ အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က စိစစ်ခဲ့ရာ ပြည့်စုံမှုရှိသည်ကို တွေ့ရှိရကြောင်း၊ ကိုယ်စားလှယ်များက အဆို တင်သွင်းထားသည့် ဒုတိယသမ္မတလောင်း နှစ်ဦး၏ အက္ခရာစဉ်အလိုက် အမည်စာရင်းမှာ (၁) ဒေါက်တာကျော်ဆွေ တောင်တွင်းကြီးမဲဆန္ဒနယ်၊ (၂) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဖြစ်ကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
လွှတ်တော်သို့ အသိပေးကြေညာ
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်ခံပြည်သူ့လွှတ်တော်ကို ယ်စားလှယ်များအစုအဖွဲ့မှ ဒုတိယ သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခံရသူ တစ်ဦးထက်ပိုသည့်အတွက် ဒုတိယသမ္မတတစ်ဦး ရွေးချယ် တင်မြှောက်နိုင်ရန် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၁၆ အရ ဆန္ဒမဲ လက်မှတ်ဖြင့် လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်တင်မြှောက်မည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးကြေညာသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ ဆန္ဒမဲပေးပုံပေးနည်းကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတ ရွေးချယ်တင်မြှောက်နိုင်ရန် ဆန္ဒမဲပေးပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များကို နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများနှင့်အညီ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ဝင်များ၏ရှေ့မှောက်၌ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူ တစ်ဦးက ရေတွက်သည်။
ဆက်လက်၍ ဒုတိယသမ္မတတစ်ဦး ရွေးချယ်တင်မြှောက်ရန် လျှို့ဝှက်ဆန္ဒမဲပေးခြင်းအစီအစဉ်ကို ဆောင်ရွက်ရာ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ဝင်များသည် ဆန္ဒမဲလက်မှတ်များကို တစ်ဦးချင်း လက်မှတ် ရေးထိုးထုတ်ယူပြီး သတ်မှတ်ထားသည့်နေရာတွင် လျှို့ဝှက်ဆန္ဒပြုကာ ဆန္ဒမဲပုံးများအတွင်းသို့ ဆန္ဒမဲလက်မှတ်များ ထည့်ကြသည်။
ထို့အတူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကလည်း ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစု အဖွဲ့ဝင်များနှင့်အတူ သတ်မှတ်ထားသည့် နေရာတွင် လျှို့ဝှက်ဆန္ဒပြုကာ ဆန္ဒမဲပုံးများအတွင်းသို့ ဆန္ဒမဲလက်မှတ်များ ထည့်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက် ခြင်းဆိုင်ရာ နည်းဥပဒေ ၁၈၊ နည်းဥပဒေခွဲ (ဋ) အရ ကိုယ်စားလှယ်များကို ထုတ်ပေးထားသည့် ဆန္ဒမဲလက်မှတ်အရေအတွက်နှင့် ဆန္ဒမဲပုံးများအတွင်းမှ ထုတ်ယူရရှိ သည့် ဆန္ဒမဲလက်မှတ်အရေအတွက်တို့ ကိုက်ညီခြင်း ရှိ /မရှိကို လွှတ်တော်၏ရှေ့မှောက်၌ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများက ရေတွက်စစ်ဆေးကြသည်။
အထမြောက်ကြောင်းကြေညာ
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ဝင်များကို ထုတ်ပေး ထားသည့် ဆန္ဒမဲလက်မှတ်အရေအတွက် ၂၆၀ ဖြစ်ပြီး ယခုဆန္ဒမဲပုံးအတွင်းမှ ထုတ်ယူရရှိသည့် ဆန္ဒမဲလက်မှတ် အရေအတွက်မှာ ၂၆၀ ဖြစ်သည့်အတွက် ကိုက်ညီမှုရှိသည်ကို တွေ့ရ ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၁၈၊ နည်းဥပဒေခွဲ (ဋ)၊ နည်းဥပဒေခွဲငယ်(၅)အရ ဆန္ဒမဲပေးပွဲ အထမြောက်ကြောင်း ကြေညာသည်။
ထို့နောက် ဒုတိယသမ္မတတစ်ဦး ရွေးချယ်တင်မြှောက်ရန် လျှို့ဝှက်ဆန္ဒပြုထားသည့် ဆန္ဒမဲလက်မှတ်များကို ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ဝင်များ၏ ရှေ့မှောက်၌ ရေတွက်ကြရာ ဆန္ဒမဲပေးသည့်ဦးရေ စုစုပေါင်း ၂၆၀ ရှိသည့်အနက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထောက်ခံမဲ ၂၄၇ မဲ၊ ဒေါက်တာကျော်ဆွေက ထောက်ခံ မဲ ၁၀ မဲရရှိပြီး ပယ်မဲ ၃ မဲ ဖြစ်သည်။
ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒုတိယသမ္မတ ရွေးချယ်တင်မြှောက်ပွဲတွင် ထောက်ခံဆန္ဒမဲ အများဆုံးရရှိသူမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖြစ်သည့်အတွက် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း ဆိုင်ရာ နည်း ဥပဒေ ၂၂ အရ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ကြောင်း အတည်ပြုကြေညာသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ် တင်မြှောက်လိုက်သည့် ဒုတိယသမ္မတ၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြသွားမည် ဖြစ်ကြောင်း အသိပေးကြေညာသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ဒုတိယနေ့ပြီးဆုံးကြောင်း ကြေညာပြီး အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။
သတင်းစဉ်