
(တျာချင်း)
* နွေဦးအစ ကြွေကျရွက်ဝါ
ရာသီနှင်းကြွင်း ပူခြင်းရှိန်လျော့လာ
စစ်ထွက်လို့လာ ဒို့သဟာတစ်သင်း
ရင်တွင်းပျော်လျက် တိုင်းပြည်အတွက်
ပေးဆပ်သက်နှင်းအပ်သည်နှင့်လေး။
* တိုင်းပြည်လူမျိုး ဂုဏ်မညှိုးစေရာ
လမှာတပေါင်း ရက်ကောင်းကိုရွေးကာ
မတ်လလယ်မှာ စစ်ထွက်လာကြောင်း
ရက်ကောင်းရက်မွန် နှစ်ဆယ့်ခွန်
တစ်ကိုးလေးလွန် ငါးရက်ကယ်နှင့်လေး။
* ဖက်ဆစ်မျိုးယုတ် တိုက်ထုတ်ဖို့ရာ
ငါတို့တပ်မတော် စစ်တလင်းဖော်ခဲ့တာ
လူထုတွေပါ ပေါင်းကာတိုက်ကြ
ဖက်ဆစ်တွေပြေး ဟိုအဝေး
မနှေးအောင်ပွဲရသည်နှင့်လေး။
* ဒို့ချွေး ဒို့သွေးပေးဆပ်မနှေးပါ
တိုက်ရေးကြွယ်ကြွယ် ပရိယာယ်နှင့်သာ
လေးဆယ့်ရှစ်ခါ နှစ်မှာလွတ်လပ်
ပေးအပ်ခဲ့ပြီ ဒို့တိုင်းပြည်
သာစည်ပွားတိုးခဲ့ပြီမို့လေး။
* ယခုချိန်ခါ ဤကမ္ဘာကြီးမှာ
အင်အားချိန်လျာညှိမှရတော့မှာ
တပ်မတော်ဟာ ခိုင်မာတောင့်တင်း
စုံခြင်းလက်နက် တပ်ဆင်လျက်
တိုးတက်အစဉ်ရှိသည်နှင့်လေး။
* သည်လွတ်လပ်ရေး တည်ရေးဓွန့်ရှည်ကြာ
မြဲပါစေကြောင်း ဆုတောင်းပတ္ထနာ
ဂရုပြုကြပါ သူငါခပင်း
စည်းလုံးခြင်းဖြင့် အရင်းတည်
ဒို့များညီညီစုကာပေါင်းသည်နှင့်လေး။
* လွတ်လပ်ရေးကြီးဓွန့်ရှည်ဖို့ ဒို့များကြိုးစားကြပါစို့။
* နယ်ချဲ့ဖက်ဆစ်တိုက်ထုတ်ပစ် နွံနစ်ရာမှရုန်းထဖို့။
ဘိုမျိုး (ရွှေဘို)