သမီးလေးနှင့် တစ်နေ့တာမှသည် နိုင်ငံချစ်စိတ်ဆီသို့

Type

 

 ခန့်ဇော် (ကျေးလက်)
 

စာရေးသူတာဝန်ထမ်းဆောင်တာက နေပြည်တော်မှာ၊ မိသားစုက ရန်ကုန်မှာ၊ ကလေးတွေ ကျောင်းတက်တာက ရန်ကုန်မှာဆိုတော့ မိသားစုဘဝနဲ့ အလုပ် ကိစ္စများကို အချိုးညီမျှတစွာ ဆောင်ရွက်ဖို့ရာ အလွန်ခက်ခဲခဲ့ပါတယ်။ မောင်တစ်ရွာ၊ မယ်တစ်မြို့ပေါ့။ ကလေးတွေ ပုံမှန်နွေရာသီ ကျောင်းပိတ်ချိန်၊ နေ့ကြီးရက်ကြီး ကျောင်းပိတ်ရက်များမှာ အမျိုးသမီးက ခွင့်ယူပြီး မိသားစု နေပြည်တော်မှာ ဆုံကြရတာများပါတယ်...


သားနဲ့သမီးက         ရန်ကုန်ရောက်ချိန်မှာ ကျောင်းပို့/ကျောင်းကြိုလုပ်ပေးရန် တောင်းဆို လေ့ရှိပြီး    ရန်ကုန်ကို    ရောက်တဲ့အချိန်တွေ့တာ ကလည်း   အလုပ်နဲ့သွားမှ   ရောက်တာမို့    စနေ၊ တနင်္ဂနွေရက်များ  ဖြစ်နေလေ့ရှိကာ   အိမ်ကနေ မိုးလင်းထွက်၊   မိုးချုပ်မှ  အိမ်ပြန်ရောက်တာမို့ ကျောင်းပို့/ ကျောင်းကြိုအတွက် အချိန်မတိုက်ဆိုင် တာ များပါတယ်။ သို့ပေမယ့် ဝါတွင်းကာလဆိုရင် ကျောင်းပိတ်ရက်က   ဥပုသ်၊    တနင်္ဂနွေဆိုတော့ စနေနေ့ကျောင်းဖွင့်တာမို့ တစ်ခါတစ်ရံ ကျောင်းပို့/ ကျောင်းကြို အဆင်ပြေပါတယ်။ အဖေကျောင်းပို့/ကျောင်းကြိုလုပ်တဲ့အခါမျိုးဆိုရင် သားနဲ့သမီးတို့ရဲ့ မျက်နှာဝင်းလက် ကြည်ရွှင်နေတာ၊ ကျေနပ်ပျော်ရွှင် နေတာ၊ သူတို့သူငယ်ချင်းတွေကို သူတို့အဖေလာကြို တာကိုပြောပြီး ကျေနပ်နေကြတာကို သတိထားမိပါ တယ်။ ကျောင်းပို့ /  ကျောင်းကြို လုပ်ပေးနိုင်တာက လည်း တစ်နှစ်မှ တစ်ခါ၊  နှစ်ခါသာ ဖြစ်ပါတယ်…
စာရေးသူ ရန်ကုန်ရောက်ဖြစ်တဲ့ တစ်ရက်မှာ တော့ သမီးနဲ့နေ့လယ်စာအတူစားရင်း  အိမ်စောင့် ကျန်ခဲ့ကြပါတယ်။ ကျန်မိသားစုတွေက အလုပ်ကိစ္စ တွေနဲ့ အပြင်သွားကြတယ်။ သမီးက လေးတန်း ကျောင်းသူ ၁၀ နှစ်ပေါ့။  ထမင်းအတူစားရင်း ကျောင်းကိစ္စ၊ ကျူရှင်ကိစ္စ၊ ကျောင်းက အကြောင်း တွေ မေးဖြစ်ပါတယ်။ သမီးက  ကျောင်းပျော်တဲ့အထဲ ပါဝင်ပါတယ်။ တစ်ခါတလေ     ကျောင်းမတက်ဖို့ ပြောရင် လုံးဝလက်မခံ။ သူငယ်ချင်းတွေနဲ့အတူ စာသင်ရတာ ကြိုက်သလို   စာရတာကြောင့်လည်း ကျောင်းပျော်တာ ဖြစ်နိုင်ပါတယ်။ 


သမီးက ထမင်းစားရင် ငယ်ငယ်က  ကြာတယ်။ ငုံထားတာ၊ အခုကြီးလာတော့ နည်းနည်း မြန်လာ ပေမယ့် ကြာသေးတယ်။   အမေလုပ်သူက အပြင် မသွားခင် မှာသွားတယ်။ 
“ပြန်လာလို့ ထမင်း စားမပြီးသေးရင် ဘာဖြစ် တယ်… ညာဖြစ်တယ်၊ တွေ့မယ်”ပေါ့ ...။


စားရင်း စကားလေးပြောလိုက်၊ မြှောက်ပေး လိုက်၊ တော်တယ်ပြောလိုက်နဲ့ပဲ ပုံမှန်အချိန်အတွင်း ထမင်းစားပြီးသွားပါတယ်။ ထမင်းစားပြီးတော့…“သမီး အဖေ့ပန်းကန်  ဆေးပေးမလား။    ကိုကိုက တော့ ဆေးပေးတယ်”ဆိုပြီး
တာဝန်သိတဲ့ ကလေး 
“မိဘကို   အလုပ်အကျွေးပြုတာ   ကုသိုလ်ရ တယ်။ အိမ်အလုပ်ဝိုင်းလုပ်တာ    လိမ္မာတဲ့ကလေး၊ ကိုယ့်ပန်းကန်ကိုယ်ဆေးတာ     တာဝန်သိတဲ့ ကလေး”ဆိုပြီး လုပ်ချင်လာအောင်     မြှောက်ပင့် ပြောလိုက်တော့ အဖေ့ပန်းကန်ပါ ဆေးပေးပါတယ်။ ပန်းကန်ဆေးရင်း ဘုံဘိုင်/ ဘေစင်ရေကို အများ ကြီးမဖွင့်ဖို့၊ အနည်းငယ်သာ၊ လိုသလောက်သာဖွင့်ဖို့၊ ရေချွေတာဖို့လည်း သင်ပေးဖြစ်ပါတယ်။ 


“ရေက ဂျိုးဖြူကနေလာတာ၊ ပန့်နဲ့တွန်းရတာ၊ လျှပ်စစ်မီးသုံးပြီး တိုက်အမိုးပေါ်    တင်ရတာ” စသည်ဖြင့်… သမီးကို နားလည်အောင်  ပြောဖြစ်ပါ တယ်။ ဆည်ရေကို သန့်စင်ပြီးမှ ပေးတာမို့ ကုန်ကျ စရိတ်ရှိကြောင်း၊ သန့်စင်ပြီးရေမို့  ချွေတာသုံးစွဲရန် လိုကြောင်း ပြောဖြစ်ပါတယ်။  အဲဒီအခါမှာ သမီးက သူတို့ကျောင်းက Activities များအကြောင်း ပြောပြ ပါတယ်။ 
သူတို့အတန်းမှာ  Club များ     ဖွဲ့ထားကြောင်း၊ Water Saving  Club၊  Energy  Saving  Club၊ Rubbish Management Club၊ Green Club ဟူ၍ Club များဖွဲ့ပြီး      တာဝန်ခွဲဝေပေးထားကြောင်း၊ Water Saving Club အနေနဲ့   လက်ဆေးဘေစင် တွေမှာ ရေလုံ/ မလုံ၊ ဘားတွေ ပိတ်/ မပိတ် စစ်ဆေး ရကြောင်း၊ ရေအလေအလွင့်မရှိအောင် ကြီးကြပ် စစ်ဆေး၊ တာဝန်ယူကြရကြောင်း  ပြောပြပါတယ်။ Energy Saving Club အနေနဲ့ အလင်းရောင်ရှိရင် အလင်းရောင်သုံးဖို့    မလိုအပ်တဲ့အတွက်   မီးတွေ ပိတ်ရ၊   ပန်ကာတွေ     ပိတ်ရတယ်။ Rubbish Management Club အနေနဲ့ကတော့ အမှိုက်ပုံ အပြင်ဘက်ရောက်နေတဲ့အမှိုက်ကို  အမှိုက်ပုံးထဲ ရောက်အောင်ပြန်ထည့်၊ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားပြီး သတ်မှတ်အမှိုက်ပုံးမှာထည့်၊  သန့်ရှင်း ရေးလုပ်၊ အမှိုက်ကောက်ကြရတယ်လို့ ဆိုပါတယ်။


အသင်းတွေဖွဲ့ထား 


လိမ္မော်၊ ဝါ၊ စိမ်း၊ နီ၊ ပြာအသင်းတွေ   ဖွဲ့ထားပြီး အသင်းတာဝန်ကျ ကျောင်းသား ကျောင်းသူတွေက အမှိုက်ကောက်/ သိမ်း    ဝိုင်းဝန်းလုပ်ကိုင်ကြရပါ တယ်။ Green Club ရဲ့တာဝန်တွေကတော့  သစ်ပင် စိုက်၊ မျိုးစေ့ချ၊    သစ်ပင်ရေလောင်းတာဝန်တွေ ဖြစ်ပါတယ်။ အပင်တွေကို မြေဩဇာကျွေးရတယ်။ ပြောရရင် ကျောင်းတော်ကြီး    စိမ်းလန်းစိုပြည်ရေး တာဝန်တွေပဲဖြစ်ပါတယ်လို့ သမီးက ရှင်းပြပါတယ်။


စာရေးသူတို့ ငယ်ငယ်ကတော့ ဒီလို Club တွေ မရှိသေးဘူး။ အသင်းတွေရှိတယ်၊ နေ့ရက်အလိုက် အသင်းတွေက အလံတင်/ အလံချ၊ သန့်ရှင်းရေးလုပ်၊ သောက်ရေဖြည့်   စသည်ဖြင့်     လုပ်ကြရတယ်။ အခုခေတ်ပိုကောင်းလာတယ်လို့  ပြောလို့ရပါတယ်။    ကလေးတွေ တာဝန်ယူစိတ်ရှိအောင်     သင်ပေးတဲ့ သဘော၊   အသင်းအဖွဲ့စိတ်ဓာတ် (Teamwork)နဲ့   စုပေါင်းလုပ်တတ်အောင်၊ ရေချွေတာတတ်အောင်၊ လျှပ်စစ်မီးချွေတာသုံးစွဲအောင်၊ အမှိုက်ကို စနစ် တကျ စွန့်ပစ်တတ်အောင်၊  သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး    သစ်ပင်စိုက်တတ်အောင်၊   ထိန်းသိမ်းတတ်လာအောင်ပါ     စီစဉ်လေ့ကျင့် ပေးနေတာ အင်မတန်ကောင်းမွန်လှပါတယ်။


“အားကစားနဲ့ပတ်သက်ပြီး ဘာတွေလုပ်ရလဲ” မေးတော့ တစ်ပတ်မှာ ကာယချိန်သုံးချိန်ရှိကြောင်း၊ နှစ်ချိန်ကို အတန်းထဲမှာပဲ PT ဆရာနဲ့ ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းတွေ လုပ်ကြရကြောင်း၊ ကျန် တစ်ချိန်ကိုတော့ အားကစားကွင်း၊ တန်းစီကွင်းကို ဆင်းပြီး အားကစားနည်းစုံ ဆော့ကစားကြကြောင်း၊ ယောကျ်ားလေးများကတော့     ဘောလုံးကန်ကြ ကြောင်း၊     နေ့စဉ်    မုန့်စားဆင်းချိန်မှာလည်း ဘောလုံးကန်ကြကြောင်း၊ မိန်းကလေးများကတော့ ကြိုးခုန်၊ အပြေးပြိုင်၊ မထွေးလေး၊ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေစတာတွေ ဆော့ကြကြောင်း ပြောပြပါတယ်။ 


ကျန်းမာရေးအတွက်     ကိုယ်လက်လှုပ်ရှား အားကစားဟာ အရေးကြီးသလို ကိုယ်ခန္ဓာကာယ ဗလ     ကျန်းမာကြံ့ခိုင်ဖို့      အရေးကြီးတာမို့     စာလည်းသင်၊   ကျန်းမာရေးအတွက်    ကာယချိန်၊ အားကစားချိန်လည်း ထည့်သွင်းထားတာဖြစ်မယ်   ထင်ပါတယ်။   ဒါကြောင့် ကျောင်းဆင်းလို့    သမီး အိမ်ပြန်ရောက်လာရင် ချွေးတရွှဲရွှဲပါပဲ။ 


“သမီးတို့ မုန့်စားဆင်းချိန်ဆို    ဘာလုပ်လဲ” မေးတော့…
“ထမင်းစားတယ်။     တစ်ခါတလေတော့ မုန့်ဝယ်စားတယ်။   တစ်ခါတလေ    Reading Corner မှာ စာအုပ်ဖတ်တယ်” ပြောပါတယ်။ 


“စာကြည့်တိုက်ရှိလား” မေးတော့  “ရှိတယ်… Reading Corner လည်းရှိတယ်” လို့  သမီးက ပြောပြပါတယ်။  သမီးပြောတဲ့ Reading Corner ဆိုတာကတော့အတန်းလိုက်အတွက် အဆင်ပြေ တာကို   တွေ့ရပါတယ်။    သို့ပေမယ့်  တောကျောင်း၊      ဝေးလံဒေသကျေးရွာများရဲ့ ကျောင်းတွေမှာတော့     ဒါမျိုးရှိဖို့မလွယ်။  ကျေးရွာတွေကို  ကွင်းဆင်းရင်း တွေ့နေမြင်နေရတာမို့      စာသင်ဆောင်တောင်  ကောင်းကောင်းမွန်မွန်မရှိတဲ့  ကျောင်းတွေရှိနေသေး တာ သိနေသည်ကိုး။


သန့်လေးသန့်
“သန့်လေးသန့်နဲ့ ပတ်သက်ပြီး ဘာတွေသင်လဲ၊ ဘာတွေလုပ်လဲ”မေးတော့…
“ (၁)     လက်ကို သန့်ရှင်းနေအောင် အစာမစားမီ ဆေးရမယ်။ အိမ်သာတက်ပြီး လက်ကို သန့်ရှင်းအောင်ဆေးရမယ်။ ဆော့ကစား ထားလို့     လက်ညစ်ပေနေရင်လည်း ဆေးရမယ်။ ဆပ်ပြာနဲ့   သန့်စင်အောင် ဆေးရမယ်။ 
(၂)     ယင်နားစာတွေ မစားရဘူး။ သိုးနေတာ မစားရဘူး။ ထမင်းကျန်ဟင်းကျန်များကို မစားရဘူး။
(၃)     အိမ်သာကို သန့်ရှင်းအောင်ထားရမယ်။ သန့်ရှင်းနေအောင် ဆေးကြောရမယ်။ 
(၄)     သောက်ရေကို     သန့်ရှင်းသောရေကို သောက်ရမယ်” 
ဟု သင်ကြောင်းပြောပြတဲ့အပြင် 
“ကျောင်းမှာ ရေသန့်စင်စက်လည်း  ရှိပါတယ်။ မီးမီးကတော့    အိမ်ကထည့်ပေးတဲ့     ရေသန့်ကို သောက်တာပါ” လို့ သမီးက ပြောပြနေသေးတာ…။


“သမီးတို့ ကျောင်းတက်ချိန် နိုင်ငံတော်သီချင်း ဆိုရလား”  မေးတော့   ငယ်ငယ်ကဆိုရကြောင်း၊ အခုမဆိုရကြောင်းနဲ့ “မြန်မာ့ကျောင်း”   သီချင်းဆိုရ ကြောင်း ပြောပြတယ်။ ဆိုပြပါလားဆိုတော့ ဆိုပြ ပါတယ်…  


“မြန်မာ့ကျောင်း”


    c    (မြန်မာ့ကျောင်းသား နိုင်ငံတော်တွင်း 
        ထင်လင်းရှိရမည်
        စည်းကမ်းသေဝပ်ခြင်း အရင်းပြုသည်    ဝီရိယလည်း ရှိရမည်၊ ကိုယ်ကျင့်တရား 
        ဧကန်မှန်ပေသည်)(၂ ခေါက်)
    c အများရှုစရာ၊ သနားကရုဏာ၊ တရားမှုမှာ ပိုပါသည်
        ယဉ်ယဉ်ကျေးကျေး၊ လွန်သိမ်မွေ့ကြသည်
        (ပညာတိုးတက်စေမည်၊ 
        နိုင်ငံတန်ခိုးထွက်စေမည်
        တို့အမျိုး ဇာနည်… ပီပါပေသည်)(၂ ခေါက်)
    c     မြန်မာကျောင်းက ပညာရေး-
        ကျန်းမာရေး ညီ…။


အသံနေအသံထားမှန်မှန်နဲ့       ဆိုပြတော့ နားထောင်လို့ကောင်းသား။ ဒီသီချင်းကို စာရေးသူ မသိရိုးအမှန်ပါ။ ဘယ်သူရေးတာမှန်းလဲ  မသိပါ။ ဒါပေမယ့် အဓိပ္ပာယ်ပြည့်စုံကောင်းမွန်တာ တွေ့ရ လို့ သဘောကျမိရပါတယ်။ “စည်းကမ်းအစ စာသင် ကျောင်းက”ဆိုသလို ရှေ့မှာတင်ပြခဲ့တဲ့ Club တွေရဲ့ ဆောင်ရွက်ချက်တွေ၊   စည်းကမ်းတွေကိုလည်း ထင်ဟပ်နေသလို၊ ဝီရိယရှိဖို့၊      ကိုယ်ကျင့်တရား ကောင်းဖို့ ငယ်စဉ်ကလေးဘဝကစလို့ အခြေခံပညာ ကျောင်းမှာ သင်ကြားပေးနေတာကိုလည်း ဒီသီချင်း မှာ ဖော်ကျူးထားတာကို တွေ့ရပါတယ်။


ယဉ်ကျေးသိမ်မွေ့အောင်    သီချင်းမှတစ်ဆင့် သွယ်ဝိုက်စွာ  လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပြီး ကျောင်းသား ကျောင်းသူဘဝ ငယ်စဉ်မှစ    မြန်မာ့ ယဉ်ကျေးမှုကို ဘဝသက်ဆုံးတိုင် ထိန်းသိမ်းသွားဖို့၊ အများ လေးစားအားကျဂုဏ်ယူသူ၊ သနားကြင်နာ တတ်၊ ကရုဏာထားရှိတတ်သူများ  ဖြစ်လာစေဖို့၊ အချင်းချင်း ရိုင်းပင်းကူညီတတ်ဖို့၊  အမှန်/အမှား ဝေဖန်ပိုင်းခြားတတ်စေဖို့၊ တရားမျှတစွာ ပြောဆို နေထိုင်တတ်စေဖို့အတွက် အနာဂတ်ကြယ်ပွင့်လေး များ၊ အနာဂတ်ပန်းလေးများဖြစ်တဲ့  ကျောင်းသား ကျောင်းသူလေးတွေကို ပန်းဥယျဉ်မှူး ဆရာ ဆရာမ တွေရဲ့ ပြုစုပျိုးထောင်ပေးနေတဲ့ပုံရိပ်ကို    ထင်သာ မြင်သာရှိစေတာ တွေ့ရပါတယ်။


လူတိုင်းလက်လှမ်းမီတဲ့ပညာရေးစနစ်


လူတိုင်းလက်လှမ်းမီတဲ့        ပညာရေးစနစ် ဖော်ဆောင်မှုမူဝါဒအရ စာသင်ကျောင်းပညာရေးကို အားပေးသလို  ကျောင်းပြင်ပ   ပညာရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်သွားဖို့၊  လူတိုင်း သာတူညီမျှ ပညာသင်ယူခွင့်ရှိရေး၊   တိုင်းရင်းသား ပညာရေးကို အလေးထားပံ့ပိုးရေး၊ ဘုန်းတော်ကြီး သင်ပညာရေးကို အားပေးဖို့နဲ့   အလယ်တန်းအဆင့် အထိ သင်ကြားခွင့်ပြုဖို့၊  မြန်မာစာ၊ မြန်မာစကားဟာ ပြည်ထောင်စုရဲ့ တရားဝင်ရုံးသုံး၊  ကျောင်းသုံးစာပေ ဖြစ်လို့  နိုင်ငံသားအားလုံး  တတ်မြောက်အောင် ဆောင်ရွက်ဖို့၊  နိုင်ငံတစ်ဝန်း စာမတတ်သူပပျောက် ရေးအတွက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်း တွေ    အရှိန်အဟုန်နဲ့   ဆောင်ရွက်နေတာတွေ့ရ ပါတယ်။ ဒါမှသာ ဒေသအသီးသီးရှိ    ဒေသခံတွေ အပါအဝင် ကလေးတိုင်းလက်လှမ်းမီတဲ့ ပညာရေး စနစ်ကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။


ဒါ့အပြင်  နိုင်ငံတော်ရဲ့ လူမှုရေးဦးတည်ချက်ပါ တတိယအချက်တွင် “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့်   အဓိက စွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး    ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”ဟူ၍ ချမှတ်ထားသည့် အလျောက်   ဗလငါးတန်နဲ့     ပြည့်စုံတဲ့ နိုင်ငံ့ သားကောင်းရတနာများ မွေးထုတ်နိုင်ရန် လိုအပ်ပါ တယ်။                      


ဗလငါးတန်ဆိုသည်မှာ-


l    ကာယဗလ    -    ကိုယ်ကာယကြံ့ခိုင်သန်စွမ်းမှု စွမ်းပကား၊
l    ဉာဏဗလ    -    အသိဉာဏ်ပညာစွမ်းပကား၊
l     စာရိတ္တဗလ-    ကိုယ်ကျင့်တရား  ကျင့်ဝတ်
            သီလစောင့်ထိန်းနိုင်မှုစွမ်းပကား၊
l     မိတ္တဗလ    -    ကောင်းသော  မိတ်ဆွေခင်ပွန်း များ  ဖွဲ့စည်းနိုင်မှုစွမ်းပကား၊
l     ဘောဂဗလ    -    ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာမှု ကို ဖန်တီးနိုင်မှု   စွမ်းပကားတို့ပဲ ဖြစ်ပါတယ်။


ပညာတတ်မှ  နိုင်ငံတိုးတက်မယ်


ပညာတတ်မှ  နိုင်ငံတိုးတက်မယ်။   အမျိုးဂုဏ်၊ ဇာတိဂုဏ်တိုးအောင်လုပ်ဆောင်နိုင်မယ်။ တိုးတက် မယ်။ မြန်မာနိုင်ငံက ကျောင်းတွေဟာ    လက်ရှိ သင်ကြားမှုစနစ်တွေအရ ပညာရေးတိုးတက်ရုံသာ မက စည်းကမ်းကောင်းမွန်အောင်နဲ့ ကျန်းမာသန်စွမ်း အောင်လည်း     လေ့ကျင့်သင်ကြားပေးနေတာကို မြန်မာ့ကျောင်းသီချင်းမှာ ဖော်ကျူးထားတာ  တွေ့ရ ပါတယ်။ 
ရှားရှားပါးပါး  သမီးနဲ့   စကားစမြည်  အေးအေး ဆေးဆေး ပြောခွင့်ရခိုက်  ကျောင်းပညာရေးစနစ်ရဲ့ ပြောင်းလဲလာမှုအရပ်ရပ်ကိုပါ သုံးသပ်မိရပါတယ်။


တကယ်တော့ ရုံးပိတ်ရက်တွေမှာ     ခရီးစဉ်နဲ့ မိသားစုရှိရာ    ရန်ကုန်မြို့    ရောက်ဖြစ်တဲ့အခါ သားသားနဲ့သမီးတို့ကို အေးအေးဆေးဆေး တွေ့ရဖို့ အချိန်ရရန်  တော်တော်ခက်ခဲပါတယ်။    ကိုယ်က မအား၊ ကိုယ်အားရင် သူတို့ကမအား၊ Online Class တွေက အချိန်ပြည့်နီးပါး…။ အိုးမကွာ  အိမ်မကွာနဲ့ သင်ကြားနိုင်တာက  ကောင်းတော့ ကောင်းသား။ ကိုဗစ်-၁၉ ကြောင့်ရခဲ့တဲ့      အခွင့်အလမ်းလို့ဆိုရင် လည်း      မမှား။ ဒါပေမယ့်  အင်တာနက်မရတဲ့ဒေသက   ကလေးငယ်တွေ၊  ကွန်ပျူတာအပါအဝင်  IT ပစ္စည်း တွေသုံးနိုင်ခြင်းမရှိတဲ့ကလေးတွေအတွက်  Digital Divide ဖြစ်နေတာ၊ အခွင့်အလမ်း တန်းတူမရနိုင် တာကို  တွေးမိပြီး စိတ်မကောင်းဖြစ်ရပါတယ်။ 


တစ်နေ့နေ့တော့ တစ်နိုင်ငံလုံးရှိတဲ့   ကလေးငယ် အားလုံး အင်တာနက်အသုံးပြုခွင့်ရရှိပြီး  အွန်လိုင်း ကတစ်ဆင့်  စာသင်နိုင်တဲ့နေ့၊   တန်းတူအခွင့်အရေး ရတဲ့နေ့ရောက်လာမှာပါ။ နိုင်ငံတစ်ဝန်းရှိ ကျောင်း အားလုံး ကျောင်းဖွင့်ချိန်   ကျောင်းဖွင့်နိုင်အောင်၊ ကျောင်းတက်နိုင်အောင်၊ အေးချမ်းစွာ ပညာသင်ကြား နိုင်အောင် လုပ်ကြရပါဦးမယ်။ အင်တာနက်ရရှိခြင်း က ကလေးများအတွက်   ကောင်းတာရှိသလို၊ မကောင်းတာတွေလည်း    ရှိပါတယ်။ အင်တာနက် ကြောင့်လည်း လမ်းမှားရောက်သွားနိုင်ပါတယ်။ တယ်လီဖုန်း၊  ကွန်ပျူတာများ  သုံးစွဲကြရာမှာ ကောင်းတာတွေရှိသလို၊    မကောင်းတာတွေလည်း ရှိတဲ့အတွက်    လူငယ်လူရွယ်များကို လမ်းမှား ရောက်သွားနိုင်တဲ့ကိစ္စတွေလည်း အများကြီးရှိပါ တယ်။ မိဘများ၊ ဆရာများမှ သွန်သင်ဆုံးမ၊ ကြပ်မတ် လမ်းပြတည့်မတ်ပေးနိုင်မှ တော်ကာကျပါတယ်။ 


အိမ်မှာတော့   သားနဲ့သမီး    Online Class တက်ရင် TV  နဲ့ ချိတ်ထားပြီး    လူကြီးများက စောင့်ကြည့်ပါတယ်။ အဝေးတစ်နေရာမှာ    နိုင်ငံ့ တာဝန်ထမ်းဆောင်ရင်း မိဘတာဝန်ကျေပွန်အောင် ကြိုးစားရတာ သိပ်တော့မလွယ်လှ ။ သားသမီးတွေ အတွေးအမြင်မှန်ကန်အောင်၊       ယဉ်ကျေးလိမ္မာ အောင်၊ မိသားစုကို ခင်တွယ်တတ်အောင်၊ မိသားစု ခင်တွယ်မှုမှတစ်ဆင့် ကိုယ့်အိမ်၊ ကိုယ့်ယာ၊ ကိုယ့်ရေ၊ ကိုယ့်မြေကို တန်ဖိုးထားတတ်အောင်၊   ချစ်တတ် ခင်တတ်အောင် အခွင့်သင့်ရင်   သင့်သလို    ပြောပြ ပေးရတာကပင်  တခုတ်တရ  လုပ်ရတဲ့အလုပ်။ 


ကျောင်းနေရွယ်ကလေးတွေဆိုတာက မိဘနဲ့ နေရချိန်ထက် စာသင်ကျောင်းမှာ အချိန်ကုန်ရတာ က များတဲ့အတွက်   ကျောင်းစာသင်ခန်းတွေမှာ ကလေးတွေရဲ့ဘဝအစ ပျိုးထောင်ရာ ရပ်ဝန်းပင် တည်း။“မအအောင်လို့ သမိုင်းသင်ရတာ”ဟု သမိုင်း ပါမောက္ခဆရာကြီး ဒေါက်တာသန်းထွန်း ပြောသလို ပဲ   သမိုင်းဘာသာရပ်ကို   မအအောင် သင်ကြားရ ခြင်းဖြစ်သလို မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်တို့ကလည်း စာသင်ကျောင်းက အစပြုရတာ ဖြစ်ပါတယ်။ဒါကြောင့် လည်း စာရေးသူက သမီးကို“ကျောင်းမှာ နိုင်ငံတော် သီချင်းဆိုရသလား” မေးမိခြင်းပင်။ “အတန်းငယ် တုန်းက   တစ်ခါတလေ  ဆိုရတယ်”ဆိုတာနဲ့ “ဆိုပြပါလားဆိုတော့ သမီးက ဆိုပြပါတယ်….


“နိုင်ငံတော်သီချင်း”


တရားမျှတ-လွတ်လပ်ခြင်းနဲ့မသွေ-
တို့ပြည်-တို့မြေ-
များလူခပ်သိမ်း-ငြိမ်းချမ်းစေဖို့-
ခွင့်တူညီမျှ-ဝါဒဖြူစင်တဲ့ပြည်-
တို့ပြည်-တို့မြေ-
ပြည်ထောင်စုအမွေ-အမြဲတည်တံ့စေ-
အဓိဋ္ဌာန်ပြုပေ-ထိန်းသိမ်းစို့လေ။
(ကမ္ဘာမကျေ-မြန်မာပြည်-
တို့ဘိုးဘွားအမွေစစ်မို့-ချစ်မြတ်နိုးပေ)၂
ပြည်ထောင်စုကို-အသက်ပေးလို့-
တို့ကာကွယ်မလေ။
ဒါတို့ပြည်-ဒါတို့မြေ-တို့ပိုင်နက်မြေ။
တို့ပြည်-တို့မြေ-အကျိုးကို ညီညာစွာ-
တို့တစ်တွေ
ထမ်းဆောင်ပါစို့လေ-တို့တာဝန်ပေ၊ 
အဖိုးတန်မြေ…။


အမြဲမဆိုရပေမယ့်   မှတ်မှတ်ရရရှိပြီး     မမှား မယွင်း   ဆိုပြနိုင်သည့်သမီးကို “တော်တယ်” ဟု ချီးကျူးပေးရင်းမှ…နိုင်ငံတော်သီချင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားသလို အဓိပ္ပာယ်က လည်း ရိုးရှင်းပြီး မှတ်ရလွယ်ကူတာမို့ ဒီသီချင်းရဲ့ အနက်အဓိပ္ပာယ်ကို  သမီးရင်ထဲစွဲမြဲစေဖို့  အခွင့် ကြုံခိုက် ပြောပြလိုက်မိသေးတာ… 


အားလုံးရဲ့တာဝန်


“မြန်မာနိုင်ငံ၊ တို့တိုင်းပြည်၊    တို့ပိုင်နက်မြေမှာ တရားမျှတမှု၊ လွတ်လပ်မှုတွေရှိတယ်။    နိုင်ငံသား၊ တိုင်းရင်းသားအားလုံး    ငြိမ်းချမ်းစေဖို့အတွက် တန်းတူညီမျှ အခွင့်အရေးများရှိတဲ့ ဖြူစင်တဲ့ မူဝါဒ ရှိတဲ့နိုင်ငံဖြစ်တယ်။ ပြည်ထောင်စုရဲ့အမွေ၊ ဘိုးဘွားပိုင် အမွေစစ်ဖြစ်တာကြောင့်   နိုင်ငံသူ  နိုင်ငံသားအားလုံး က   တန်ဖိုးထားချစ်မြတ်နိုးပြီး  အစဉ်အမြဲထာဝရ တည်မြဲစေဖို့အတွက်  ထိန်းသိမ်းဖို့  အဓိဋ္ဌာန်ပြုထား ရမယ်။ တို့နိုင်ငံ၊ တို့ပြည်ထောင်စုကို နိုင်ငံသားတိုင်း က အသက်ပေးပြီး ကာကွယ်ရမယ်။ တို့တိုင်းပြည်၊ တို့ပိုင်နက်မြေရဲ့အကျိုးကိုရှေးရှုပြီး တိုင်းရင်းသား ပြည်သူအားလုံးက ညီညီညွတ်ညွတ် ထမ်းဆောင်ကြ ရမယ်။ အားလုံးရဲ့တာဝန်ဖြစ်တယ်…


သမီးလေးရေ တို့ဘိုးဘွားအမွေဖြစ်တဲ့ တို့နိုင်ငံ ရဲ့    ပိုင်နက်မြေတွေကို မြတ်နိုးစွာ   အမြဲတည်တံ့ အောင် ထိန်းသိမ်းရမှာ  သားတို့၊ သမီးတို့၊ အဖေတို့ မိသားစုအပါအဝင်   ဒီနိုင်ငံမှာနေတဲ့     ဒီနိုင်ငံသား၊ တိုင်းရင်းသားအားလုံးရဲ့တာဝန်ဖြစ်တယ်။ တာဝန် သိစွာ   ကာကွယ်စောင့်ရှောက်ကြရမယ်”     လို့ နိုင်ငံတော်သီချင်းက ဖွင့်ဆိုထားတာဖြစ်တယ်ဆိုတာ သမီးသိအောင် ပြောပြလိုက်ရသလို သမီးကလည်း သေချာအာရုံစူးစိုက်နားထောင်နေတာ တွေ့ရတော့ ရင်ထဲ   ကျေနပ်မိသွားပါတယ်။  နားထဲမှတစ်ဆင့် ရင်တွင်းရောက်အောင်    နောင်လည်းအခွင့်ကြုံရင် ကြုံသလို ပုံတိုပတ်စ၊    သာဓကများဖြင့် ပြောပြ သွားဖို့ ခေါင်းထဲတေးမှတ်ထားလိုက်ပါတယ်။


အခြေခံပညာအဆင့်  သင်ကြားနေတဲ့    ကလေး ငယ်တွေကနေ နိုင်ငံသားအားလုံးမှာ   ကိုယ့်နိုင်ငံ သားနဲ့ ကိုယ်ပိုင်တဲ့မြေတွေကို တစ်လက်မမှ  အထိ မခံရအောင် ကာကွယ်ဖို့    တာဝန်သိစိတ်ရှိကြဖို့ လိုအပ်ပါတယ်။    အားလုံး    ညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံးနဲ့    ဝိုင်းဝန်းကာကွယ်ကြရမယ် ဆိုတဲ့ အသိစိတ်ရှိကြရမှာ ဖြစ်ပါတယ်။ 


ဇာတိသွေး၊ ဇာတိမာန် ရင့်သန်အောင်၊ အမျိုးကို ချစ်တတ်ပြီး ကိုယ့်ရေ ကိုယ့်မြေကို    တန်ဖိုးထား ကာကွယ်တတ်တဲ့ မျိုးချစ်စိတ် နိုင်ငံချစ်စိတ်ရှိအောင်၊ တာဝန်သိစိတ်ရှိအောင် ကလေးတွေကို    ငယ်စဉ် ကတည်းက ပျိုးထောင်ပေးကြရပါမယ်။ နိုင်ငံမှာ အရေးကြုံရင် နိုင်ငံနဲ့ လူမျိုးကို အသက်ပေးကာကွယ် ရမယ့်  တာဝန်နဲ့အသိရှိပါမှ  စည်းလုံးညီညွတ်စွာ ဘေးရန်တွေကို ကာကွယ်နိုင်မှာဖြစ်ပြီး    ဒီအသိ ဒီမျိုးစေ့ဟာ ငယ်စဉ်ကတည်းက ပျိုးထောင်စိုက်ပျိုး ပေးမှရမှာမို့  အားလုံးပဲ   ကိုယ်တိုင်ကိုယ်စီတာဝန် အသိစိတ်ဓာတ်ဖြင့် ကျင့်ကြံကြသလို၊ အိမ်မှာရော ကျောင်းမှာပါ နိုင်ငံ့သားကောင်းရတနာလေးများကို နည်းစနစ်မှန်မှန်ဖြင့် ပြုစုပျိုးထောင်နိုင်ကြပါစေဟု ဆန္ဒပြုရင်း... ရင်ထဲမှာ သိမ်းထားပြီး သမီးလေးကို မမေးလိုက်… မပြောလိုက်ရတာက တော့…“အခု...တို့နိုင်ငံသားတွေ စည်းလုံးကြရဲ့လား၊ ညီညွတ်ကြ ရဲ့လား၊ တို့နိုင်ငံကို ချစ်ကြရဲ့လား၊ တို့ဘိုးဘွားအမွေ အနှစ်ဖြစ်တဲ့ တို့မြေကိုကာကွယ်ဖို့ တို့နိုင်ငံသားတွေ တွေးဖြစ်ကြရဲ့လား…တွေးကြမှာပါ…အတွေးကို လက်တွေလုပ်ဆောင်ကြရဲ့လား…. မတွေးကြသူ‌ တွေ ရှိနေတာ… လက်တွေ့ မလုပ်ဆောင်ကြတာဟာ ဘာကြောင့်လဲ…      မငြိမ်းချမ်းလို့များလား… ငြိမ်းချမ်းမှုရှိဖို့က အဓိကဖြစ်မယ်   ထင်ပါတယ်...ငြိမ်းချမ်းဖို့၊ စည်းလုံးဖို့  တို့တွေဘယ်လို  ပြန်တည် ဆောက်ကြမလဲ…”ဆိုတာပါပဲ။     ။