
ကျောက်ပန်းတောင်း ဇန်နဝါရီ ၉
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်ကျေးရွာမှ မြောက်ဘက် ၁ မိုင် ၅ ဖာလုံ ခန့်အကွာ ပုပ္ပားဂေါက်ကွင်းမှ အနောက်ဘက် ၁ မိုင် ၁ ဖာလုံခန့်အကွာတွင် ပုပ္ပားအုပ်စု သံဖို ချောင်းဖျားကျေးရွာနှင့် သံဖိုအုပ်စု သံဘိုအလယ်ရွာ၊ သံဘိုရွာသစ်တို့တွင် နှစ်သက်တမ်းများစွာက တည်ရှိ ခဲ့သည့် ကြီးမားသည့် အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်း နှင့် သံချက်ဖိုတွေကို ရပ်ရွာအခြေပြုခရီးစဉ်ဒေသ ဖြစ်နိုင် မဖြစ်နိုင်နှင့် တိုင်းရင်းဆေးရွာလုံးကျွတ် ထုတ်လုပ်ရောင်းချနေပုံများအား လာရောက်လေ့လာ ပါရန် သံဘိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုး ၏ တက်ကြွသည့်ဖိတ်ကြားမှု၊ သွားရောက်လေ့လာ လိုသည့်စိတ်တို့ဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ပုဂံဌာနခွဲရုံးမှ ဦးမျိုးမင်းအောင် (လက်ထောက် ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများ၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် အဆိုပါ ရှေးအလွန်ကျသည့် ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းများရှိရာ ကျောက် ပန်းတောင်းမြို့နယ် သံဘိုကျေးရွာသို့သွားရောက်၍ ရပ်ရွာအခြေပြုခရီးစဉ်ဒေသ ဖော်ဆောင်လို့ရ မရနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ပြောကြားထားသည့် ကျောက်ဖြစ်ရုပ်ကြွင်းများ အမှန်တကယ်ရှိ မရှိ ပဏာမသွားရောက်လေ့လာခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း မြို့နယ်တွင် အင်ကြင်းကျောက်နှင့် အခြားကျောက် များ တရုတ်နိုင်ငံဝယ်လက်ကြောင့် အင်ကြင်း ကျောက်ရှာဖွေရောင်းချသူများ သစ်တောနှင့်ထိစပ် သည့်ကျေးရွာများတွင် အမြောက်အမြားတွင်ကျယ် ခဲ့ရာ သံဘိုရွာသည်လည်း တစ်ရွာအပါအဝင်ဖြစ်ခဲ့ ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိခဲ့ရသည်။ ယခုတူးဖော်တွေ့ရှိထားသည့် အင်ကြင်းကျောက်ဖြစ် ရုပ်ကြွင်းကျောက်ကြီးသည်လည်း မြေအနက် ၁၇ ပေခန့်တွင် အလျား ၇၄ ပေ တူးဖော်တွေ့ရှိထားပြီး ဆက်လက်တူးဖော်ရန်လည်း ကျန်ရှိနေသေးကြောင်း၊ အားလုံးမတူးရသေးသည့်အတွက် အလျားအရှည် မည်မျှရှိမည်ခန့်မှန်းမရသေးကြောင်း၊ လုံးပတ် ၆ ပေ ၇ လက်မရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးက ရှင်းပြသည်။
သံဘိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင် မောင်စိုးသည် ရှေးဟောင်းကျောက်ဖြစ်ရုပ်ကြွင်း ပရိုင်းမိတ်ဟု ယူဆရသည့် ကျောက်ဖြစ်ရုပ်ကြွင်း အမျိုးအမည် ၁၀၀ ခန့် စုဆောင်းရရှိထားသော်လည်း ခုနစ်မျိုးသာ သတ္တဝါတို့၏ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်ကြောင်း သံဘိုရွာသို့လာရောက်သည့် ကျောက် ဖြစ်ရုပ်ကြွင်းပညာရှင်များက ခန့်မှန်းပေးခဲ့ကြောင်း သိရသည်။
တွေ့ရှိထားသည့် ကျောက်ဖြစ်ရုပ်ကြွင်းများကို လည်း သမင်ချို၊ ဆင်အံအောက်မေးရိုး၊ လိပ်ကျောခုံး ကျောက်ဖြစ်ရုပ်ကြွင်း၊ နွားအရိုးကျောက်ဖြစ်ရုပ်ကြွင်း များနှင့် မြိုင်မြို့နယ် ဗဟင်းကျေးရွာအနီးတွင် တွေ့ရ သော ပုံတောင်ပရိုင်းမိတ်နှင့်တူသော နှစ်သန်းပေါင်း ၄၀၀၀ ကျော်ခန့်ရှိ လူသားမျိုးနွယ်အစဟုယူဆရသည့် ပုံစံတူ အမျိုးအမည်မသိ ပရိုင်းမိတ်ကျောက်ဖြစ် ရုပ်ကြွင်းကိုလည်း တွေ့ရှိခဲ့ရပြန်သည်။ ထိုသံဘို ကျေးရွာသည် ပုပ္ပားတောင်မကြီး ကိုးကွေ့သစ်တော ကြိုးဝိုင်းကပ်လျက်တည်ရှိကာ အင်ကြင်းကျောက် များစွာထွက်ရှိကြောင်း၊ ကုန်းနေ၊ ရေနေသတ္တဝါများ စုံလင်စွာနေထိုင်ခဲ့သည့် အရပ်ဒေသဖြစ်ခဲ့သည် များလားဟု သံဘိုကျေးရွာသို့ လာရောက်သည့် ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များက မှတ်ချက်ပြုခဲ့ ကြောင်း ဦးမောင်မောင်စိုးက ရှင်းပြသည်။
သံဘိုချောင်းဖျားကျေးရွာအရှေ့ဘက် မန်ကျည်း တောအတွင်း ပုဂံမင်းအဆက်ဆက်အား လက်နက် ဆက်သရသည့် သံချက်ဖိုအမြောက်အမြားရှိနေသေး ပြီး သံချေးခဲများ၊ သံချက်ဖိုများအနီးတွင် တွေ့ရှိခဲ့ရ သည်။ အဆိုပါသံချက်ဖိုများတည်ရှိရာ မန်ကျည်း တောတွင် နတ်ကွန်းတစ်ခုရှိပြီး သတိုးမင်းခေါင်နတ် ဖြစ်ကြောင်း ရွာရှိ သက်ကြီးများလည်း သံချက်ဖိုများ အကြောင်း ရှင်းမပြနိုင်ကြကြောင်း သိရသည်။
သံဘိုချောင်းဖျားကျေးရွာတွင် တိုင်းရင်းဆေး လုပ်ငန်းလုပ်ကိုင်ကြပြီး ပုပ္ပားဒေသထွက် ဆေးမြစ်၊ ဆေးဥမျိုးစုံကြိတ်ကာ တံဆိပ်အမျိုးမျိုးဖြင့် ပုပ္ပား တောင်ကလပ်သို့ ဘုရားဖူးလာရောက်သည့် မြန်မာ ပြည်အရပ်ရပ်မှ ဘုရားဖူးများကို တိုင်းရင်းဆေး ထုတ်လုပ်ရောင်းချသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း လည်း သိခဲ့ရသည်။ အခါအခွင့်သင့်ပါက ကျောက်ဖြစ် ရုပ်ကြွင်းများရှိရာ ကျောက်ပန်းတောင်းမြို့နယ် သံဘိုကျေးရွာသို့ သွားရောက်လေ့လာသင့်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲမှ ဦးမျိုးမင်းအောင်က မှတ်ချက်ပြု ပြောကြားသည်။
မောင်မောင်ထိန်
(ကျောက်ပန်းတောင်း)