သမိုင်းရေးတောင်းဆိုမှုအခြေအနေများနှင့် အမျိုးသားရေးလိုအပ်ချက်များအရ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ရသော မြန်မာ့တပ်မတော် (၃)

Type

တပ်မတော်နေ့ဂုဏ်ပြုဆောင်းပါး

 

 

 

မောင်သမ္မာဒိဌိ

တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်

မည်သည့်နိုင်ငံမဆို နိုင်ငံတစ်နိုင်ငံ၏ “အမျိုးသားစွမ်းအား” (National Power) ဆိုသည်မှာ (၁) နိုင်ငံရေးစွမ်းအား (Political Power)၊ (၂) စီးပွားရေးစွမ်းအား (Economic Power)၊ (၃) စစ်ရေး စွမ်းအား (Military Power)ဟူသော စွမ်းအားသုံးရပ်ကို စုစည်း ခေါ်ဝေါ်ခြင်းပင်ဖြစ်ပါသည်။ ဤစွမ်းအားသုံးရပ်စလုံး တစ်ခုနှင့်တစ်ခု ဆက်နွှယ်ခိုင်မာစွာ အပြန်အလှန်အကျိုးပြုနေကြပြီး ဟန်ချက်ညီညီ တိုးတက်မှသာ ခိုင်မာတည်တံ့သော “အမျိုးသားစွမ်းအား” တိုးတက် လာမည် ဖြစ်ပါသည်။ ဤသည်မှာ နိုင်ငံရေးဘောဂဗေဒအမြင်အရ အဓိပ္ပာယ်ဖွင့်ဆိုခြင်း ဖြစ်ပါသည်။

မျိုးချစ်စိတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်ရှိကြသည့် တိုင်းရင်းသား ပြည်သူတိုင်း ပြည်ထောင်စု ပြိုကွဲခြင်းကို လုံးဝမလိုလားကြပါ။ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကိုလည်း မည်သို့မျှ အဆုံးရှုံး မခံနိုင်ကြပါ။ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲမှုကိုလည်း လုံးဝလက်မခံနိုင်ကြပါ။ ထို့ကြောင့် ပြည်တွင်းပြည်ပမှ အဖျက် သမားမှန်သမျှကို တိုင်းရင်းသားပြည်သူတို့၏ ဘုံရန်သူအဖြစ် သတ်မှတ်ပြီး ချေမှုန်းနိုင်ရန် အင်အားတောင့်တင်းသော ခေတ်မီ တပ်မတော်ကြီးကို တည်ဆောက်ပြီး “အမျိုးသားကာကွယ်ရေး စွမ်းရည်” (National Military Power) မြင့်မားနေအောင် အမြဲ မြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဤအချက်ကို (၇၆)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက် (၄)ရပ်အနက် “နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာကို ထိရောက်စွာ ကာကွယ်ရန် တိုက်ပွဲစွမ်းရည်နှင့် တိုက်ပွဲစွမ်းအားရှိသော ကျစ်လျစ် ခိုင်မာတောင့်တင်းသည့် ခေတ်မီတပ်မတော် တည်ဆောက်ရေး” ဟူသော ဦးတည်ချက်မှာ တိုင်းပြည်အင်အားရှိအောင်၊ တပ်မတော် အင်အားရှိအောင် ဆောင်ရွက်ကြရမည့် အမျိုးသားကာကွယ်ရေး တာဝန်ကြီးကို ရည်ညွှန်းချမှတ်ထားခြင်းပင် ဖြစ်ပါသည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် အမျိုးသားကာကွယ်ရေးစွမ်းအား မြှင့်တင်နိုင်မှ တိုင်းပြည်အင်အား ရှိမည်ဟူသော ဒိဋ္ဌဓမ္မတရားကို တိုင်းရင်းသားပြည်သူတိုင်း ခံယူသိရှိ နေစေရန် ရည်ရွယ်ချက်ဖြင့် “တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်” ဟူသော သီချင်းခေါင်းစဉ်ကို ကိုယ်တိုင်ရွေးချယ်ပြီး သီချင်းတွင်ပါဝင်ရမည့် တေးစာသားများကို ရေးသား၍ မျိုးချစ် ဂီတစာဆို ဆရာရွှေတိုင်ညွန့်ထံ ကိုယ်ရံတော် ဗိုလ်ထွန်းလှ(တက္ကသိုလ် နေဝင်း)ကို စေလွှတ်ကာ ရေးစပ်စေခဲ့သည်။ ထိုအချိန်က ဆရာရွှေတိုင် ညွန့်မှာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေသည့်ကြားက ဗိုလ်ချုပ် လိုချင်သည့် တေးစာသားများကိုရေးစပ်ပြီး အသံထည့်လိုက်သော အခါ တေးစာသား၏ ဂုဏ်၊ တေးသွားတေးလာ ဂီတသံ၏ ဂုဏ်၊ တူရိယာများ၏ ဂုဏ်ဟူသော အင်္ဂါရပ်သုံးရပ်နှင့်ညီသော ဂန္ထဝင် အမျိုးသားကာကွယ်ရေးဆိုင်ရာ တေးတစ်ပုဒ်အဖြစ် ယခုတိုင် ရှင်သန် ကျော်ကြားဆဲ၊ နောင်လည်း အစဉ်ရှင်သန်နေမည်သာဖြစ်သည်။

ဗိုလ်ချုပ်သည် မြန်မာ့လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ အမြဲတည်တံ့ခိုင်မြဲရေးအတွက် တပ်မတော်အင်အားရှိနေရေးနှင့် စပ်လျဉ်း၍ ၁၉၄၃ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် တိုင်းပြည်သို့ အသံလွှင့်မိန့်ခွန်းပြောကြားခဲ့ရာ၌ ဗိုလ်ချုပ်က-

“မြန်မာပြည်ကာကွယ်ရေးလို့ ကျွန်တော်တို့ ဘာ့ကြောင့် ပြောသလဲ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့နိုင်ငံကို မချဲ့ချင်ဘူး။ မြေတွေကိုလည်း တိုက်ပြီးမယူချင်ဘူး။ ကျွန်တော်တို့ နယ်မချဲ့ ချင်ဘူး။ ကျွန်တော်တို့ မြန်မာပြည်ကို ကာကွယ်ချင်တယ်။ ကျွန်တော် တို့နိုင်ငံ အမြဲတမ်းတောင့်တင်းနိုင်သမျှ တောင့်တင်းအောင်လုပ်မယ်။ မြန်မာပြည်ကို ကာကွယ်ဖို့ကျွန်တော်တို့ ဘာလိုသလဲ။ စစ်တပ်တွေ သေချာပေါက်လိုတယ်။ အဲ့ဒီတပ်တွေထဲမှာ ကြည်းတပ်၊ ရေတပ်၊ လေတပ်တွေပါတယ်။

မြန်မာပြည်ရဲ့ အဓိကလုပ်ငန်းဟာ ကာကွယ်ရေးပထမ၊ ကာကွယ် ရေးဒုတိယနဲ့ ကာကွယ်ရေး နောက်ဆုံးဖြစ်တယ်။ ကာကွယ်ရေးကို အခြေခံပြီး ကျွန်တော်တို့တတွေ နိုင်ငံတော်သစ်ကို တည်ဆောက် ကြရမယ်။ အဲဒီနောက် မြန်မာပြည်ဟာ တောင့်တင်းခိုင်မာတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်လာမယ်။

ဒါ့ကြောင့် မြန်မာအမျိုးသားများက မြန်မာပြည်ကို ကာကွယ်ကြ ရမယ်။

ကျွန်တော်တို့ရဲ့မြေ တစ်လက်မကိုတောင် နောက်တစ်ကြိမ် ဓားပြတိုက်ယူခွင့်မပြုနိုင်ဘူး။ ပင်လယ်ကမ်းရိုးတန်းမှာ၊ တောင်တန်း တွေပေါ်မှာ၊ ချိုင့်ဝှမ်းတွေမှာ၊ လမ်းပေါ်မှာ၊ ရွာတွေမှာ၊ မြို့တွေမှာနှင့် အိမ်တိုင်း အခန်းတိုင်းမှာ နေထိုင်ကြတဲ့ မိန်းမတွေနဲ့ ကလေးတွေ အပါအဝင် ရှမ်း၊ ကရင်၊ ချင်း၊ ပလောင်၊ တိုင်းရင်းသားအားလုံး၊ ဓား၊ တုတ်၊ ရိုင်ဖယ်၊ လှံတွေစွဲကိုင်ပြီး နောက်ဆုံးအချိန်အထိ မြန်မာပြည် ကို ကာကွယ်ကြရမယ်။ သေမြေကြီး၊ ရှင်ရွှေထီး ဆိုတဲ့စကား အတိုင်း လုပ်ကြရမယ်”ဟု လမ်းညွှန်မိန့်ကြားခဲ့ပါသည်။

အလားတူ အရွယ်ရောက်သူတိုင်း နိုင်ငံတော်အတွက် စစ်မှု ထမ်းဆောင်ရေးနှင့် စပ်လျဉ်း၍ ၁၉၄၇ ခုနှစ် ဧပြီလ ၅ ရက်နေ့ ညနေ ၆ နာရီ ၃၃ မိနစ်တွင် အသံလွှင့်မိန့်ကြားခဲ့ရာ၌လည်း ဗိုလ်ချုပ်က-

“မြန်မာပြည်လွတ်လပ်ရေးရတဲ့အခါမှာ မြန်မာပြည်ကို ကာကွယ် ဖို့ မြန်မာတွေရဲ့ အဓိကတာဝန်ဖြစ်လာတယ်။ ဟိုတုန်းကလို အေးအေးဆေးဆေးမဖြစ်တော့ဘူး။ တိုင်းပြည်ကာကွယ်ဖို့ စစ်သား တွေလိုလာမယ်။ အဲဒီအခါ မြန်မာတိုင်း၊ အရွယ်ရောက်သူတိုင်း၊ ကျန်းမာရေးနှင့်ပြည့်စုံသူတိုင်း စစ်မှုထမ်းဖို့လုပ်ရမယ်။ ခင်ဗျား တို့ တိုက်ချင်တိုက် မတိုက်ချင်လဲတိုက်ရမယ်။ ဒါမှ လွတ်လပ်ရေး တာဝန်ကျေမယ်” ဟု မိန့်ကြားခဲ့ပြီး ထိုမိန့်မှာချက်မှာ နိုင်ငံသူ နိုင်ငံသားတိုင်း၏ မွေးရာပါ အမျိုးသားကာကွယ်ရေး တာဝန်တစ်ရပ် ဖြစ်သည်ကို လမ်းညွှန်မိန့်ကြားခဲ့ခြင်းပင် ဖြစ်ပါသည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၅/၂၀၂၁)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ -

“တပ်မတော်အနေဖြင့် ၁၉၄၈ ခုနှစ်မှစ၍ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းစေရေးအတွက် ဝင်ရောက်ဖြေရှင်းပေးခဲ့ရကြောင်း၊ မိမိတို့နိုင်ငံသည် မိမိတို့ထက် လူဦးရေများပြားသည့် နိုင်ငံများ အကြားတွင် တည်ရှိသည့်အတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးအတွက် အင်အားရှိရန်နှင့် အသင့်ဖြစ်အောင် ဆောင်ရွက်နေ ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်တည်တည်ငြိမ်ငြိမ်ဖြစ်သွားလျှင် ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင် အထည်ဖော်ရေး စဉ်းစားရမည်ဖြစ်၍ ကောင်စီဝင်များ လေ့လာကြစေ လိုကြောင်း၊ သက်မှတ်ထားသည့် နိုင်ငံသားတိုင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပုဒ်မ (၃၈၆) အရ စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းရန် တာဝန်ရှိကြောင်း” စသဖြင့် လမ်းညွှန်မိန့်ကြားခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း (၈)၊ နိုင်ငံသူ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များအခန်းကဏ္ဍ ပုဒ်မ (၃၈၆)တွင် - “နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်” ဟူသော ပြဋ္ဌာန်း ချက်မှာလည်း လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးအတွက် နိုင်ငံသားတိုင်း မွေးရာပါ အမျိုးသားကာကွယ်ရေး တာဝန်ရှိနေခြင်းကို ရည်ညွှန်းပြဋ္ဌာန်းထားခြင်းပင် ဖြစ်ပါသည်။

မြန်မာ့တပ်မတော်နှင့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်

တပ်မတော်အစိုးရသည် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ တွင် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ရယူခဲ့ပြီး အမျိုးသားရေးမူဝါဒ ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန် အရေးသုံးပါးကို နိုင်ငံသားအားလုံး ဝိဝါဒကွဲပြားစရာမရှိသည့် အမျိုး သားရေးဝါဒအဖြစ် ချမှတ်ဖော်ဆောင်ခဲ့သည်။ နိုင်ငံတော်၌ တရား ဥပဒေစိုးမိုးရန်နှင့် အေးချမ်းတည်ငြိမ်ရန် ပထမဦးဆုံး ဆောင်ရွက် ခဲ့ပြီး ငြိမ်းချမ်းမှုနှင့် ချစ်ကြည်သွေးစည်းညီညွတ်မှုကို ဦးတည်ပြီး စိတ်ရှည်လက်ရှည် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၇)ဖွဲ့သည် နိုင်ငံတော်အစိုးရနှင့် အပြန်အလှန် နားလည်မှုရရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ကာ အစိုးရနှင့် လက်တွဲဆောင်ရွက်ခဲ့သည်။

နိုင်ငံတော်အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ထူထောင်ရေးကို အမျိုးသားရေးပန်းတိုင်အဖြစ် သတ်မှတ် ကာ နိုင်ငံရေးဦးတည်ချက်(၄)ရပ်၊ စီးပွားရေးဦးတည်ချက် (၄)ရပ်၊ လူမှုရေးဦးတည်ချက် (၄)ရပ် ဟူသော နိုင်ငံတော်ဦးတည်ချက် (၁၂)ရပ်ကို ချမှတ်ကာ စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့သည်။ စီးပွား ရေး အကောင်အထည်ဖော်ဆောင်မှုတွင် သာဓကအားဖြင့် နိုင်ငံ တစ်ဝန်းလုံး ပြန့်ကျဲနေသော ပုဂ္ဂလိကစက်မှုလုပ်ငန်းများကို စုစည်း ပြီး ၂၀၀၈ ခုနှစ်တွင် စက်မှုဇုန် ၁၈ ဇုန် ဖြစ်ပေါ်လာကာ စက်ရုံ အလုပ်ရုံများ တိုးတက်လာခဲ့သည်။ ၁၉၈၈ ခုနှစ်၌ နိုင်ငံပိုင်စက်ရုံ ၆၄၂ ရုံနှင့် ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ၃၅၀၀၀ ရှိခဲ့ရာမှ ၂၀၀၈ ခုနှစ်တွင် နိုင်ငံပိုင်စက်ရုံ ၇၉ ရုံနှင့် ပုဂ္ဂလိက စက်ရုံအလုပ်ရုံ ၈၀၀၀၀ ရှိလာ၍ စက်ရုံပေါင်း ၄၅၀၀၀ ကျော် တိုးတက်လာခဲ့သည်။

လယ်ယာကဏ္ဍဖွံ့ဖြိုးမှုနှင့် လိုက်လျောညီထွေစွာ စက်မှုလုပ်သား ဦးရေ တိုးပွားလာခဲ့ရာ လယ်ယာလုပ်သား(၁၀ ဒသမ ၄ သန်းမှ ၂၂ ဒသမ ၃ သန်း) သို့ နှစ်ဆကျော်အထိလည်းကောင်း၊ စက်ရုံလုပ်သား (၁ ဒသမ ၇ သန်းမှ ၄ ဒသမ ၈ သန်း)အထိလည်းကောင်း၊ ဝန်ဆောင်မှု လုပ်ငန်းမှ လုပ်သား(၃ ဒသမ ၈ သန်းမှ ၇ ဒသမ ၅ သန်း)အထိ တိုးတက်လာခဲ့ရာ စုစုပေါင်းလုပ်သားဦးရေ (၁၆ သန်းကျော်မှ ၃၄ ဒသမ ၀၇ သန်းကျော်)အထိ အလုပ်အကိုင်အခွင့်အလမ်းများ နှစ်ဆ ကျော် တိုးတက်ခဲ့သည်ကို တွေ့ရှိရသည်။

စိုက်ပျိုးရေးကဏ္ဍတွင် ၁၉၈၈ ခုနှစ် နောက်ပိုင်း၌ ဆည်တမံ ၁၉၀ အသစ်တည်ဆောက်၍ မြစ်ရေတင်စီမံကိန်း ၂၉၈ ခု၊ ကျေးလက် ဆည်ပေါင်း ၉၉၉ ခုကို တည်ဆောက်ပေးခဲ့သည်။ ယခင်က အသားတင်စိုက်ပျိုးမြေဧက(၁၉ ဒသမ ၉ သန်း) ရှိခဲ့ရာမှ ၂၀၀၈ ခုနှစ်တွင် (၂၉ ဒသမ ၃ သန်း) အထိ တိုးတက်လာခဲ့သည်။ မိုးစပါး စိုက်ဧကသည် ဧက(၁၁ သန်း) မှ (၁၆ ဒသမ ၈ သန်း) အထိ တိုးတက် ခဲ့ပြီး ယခင်က နွေစပါးမစိုက်နိုင်ခဲ့သော်လည်း ၂၀၀၈ ခုနှစ်တွင် နွေစပါး(၃ ဒသမ ၄ သန်း)နှင့် အခြားသီးထပ်သီးနှံများပါ စိုက်ပျိုး လာနိုင်ခဲ့ကာ သီးနှံစိုက်စွမ်းအား(၁၅၇)ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု သိရသည်။

လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင်လည်း ကွန်ရက်ယှက်သွယ် လမ်းတံတားများသည် လူမှုစီးပွား အခြေခံအဆောက်အအုံများ အတွက်ဖြစ်သလို ပြည်ထောင်စုသားတစ်ရပ်လုံး ကူးလူးဆက်ဆံ နိုင်မည့် ချစ်ကြည်ရင်းနှီးပေါင်းစည်းရေးဆိုင်ရာ လူမှုအဆောက် အအုံများအဖြစ် တည်ရှိလာခဲ့သည်။ ၁၉၈၈ ခု မတိုင်မီ မြစ်ကူး တံတားကြီး (၅)စင်းသာရှိခဲ့ပြီး ၂၀၀၈ ခုနှစ်အတွင်း မြစ်ကူးတံတားကြီး အစင်း ၂၀ အပါအဝင် ပေ ၁၈၀ အထက် ကားလမ်းတံတားပေါင်း ၂၁၉ စင်း၊ ရထားလမ်းတံတား ၃၄ စင်းကို ဆောက်လုပ်နိုင်ခဲ့သည်။

နိုင်ငံတော်တွင် အမျိုးသားစည်းလုံးညီညွတ်ရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် လူမှုစီးပွားအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာ၌ အထူး ဖွံ့ဖြိုးရေး ဒေသကြီး ၂၄ ခု စီမံကိန်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်းများဖြင့် ဆောင်ရွက်နိုင်ခဲ့သည်။

ပညာရေးကဏ္ဍတွင် သက်ကြီးစာတတ်မြောက်မှုနှုန်းသည် ၁၉၉၆ ခုနှစ်တွင် (၈၃)ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၀၆ ခုနှစ်တွင် (၉၄ ဒသမ ၃၅)ရာခိုင်နှုန်းအထိ လည်းကောင်း၊ အခြေခံပညာကျောင်း (၆၇၉၇)ကျောင်း၊ မူလတန်းလွန်ကျောင်း (၆၀၀၃) ကျောင်း အထိ လည်း ကောင်း၊ ယခင်က တစ်နိုင်ငံလုံးတွင် တက္ကသိုလ်/ကောလိပ် (၃၂)ကျောင်းရှိခဲ့ရာမှ ၂၀၀၈ ခုနှစ်တွင် (၁၅၆)ကျောင်းအထိ တိုးတက်လာခဲ့ သည်ကို တွေ့ရှိရသည်။ ဤအချက်အလက်များမှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(တပ်မတော်အစိုးရ)လက်ထက်၌ အဓိကကျသော ကိန်းဂဏန်းများကိုသာ ကောက်နုတ်၍ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းသာဓကအချို့ကို တင်ပြခြင်းဖြစ်ပါသည်။

တပ်မတော်အစိုးရသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးမှု အရှိန်ရရှိလာသောအခါ ပြည်သူတို့၏ လိုလားချက်အတိုင်း ပါတီစုံ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်နိုင်ရန် အမျိုးသား ညီလာခံကြီးကို ကျင်းပကာ ရရှိခဲ့သော အခြေခံမူများနှင့်အတူ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရေးကော်မရှင်ကို ဖွဲ့စည်းကာ ရေးဆွဲစေခဲ့ရာ ရရှိခဲ့သောအခြေခံမူများ၊ ဥပဒေရေးရာများကို အကြိမ် ကြိမ်အခါခါ ညှိနှိုင်းပြီး သဘောတူညီချက်ရရှိမှသာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီးကို ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)ခုနှစ်ကို အတည်ပြုနိုင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူတို့၏ သဘောထားတောင်းခံသည့် ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲများကို ၂၀၀၈ ခုနှစ် မေလ ၁၀ ရက်နှင့် ၂၄ ရက်နေ့တို့တွင် ကျင်းပခဲ့ရာ

နိုင်ငံတစ်ဝန်းလုံး ဆန္ဒမဲပေးခွင့်ရှိသူ (၂၇၂၈၈၈၂၇) ဦးအနက် (၉၈ ဒသမ ၁၂)ရာခိုင်နှုန်းက ဆန္ဒမဲပေးခဲ့ကြပြီး ယင်းဆန္ဒမဲပေးကြ သူများနက် (၉၂ ဒသမ ၄၈) ရာခိုင်နှုန်းက ထောက်ခံခဲ့ကြသဖြင့် ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ၂၉-၅-၂၀၀၈ ရက်စွဲပါ ကြေညာချက်အမှတ် ၇/၂၀၀၈ ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (တပ်မတော်အစိုးရ) ဖော်ဆောင်ပေးခဲ့သော ဒီမိုကရေစီကျင့်စဉ်မှာ ပါလီမန်ဒီမိုကရေစီစနစ်မဟုတ်သလို ဆိုရှယ်လစ်ဒီမိုကရေစီလည်း မဟုတ်ပါ။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် (Genuine Discipline Multi-Party Democratic System)သာ ဖြစ်ပါသည်။

တိုင်းရင်းသားပြည်သူတို့၏ ဆန္ဒနှင့်အညီ ပေါ်ပေါက်လာခဲ့သော ပြည်ထောင်စုသမ္မတ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)၏ ပြဋ္ဌာန်းချက်များနှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲများကို ၂၀၁၀ ပြည့်နှစ်တွင် တစ်ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် တစ်ကြိမ် (၂)ကြိမ်တိုင်တိုင် အောင်မြင်စွာကျင်းပခဲ့ပြီးဖြစ်ပါသည်။

လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့ သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် နေရာ တိုင်း၌ အရုပ်ဆိုးလွန်းလှသည့် ဆန္ဒမဲမသမာမှုများ ဖြစ်ပေါ်လာခဲ့ သည်။ အာဏာရပါတီအစိုးရသည် တစ်ပါတီအာဏာရှင်စနစ်ကို ပြောင်ကျကျ ကျင့်သုံးကာ မဲဆွယ်မှု၊ မဲပေးမှုဆိုင်ရာ မသမာမှုများမှာ ဖုံးမရ ဖိမနိုင်ဖြစ်လာခဲ့သည်။ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက် ပုံစံမျိုးဖြင့် ဒီမိုကရေစီ၏ အနှစ်သာရ ကျင့်စဉ်ကိုပါ ဖျက်ဆီးခဲ့သောကြောင့် မဲစာရင်းလွဲမှား မသမာမှုများကို ပြန်လည်စိစစ်ပေးရန် နှုတ်ဖြင့်တစ်မျိုး၊ စာနှင့်တစ်ဖုံ တာဝန်အရှိဆုံး ပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများသို့ တင်ပြခဲ့သော်လည်း မဆောင်ရွက်သည့် အပြင် တတိယအကြိမ်လွှတ်တော်ခေါ်ယူပြီး အစိုးရအသစ်ဖွဲ့ရန် အတင်းအဓမ္မလုပ်ဆောင်လာကြသောကြောင့် တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇၊ ၄၁၈၊ ၄၁၉ ပြဋ္ဌာန်းချက် များနှင့်အညီ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော် ၏ တာဝန်အရပ်ရပ်ကို ခေတ္တရယူခဲ့ရသည်။ ပြီးလျှင် ဦးတည်ချက် (၉)ရပ်၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တို့ကို ချမှတ်ကာ ဆန္ဒမဲများကို ပြန်လည်စိစစ်ပြီးစီးပါက လွတ်လပ်၍ တရားမျှတသော ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကြီးကို ကျင်းပရန် ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါသည်။

ရလေလိုလေ အိုတစ္ဆေဆိုသကဲ့သို့ မသမာသည့်နိုင်ငံရေးသမား များသည် ပြောတော့လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ကရား ရေလွှတ် တတွတ်တွတ်ပြောပြီး လုပ်တော့ဒီမိုကရေစီ၏ လုံးဝ ဆန့်ကျင်ဘက်ဖြစ်သော အကြမ်းဖက်ရမ်းကား နှိပ်စက်အကျပ်ကိုင် မှုများနှင့် မင်းမဲ့စရိုက်ဖြစ်အောင် ဖန်တီးနေကြသည်။ ထိုအထဲတွင် အမျိုးသားသစ္စာဖောက်များ၊ အမေကျော် ဒွေးတော်လွမ်းသူများ၊ အနောက်မျှော်ဩဇာခံများသည် ရိုးသားသော လူငယ်လူရွယ်များနှင့် ဆိုးသွမ်းလူငယ်များကို သွေးထိုးလှုံ့ဆော်၍ အဖျက်မှိုင်းတိုက်ကာ အလုံးစုံ ပျက်စီးရေးလမ်းကြောင်းပေါ်သို့ တွန်းပို့နေသည်ကိုလည်း ရင်နင့်ဖွယ်တွေ့ရှိရသည်။ တာဝန်ရှိသူများကလည်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ညင်သာစွာ ကိုင်တွယ်ဖြေရှင်းပေးလျက်ရှိ သဖြင့် အကြမ်းဖက်ဒုစရိုက်သမားများသည် နေလာလျှင် နှင်းပျောက် သွားသကဲ့သို့ ဘယ်သူမပြု မိမိမှုသာဖြစ်၍ တရားဥပဒေ၏ပြစ်ဒဏ်ကို ပြန်လည်ခံစားရမည်မှာ မြေကြီးလက်ခတ်မလွဲပါ။

အချုပ်ဆိုရပါလျှင် အမိမြန်မာပြည်၏ “ပထဝီဝင်နိုင်ငံရေး” (Geo Politics)အခြေအနေများအရ လည်းကောင်း၊ သမိုင်းရေး တောင်းဆိုမှုများ၊ သမိုင်းအစဉ်အလာကောင်းများနှင့် အမျိုးသားရေး လိုအပ်ချက်များအရ လည်းကောင်း၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝ သော ပါတီစုံဒီမိုကရေစီစနစ် အစဉ်ရှင်သန်နေစေရန်အတွက် လည်းကောင်း၊ မြန်မာ့တပ်မတော်သည် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် မဖြစ်မနေ ပါဝင်ဆောင်ရွက်နေရမည် ဖြစ်ပါသည်။ သို့မဟုတ်ပါက နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတို့မှာ ဆူးကြား၌ ဘူးခါးသီးနေရသည့် အနိဋ္ဌာရုံအဖြစ်ဆိုးများနှင့် ကြုံတွေ့ ကြရမည်မှာ သေချာလှသည်။

ရေဇလာမြင့်ပါမှ ရွှေကြာပွင့် တင့်တယ်လန်းဆန်းမည်ဖြစ်သကဲ့ သို့ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ဖြစ်ပါသည်။ ဤနေရာတွင်စပ်လျဉ်း၍ တပ်မတော်အင်အားမရှိလျှင် ဖြစ်ပေါ်လာ မည့် အနိဋ္ဌာရုံဆိုးကျိုးတစ်ခုကို ရတနာပုံခေတ် နိုင်ငံရေးသုခမိန်ကြီး ယောမင်းကြီး ဦးဖိုးလှိုင်က “တိုင်းပြည်၌ စစ်သည်၊ လက်နက်အင်အား များ ပြည့်စုံခိုင်ခံ့နေလျှင် တစ်ပါးရန်သူတို့ ကြံစည်ဝံ့မည် မဟုတ်၊ စစ်အင်္ဂါငြိမ်းချမ်း၍ ပြည်သူပြည်သားများ ချမ်းသာစည်ကားရန် ဖြစ်ချေသည် သို့မဟုတ်က နှာခေါင်းရှည်ရှည်နှင့် လူမျိုးခြားတို့က ကျွန်ုပ်တို့၏ အမျိုးသမီးများကို နမ်းရှုံ့ခြင်းပြုလိမ့်မည်” ဟု သတိပေး ပြောဆိုခဲ့သည်။ ဩဝါဒစကားမှာ အမျိုးသားကာကွယ်ရေးအသိနှင့် သတိကိုလက်ကိုင်ထားကာ အမျိုးသားကာကွယ်ရေး စွမ်းရည် ထက်မြက်၍ တိုက်ပွဲစွမ်းရည်နှင့် တိုက်ပွဲစွမ်းအားရှိသော ကျစ်လျစ် ခိုင်မာတောင့်တင်းသည့် ခေတ်မီတပ်မတော် တည်ဆောက်၍ တိုင်းပြည်အင်အားရှိရေးကို လမ်းညွှန်ထောက်ပြသတိပေးခဲ့သည့် အဆိုအမိန့်ဖြစ်၍ လေးစားလိုက်နာဖွယ်ဖြစ်ပါသည်။

သို့ဖြစ်၍ (၇၆)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ ဖြစ်ကြသည့်-

(၁) အမျိုးသားမူဝါဒဖြစ်သော ဒို့တာဝန် အရေး(၃)ပါးကို ဆက်လက်ထိန်းသိမ်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြေခံမူများနှင့် အညီ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ဆန္ဒဖြစ်သည့် ဒီမိုကရေစီ လမ်းကြောင်းမှ သွေဖည်မှုမရှိစေရန် ပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ ၍ တပ်မတော်က ကာကွယ်ထိန်းသိမ်းပေးရေး၊

(၂) သဘာဝဘေးအန္တရာယ် ကျရောက်မှုအပါအဝင် ပြည်သူများ အပေါ် ကျရောက်လာသည့် အန္တရာယ်မှန်သမျှကို မည်သည့် အခြေ အနေ မည်သည့်အချိန်ခါတွင်မဆို ကာကွယ်စောင့်ရှောက်ရန်နှင့် ပြည်သူလူထု၏ လူနေမှုဘဝလုံခြုံရေးကိုပါ ဘက်ပေါင်းစုံက ကူညီ ဆောင်ရွက်ပေးရေး၊

(၃) ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းကို လျှောက်လှမ်းရာ တွင် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးသည် ပကတိလိုအပ်ချက် ဖြစ်သည့်အတွက် ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ဒို့တာဝန်အရေး (၃)ပါးကို မသွေဖည်ဘဲ NCA အပေါ် အခြေခံ၍ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊

(၄) နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာ ကို ထိရောက်စွာကာကွယ်နိုင်ရန် တိုက်ပွဲစွမ်းရည်နှင့် တိုက်ပွဲ စွမ်းအားရှိသော ကျစ်လျစ်ခိုင်မာတောင့်တင်းသည့် ခေတ်မီ တပ်မတော် တည်ဆောက်ရေး

ဟူသော ဦးတည်ချက်(၄)ရပ်နှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့်အတူ တာဝန်ရှိသူများအားလုံးနှင့် ပြည်ထောင်စုတိုင်းရင်းသားအားလုံး “မှန်ကန်သောအသိ”၊ “မှန်ကန် သောခံယူချက်”၊ “မှန်ကန်သောရပ်တည်လုပ်ဆောင်ချက်” တို့ဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလမ်းခရီးကို လျှောက်လှမ်းကြပါစို့ဟူ၍ အရေးထားလေးစားစွာဖြင့် ရေးသားရင်း (၇၆)နှစ်မြောက် တပ်မတော်နေ့ကို လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆို အပ်ပါသည်။

အကိုးအထောက်

(၁) အမျိုးသားနိုင်ငံရေး အမြင်မှန်လမ်းညွှန် (ပြန်ကြားရေး

ဝန်ကြီးဌာန-၁၉၉၉ ခုနှစ်)

(၂) ပြည်ထောင်စုစိတ်ဓာတ်(သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း-

၂၀၀၁ ခုနှစ်)

(၃) တပ်မတော်ရွှေရတု(နှစ် (၅၀)ပြည့် ရွှေရတုတပ်မတော်နေ့

အထိမ်းအမှတ် စာပေနှင့် ဓာတ်ပုံပြိုင်ပွဲ ကျင်းပရေး

လုပ်ငန်းကော်မတီ-၁၉၉၅ ခုနှစ်)

(၄) မြန်မာ-အမေရိကန်ဆက်ဆံရေးသမိုင်း (လေ့လာသူ

တစ်ဦး၊ ပြန်ကြားရေးဝန်ကြီးဌာန- ၂၀၀၇ ခုနှစ်)