
နန္ဒာလွင်မိုး( Myanmar-ISIS )
မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (Myanmar Institute of Strategic and International Studies) က ကြီးမှူးပြီး မဲခေါင် - လန်ချန်းနိုင်ငံ များအကြား သမားရိုးကျ မဟုတ်သော လုံခြုံရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဆွေးနွေးပွဲ (Seminar: Cooperation on Non-Traditional Security Matters among Mekong Lancang Countries) ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ Chatrium ဟိုတယ်၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ မဖော်ပြမီ မဲခေါင်-လန်ချန်းနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုယန္တရားနှင့်စပ်လျဉ်း၍ အနည်းငယ်မျှ တင်ပြလိုပါသည်။ ဤနေရာ ၌ “မဲခေါင်-လန်ချန်း” အခေါ်အဝေါ်နှင့် “လန်ချန်း-မဲခေါင်” အခေါ်အဝေါ်ကို အနည်းငယ်ရှင်းပြလိုပါသည်။
မဲခေါင်-လန်ချန်းပူးပေါင်း
ဆောင်ရွက်မှုအစ
အရှေ့အာရှနိုင်ငံဖြစ်သော တရုတ် နိုင်ငံနှင့် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် စသည့် ခြောက်နိုင်ငံမှ လူဦးရေ ၃၂၆ သန်း ကျော်၏ ဘုံအကျိုးစီးပွားနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှု စတင်စေခဲ့သည့် မဲခေါင် (သို့မဟုတ်) လန်ချန်းမြစ်သည် မိုင်ပေါင်း ၂၇၀၀ ကျော် ရှည်လျားပြီး ကမ္ဘာတွင် (၁၂) စင်းမြောက် အရှည်ဆုံးမြစ်တစ်စင်း ဖြစ်ပါသည်။ တရုတ်နိုင်ငံ အနောက် တောင်ပိုင်း တိဗက်ကုန်းမြင့်ဒေသတွင် မြစ်ဖျားခံ၍ ဖော်ပြပါ ခြောက်နိုင်ငံကို ဖြတ်သန်းလျက် ဗီယက်နမ်မြစ်ဝှမ်းဒေသ ကို ဖြတ်သန်းပြီး တောင်တရုတ်ပင်လယ် အတွင်းစီးဝင်သွားသော အဆိုပါမြစ်ကို တရုတ်နိုင်ငံတွင် လန်ချန်းမြစ်ဟု ခေါ်ဆို ပြီး ကျန်ဖြတ်သန်းစီးဆင်းရာ နိုင်ငံများ က မဲခေါင်မြစ်ဟု ခေါ်တွင်ကြပါသည်။
၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် မြန်မာ နိုင်ငံ နေပြည်တော်၌ ကျင်းပခဲ့သော (၁၇) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးတွင် မဲခေါင်ဒေသ တွင်းနိုင်ငံများအကြား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှု ကွာဟချက် လျှော့ချနိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှုယန္တရား တစ်ခုထူထောင်နိုင်ရေး စတင်ဆွေးနွေး ခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် တရုတ်နိုင်ငံ ဆန်းယမြို့၌ ကျင်းပခဲ့သည့် ပထမအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးတွင် “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (Mekong-Lancang Cooperation-MLC)”ယန္တရား ကို တည်ထောင်ခဲ့ပါသည်။
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များ
မဲခေါင် - လန်ချန်း ပူးပေါင်းဆောင် ရွက်မှု အဓိကမဏ္ဍိုင် (၃)ခု (MLC Cooperation Pillars) ဖြစ်သည့် နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင် (Political and Security)၊ စီးပွားရေးနှင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးမဏ္ဍိုင် (Economic and Sustainable Development)နှင့်လူမှုရေး၊ ယဉ်ကျေးမှု နှင့် ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံရေးမဏ္ဍိုင် (Social, Cultural and People-to-People Exchange) နှင့် ဦးစားပေးကဏ္ဍ (MLC Priority Cooperation Areas) (၅) ခု ဖြစ်သည့် ပေါင်းစည်းဆက်နွှယ်မှု၊ ထုတ်လုပ်မှုစွမ်းရည်တိုးမြှင့်ရေး ပူးပေါင်း ဆောင်ရွက်မှု၊ နယ်စပ်ဖြတ်ကျော် စီးပွား ရေးပူးပေါင်းဆောင်ရွက်မှု၊ ရေအရင်း အမြစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချ ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့ ပါဝင်သည့် (5+3 Framework) လုပ်ငန်း မူဘောင်ကိုချမှတ်၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် တွင် ကျန်းမာရေးကဏ္ဍ၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေးနှင့် ထိခိုက် ပျက်စီးမှုလျှော့ချရေးကဏ္ဍ၊ သစ်တော ကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးကဏ္ဍ၊ အကောက်ခွန်နှင့် ကုန်ပစ္စည်း အရည်အသွေး စစ်ဆေးမှုကဏ္ဍ၊ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုကဏ္ဍ၊ ခရီးသွားလာရေးကဏ္ဍ၊ ပညာ ရေးကဏ္ဍနှင့် မီဒီယာကဏ္ဍ စသည့်ကဏ္ဍ တို့တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ ခဲ့ပါသည်။
အဖွဲ့ဝင်နိုင်ငံများ၏ မိသားစု စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ကြောင့် အဖွဲ့၏သက်တမ်းသည် နုနယ် သော်လည်း လက်တွေ့ဆန်ပြီး ထိရောက် သည့် လူထုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းအခြေပြု ပူးပေါင်းဆောင်ရွက်မှု ယန္တရားတစ်ရပ်အဖြစ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီးသည် အောင်မြင်စွာ ရပ်တည်နိုင်လျက်ရှိပါသည်။
သမားရိုးကျမဟုတ်သော လုံခြုံရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ ကျင်းပခြင်း
သိပ္ပံနှင့်နည်းပညာရပ်များ စက္ကန့် နှင့်အမျှ တိုးတက်လာမှု၏ကောင်းကျိုး များကို မိမိတို့ ကမ္ဘာသူကမ္ဘာသားတိုင်း စံစားနေရသကဲ့သို့ ဆိုးကျိုးများကိုလည်း ကြုံတွေ့ခံစားနေကြရပါသည်။ နိုင်ငံ အသီးသီးတွင် မိမိတို့နိုင်ငံ၏ အနေအထား နှင့်ကိုက်ညီသည့် ပြည်တွင်းဥပဒေများ၊ နည်းဥပဒေများအသုံးပြု၍ နည်းပညာ ရပ်၏ ကောင်းကျိုးဆိုးကျိုးများကို ချိန်ခွင်လျှာ ညီမျှစေရန် ဆောင်ရွက်လျက် ရှိပါသည်။ ထို့အတူ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများသည်လည်း နည်းပညာ တိုးတက်လာမှု၏ နောက်ဆက်တွဲ ကောင်းကျိုးများကို တူညီစွာ လက်တွဲ အသုံးချနိုင်ရေးနှင့် ဆိုးကျိုးများကို ရင်ဆိုင်ဖြေရှင်းနိုင်ရေးတို့ကို ဝိုင်းဝန်း အဖြေရှာ ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့သည် ယနေ့ ခေတ် လူသားတစ်ဦးချင်း၊ တစ်ယောက် ချင်းနီးပါးကြုံတွေ့နေရသည့် နည်းပညာ ဆိုးကျိုးများနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဝိုင်းဝန်း အဖြေရှာနိုင်ရန်အလို့ငှာ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများမှ ပညာရှင် များအား ဖိတ်ကြားပြီး သမားရိုးကျ မဟုတ်သော လုံခြုံရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲကို အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပခဲ့ပြီး ပထမအပိုင်းတွင် သမားရိုး ကျမဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများဖြစ်သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ အွန်လိုင်းလောင်းကစား၊ လိမ်လည်မှု၊ ဆိုက်ဘာရာဇဝတ်မှုတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယပိုင်း တွင် စားရေရိက္ခာလုံခြုံရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့နှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးမှုများသည် တရုတ်၏ Global Security Initiative (GSI)၊ Global Development Initiative(GDI)၊ Global Civilization Initiative (GCI) တို့နှင့် ဆက်စပ်လျက်ရှိသည်ကို တွေ့ရှိ ရပါသည်။
ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး က တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့ ဥက္ကဋ္ဌတို့ကလည်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဆွေးနွေးပွဲနှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီး အမှာစကား ပြောကြားခဲ့ကြပါသည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ မဟာ ဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ မှ အဖွဲ့ဝင်များအပြင် မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံ ခြောက်နိုင်ငံရှိ အသိပညာ ရှင်အဖွဲ့အစည်းများဖြစ်သည့် Cambod- ian Institute for Cooperation and Peace၊ China Institute of Internati-onal Studies၊ International Studies Center in Thailand၊ Institute of Foreign Affairs in Laos PDR၊ Institute for Southeast Asian Studies in Vietnam နှင့် ရန်ကုန်တက္ကသိုလ်တို့မှ ပါမောက္ခ များ၊ သုတေသီများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ပါဝင်ဆွေးနွေးခဲ့ ကြပြီး ကျောင်းသား ကျောင်းသူများနှင့် ရန်ကုန်မြို့ရှိ မဲခေါင် - လန်ချန်းနိုင်ငံများ ၏ သံရုံးများမှ ကိုယ်စားလှယ်များလည်း တက်ရောက် လေ့လာခဲ့ကြပါသည်။ ဆွေးနွေးပွဲ၌ အသိပညာရှင်/ အတတ် ပညာရှင်များသည် အောက်ဖော်ပြပါ ကိစ္စရပ်များနှင့် အကြံပြုချက်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲ ပထမပိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများ
ယနေ့ခေတ်၏ သတင်းအချက် အလက် နည်းပညာကဏ္ဍမှာ အကန့် အသတ်မဲ့ ကြီးထွားလာပြီး လူမှုဘဝ သည် ယခင်ကဲ့သို့ တစ်ဦးနှင့်တစ်ဦး၊ တစ်နေရာနှင့်တစ်နေရာ၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်သွယ်ဆောင်ရွက်ရန် အချိန်များစွာ မယူရတော့ဘဲ အင်တာနက်ဟူသည့် ပလက်ဖောင်း တစ်ခုအား အသုံးပြု၍ လုပ်ငန်းဆောင် တာအတော်များများကို အချိန်တိုအတွင်း ပြီးမြောက်နိုင်ကြသည်။ ထို့ကြောင့် မိမိတို့ မဲခေါင် - လန်ချန်းဒေသနိုင်ငံများ သည်လည်း အဆိုပါ နည်းပညာ ခေတ်ရေစီးကြောင်းတွင် မလွဲမသွေ မျောပါနေကြပြီး အထူးသဖြင့် ငွေကြေး ဆိုင်ရာ နည်းပညာ၊ အီလက်ထရွန်နစ် ကုန်သွယ်ရေး အစရှိသည်တို့အား အကျိုး ရှိရှိ အသုံးပြုလာကြရာ ကွန်ရက် ချိတ်ဆက်မှုနှင့် အင်တာနက်ဝန်ဆောင်မှု များကို တစ်ဆထက်တစ်ဆ တိုးတက် တောင်း ဆို အသုံးပြုလာလျက်ရှိပါသည်။ သို့သော်လည်း အဆိုပါပလက်ဖောင်း သည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ၎င်းနည်းပညာကို ဖန်တီးထားကြသူများ အပေါ် အလုံးစုံ မှီခိုအသုံးပြုနေရခြင်း ဖြစ်သောကြောင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် များစွာအကျိုး ဖြစ်ထွန်းသော်လည်း ရောင်ပြန်ဟပ်မှု အဖြစ် သတင်းအချက်အလက်များ ဖြစ်ပေါ်စေသည့် ဆိုက်ဘာလုံခြုံရေး စိန်ခေါ်မှုကိုပါ နောက်ဆက်တွဲ ရင်ဆိုင်ရလျက်ရှိပါ သည်။ အင်တာနက် နည်းပညာအား နည်းလမ်းမျိုးစုံဖြင့် အသုံးချလျက်ရှိရာ တွင် အီလက်ထရွန်နစ်မှုခင်းများ ဖြစ်ပေါ် လာသည့် အွန်လိုင်းလောင်းကစားများ နှင့် လိမ်လည်မှုများကို ကျူးလွန်လျက် တစ်လွဲ အသုံးချနေခြင်းများကိုလည်း ရင်ဆိုင်ကြရလျက်ရှိသည်။
ကာစီနိုကစားဝိုင်းများသည် သိသာ ထင်ရှားမြင်နိုင်သော လောင်းကစားမှု များ ဖြစ်သော်လည်း အွန်လိုင်းလောင်း ကစားများမှာမူ မမြင်နိုင်ဘဲ ထိန်းချုပ်နိုင် ရန် ခက်ခဲပြီး နေရာအနှံ့၊ နိုင်ငံအနှံ့၊ ကမ္ဘာအနှံ့သို့ ပျံ့နှံ့လျက်ရှိကာ ကမ္ဘာလုံး ဆိုင်ရာ လုံခြုံရေးနှင့် စီးပွားရေးကို ခြိမ်းခြောက်လျက် ရှိပါသည်။ ဒေသတွင်း ဆိုက်ဘာရာဇဝတ်မှုများသည် တွင်ကျယ် စွာ ပေါ်ပေါက်လျက်ရှိနေရာ မဲခေါင်ဒေသ တွင်းနိုင်ငံများမှ ပူးပေါင်းဖြေရှင်းရန် လိုအပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံနှင့် စပ်လျဉ်းပါကလည်း လောက်ကိုင်ဒေသ နှင့် မြဝတီ၊ ရွှေကုက္ကိုဒေသတို့ကို ဆိုက်ဘာ ပြစ်မှုများဖြင့် သတင်းများတွင် လူသိများ လျက်ရှိရာ နိုင်ငံတော်ပုံရိပ်ကို ထိပါးစေ သည်ဟု ယူဆပါသည်။
ဆိုက်ဘာရာဇဝတ်မှုများတွင် အများ ဆုံးတွေ့ရသည့် အမှုအခင်းများမှာ အွန်လိုင်းလောင်းကစား၊ ဘဏ်စာရင်း အကောင့် လိမ်လည်ထုတ်ယူမှု၊ တရား မဝင် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ ငွေကြေးခဝါချမှု၊ သတင်းအချက်အလက် တရားမဝင်ထောက်လှမ်းမှု၊ လိင်ပိုင်း ဆိုင်ရာ စော်ကားမှု၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ လိမ်လည်မှု၊ ငွေကြေး လွှဲပြောင်းပေးရန် လိမ်လည်စေခိုင်းမှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အမြတ်ထုတ်မှုနှင့် လူကုန်ကူးမှုများဖြစ်ကြပါသည်။ လေ့လာ စုံစမ်းမှုများအရ ရာဇဝတ်မှုကျူးလွန်သူ များသည် စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများကို အသုံးပြုကာ ကျူးလွန်ကြလေ့ရှိကြောင်း တွေ့ရှိရပါ သည်။ ဆိုက်ဘာခြိမ်းခြောက်မှုများသည် ဆိုက်ဘာဝန်ဆောင်မှုကို တိုက်ခိုက်ခြင်း၊ ပုဂ္ဂိုလ်ရေးအချက်အလက်များအား ခိုးယူ ပြီး အလွဲသုံးစားပြုလုပ်ခြင်း၊ အစိုးရ များ၏ အချက်အလက်များ ပေါက်ကြား စေခြင်း၊ စီးပွားရေးလုပ်ငန်းများ၏ သတင်းအချက်အလက်များ ပေါက်ကြား စေခြင်းတို့အပြင် နိုင်ငံ (သို့မဟုတ်) အဖွဲ့ အစည်းတစ်ခု (သို့မဟုတ်) စီးပွားရေး လုပ်ငန်း၏ အုပ်ချုပ်မှုယန္တရားအား တဖြည်းဖြည်း ထိခိုက်စေလာနိုင် ပါသည်။
နည်းပညာများ တိုးတက်လာသည် နှင့်အမျှ ဆိုက်ဘာရာဇဝတ်မှုများကို လုပ်ဆောင်လာကြသည့် နည်းပညာရပ် များသည်လည်း ကျွဲကူးရေပါဆိုသကဲ့သို့ မြင့်မားလာကာ နောက်ပိုင်းတွင် အလေးပေးဖြေရှင်းရမည့် အဓိက ပြဿနာများ ဖြစ်လာကြပါသည်။ အထက် ဖော်ပြပါ ဆိုက်ဘာမှုခင်းများအပြင် ကမ္ဘာတစ်ဝန်း အကြမ်းဖက်မှုများ၊ နယ်စပ်ဖြတ်ကျော် မှုခင်းများသည် ဥပဒေကြောင်းအရ အရေးယူနိုင်ရန် ခက်ခဲလျက်ရှိပြီး ယင်းပြဿနာများကို တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ တစ်နိုင်ငံ ချင်းအနေဖြင့် ဖြေရှင်း၍မရနိုင်သည်မှာ အများ အသိပင်ဖြစ်ပါသည်။
သို့ဖြစ်၍ အဆိုပါပြဿနာများ ဒေသတွင်းနိုင်ငံများအနေဖြင့် လက်တွဲ ဖြေရှင်းကြရမည်ဖြစ်ရာ ယခုကဲ့သို့ ဆွေးနွေးပွဲများပြုလုပ်၍ အဖွဲ့ဝင်နိုင်ငံများ မှ အသိပညာရှင် သုတေသီများ ပူးပေါင်း ကာ အတွေးအခေါ် အယူအဆသစ်များ ဖန်တီးဖော်ထုတ်ပြီး အဆုံးအဖြတ်ပေး ကြရမည့် သက်ဆိုင်ရာအာဏာပိုင်များ အတွက် အထောက်အကူပြုမည့် အကြံဉာဏ်များ ပေးနိုင်မည်ဆိုပါက မဲခေါင် - လန်ချန်း ဒေသတွင်းနိုင်ငံများ အကြား သမားရိုးကျမဟုတ်သည့် လုံခြုံ ရေး စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းရန် အတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ် ပါသည်။
ဆွေးနွေးပွဲ ပထမပိုင်းမှ လက်တွဲပူးပေါင်းဖြေရှင်းနိုင်ရေး အဆိုပြုချက်များ
ဆိုက်ဘာရာဇဝတ်မှုများအား တိုက် ဖျက်နိုင်ရန်အတွက် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လျက်ရှိ ပြီး ဆိုက်ဘာရာဇဝတ်မှုများအပေါ် ဒေသတွင်းနိုင်ငံများမှ လက်တွဲကာ ပေါင်းစည်းအဖွဲ့တစ်ရပ် ဖွဲ့စည်း၍ ယင်းမှတစ်ဆင့် ရှုပ်ထွေးသော နယ်စပ် ဖြတ်ကျော် ဆိုက်ဘာရာဇဝတ်မှုများကို ဦးဆောင်တိုက်ဖျက်သင့်ပါသည်။ ယင်း အဖွဲ့သည် ဆိုက်ဘာရာဇဝတ်မှုများနှင့် စပ်လျဉ်း၍ သတင်းအချက်အလက် ကောက်ယူခြင်း၊ မျှဝေခြင်းနှင့် သုံးသပ် ခြင်းတို့ပြုလုပ်ရန်၊ ဒေသဆိုင်ရာလမ်းပြ မြေပုံကို ပူးတွဲမဟာဗျူဟာ ချမှတ်ရေးဆွဲ ကာ ဦးစားပေးနှင့် မဟာဗျူဟာများ ချမှတ်ဖော်ဆောင်ရေး၊ မဟာဗျူဟာအား အကောင်အထည်ဖော်ခြင်းနှင့် သုံးသပ် ခြင်းများ ဆောင်ရွက်ရေး၊ ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ စွမ်းရည်တည်ဆောက် ရေး၊ ပုဂ္ဂလိက၊ ပြည်သူ၊ အသိပညာရှင် နှင့် အစိုးရမဟုတ်သော အစရှိသည့် သက်ဆိုင်သူများ အားလုံးပါဝင်သည့် ပူးပေါင်းဆောင်ရွက်မှု ဆောင်ရွက်ရေး တို့ဖြစ်သည်။ ထို့အပြင် ဆိုက်ဘာရာဇဝတ် မှုများနှင့် စပ်လျဉ်း၍ စွမ်းရည် တည်ဆောက်ရေး၊ တိုးတက်နေသည့် နည်းပညာကို အသုံးပြုရေး၊ ပြည်သူများ အကြား အသိပညာပေးရေး၊ ဥပဒေနှင့် နည်းဥပဒေများ တိုးမြှင့်ထိန်းချုပ်ရေး၊ ဆိုက်ဘာနည်းပညာရှင်များထံမှ နည်း ပညာ အထောက်အကူရယူရေး၊ မဲခေါင်-လန်ချန်းဒေသတွင်းနိုင်ငံများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် ရေးတို့ကို ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးပွဲတွင် အသိပညာရှင်များက အဆိုပြုခဲ့ကြပါသည်။
ဆွေးနွေးပွဲ ဒုတိယပိုင်းတွင် ဆွေးနွေးခဲ့သည့်အကြောင်းအရာများ
မဲခေါင်-လန်ချန်းဒေသသည် ပထဝီ အနေအထား၊ ရာသီဥတုနှင့် အရင်းအမြစ် များ ကြွယ်ဝကြပြီး ဒေသတွင်းနိုင်ငံ အားလုံးသည် စိုက်ပျိုးရေးအား အဓိက အားထားပြီး နိုင်ငံအား တည်ဆောက် ထားကြသဖြင့် စိုက်ပျိုးရေးသည်ဒေသ တွင်း စီးပွားရေးတိုးတက်မှု၏ တွန်းအားဖြစ်ပါသည်။ သို့ရာတွင် ရာသီ ဥတုပြောင်းလဲမှုများကြောင့် စိုက်ပျိုးရေး ကို ထိခိုက်ကာ ဒေသတွင်း စီးပွားရေး သာမက ကမ္ဘာ့စီးပွားရေးကိုပါ ရိုက်ခတ်မှု များရှိနေပြီး ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့မှုကွင်းဆက်ကို အနှောင့် အယှက်ပြုလျက် ရှိပါသည်။ သို့ဖြစ်ရာ ဒေသတွင်းနိုင်ငံများတွင်သာမက ကမ္ဘာ့ နိုင်ငံများတွင် စားနပ်ရိက္ခာစျေးနှုန်း မြင့်တက်နေသဖြင့် စားနပ်ရိက္ခာဖူလုံရေး အတွက် စိုးရိမ်မကင်း ဖြစ်လာလျက်ရှိ ပါသည်။
စားနပ်ရိက္ခာလုံခြုံမှု မရှိရခြင်းသည် လူမှုဘဝ ညီမျှမှုမရှိခြင်း၊ အစားအစာ စျေးကစားခြင်း၊ သီးနှံမျိုးရင်းများ လျော့ပါးကျဆင်းခြင်း၊ ဇီဝပြုပြင်မှုရှိ ခြင်းများနှင့် မျိုးဆက်သစ်လယ်သမား များ နေရပ်မှ စွန့်ခွာခြင်းတို့ကြောင့်လည်း ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။
အထက်ဖော်ပြပါ စားနပ်ရိက္ခာဖူလုံ ရေးပြဿနာများအပြင် ယနေ့အချိန်အခါ တွင် လူအများစုသည် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများတွင် ယခင်ခေတ်လူ များထက် ပိုမိုရုန်းကန်လှုပ်ရှားနေရပြီးအိမ်ထောင်စုတိုင်းနီးပါးတွင် အိမ်ရှိလူ အားလုံး အိမ်ပြင်သို့ထွက်၍ အလုပ် လုပ်ကိုင်နေရသဖြင့် နေ့စဉ်ပုံမှန် ချက်ပြုတ်စားသောက်မှု ပုံစံမှာ ကွယ်ပျောက်လာပြီး အလွယ်တကူရရှိ သည့် အစားအစာများ၊ အသင့်စား အစား အစာများကို ပိုမိုအားပြုစားသုံးလာကြ သည်ကို တွေ့ရှိရသည်။ အသင့်စား စားဖွယ် ဥပမာ ခေါက်ဆွဲခြောက် စသည် တို့သည် အာဟာရတန်ဖိုး နည်းပါးခြင်း ကြောင့် လူများစုသည် အာဟာရပြည့်ဝ သည့် အစားအစာများ စားသုံးနိုင်မှု ကျဆင်းလာလျက် ရှိလာပါသည်။ ထို့အပြင် ပြည်သူများသည် စိုက်ပျိုး သီးနှံထုတ်ကုန် ကျဆင်းမှု၊ ဇီဝပြုပြင် ပြောင်းလဲထားသည့် အသီးအနှံနှင့် အသီးအရွက်များ စားသုံးမှုတို့ကြောင့် အာဟာရဓာတ်ချို့တဲ့သည့် နောက်ဆက် တွဲ ပြဿနာများကို ရင်ဆိုင်လာနေကြရ ပါသည်။
သို့ဖြစ်၍ အထက်ဖော်ပြပါ ပြဿနာ ရပ်များ လျှော့ချနိုင်ရေးအတွက် မဲခေါင်-လန်ချန်း ဒေသတွင်း စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ MLC Bumper Harvest projects ကို ၂၀၂၀ ပြည့်နှစ်တွင် မဲခေါင် - လန်ချန်းဒေသ တွင်းနိုင်ငံများမှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် Lancang-Mekong Agricultural Cooperation Action Plan ကို စတင်ဆောင်ရွက်လျက်ရှိပါသည်။
ဆွေးနွေးပွဲ ဒုတိယပိုင်းမှ လက်တွဲပူးပေါင်းဖြေရှင်းနိုင်ရေး အဆိုပြုချက်များ
သို့ဖြစ်၍ စားနပ်ရိက္ခာလုံခြုံရေးနှင့် စပ်လျဉ်း၍ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိ သည့် မျိုးစေ့များ၊ ခေတ်မီစိုက်ပျိုးရေး ကိရိယာများ အသုံးပြုရန်နှင့် ဓာတ်မြေ သြဇာ လျှော့ချရေးအသုံးပြုရေးတို့ ဆောင်ရွက်သင့်ကြောင်းနှင့် ပြည်သူများ အားလုံး စားနပ်ရိက္ခာလုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့၏ ဆက်စပ်မှုကို နားလည်ပြီး ဒေသတွင်း ပြည်သူများအားလုံး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှု လိုအပ် ကြောင်းကို ပြည်သူများအား အသိပညာ ပေးသင့်ပါကြောင်း ဆွေးနွေးပွဲ၌ အသိ ပညာရှင်များ အဆိုပြုခဲ့ကြပါသည်။
နိဂုံး
နိဂုံးချုပ်အားဖြင့်ဆိုရလျှင် သဘာဝ ပတ်ဝန်းကျင် အရင်းအမြစ်များအနက် အရေးပါသည့် ရေအရင်းအမြစ်ဖြစ်သည့် မဲခေါင်/လန်ချန်း မြစ်တစ်ခုတည်းကို တည်မှီကာ မျှဝေသုံးစွဲလျက်ရှိကြသည့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသော နိုင်ငံများအကြား ပိုမိုရင်းနှီးချစ်ကြည် သည့် ဆက်ဆံရေးကို မြှင့်တင်ဆောင်ရွက် ကြရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာ တွင် ဒေသတွင်းပြည်သူများ ကြုံတွေ့နေ ရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခြင်းဖြင့် အတူတကွအဖြေရှာ၍ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဖန်တီးတည်ဆောက်ရာတွင် အထောက် အကူပြုစေရန် ရည်ရွယ်ကျင်းပခဲ့သည့် ဆွေးနွေးပွဲကြီး အောင်မြင်စွာ ပြီးမြောက် ခဲ့ပြီဖြစ်ပါသည်။ ဆွေးနွေးပွဲ၏ ဆွေးနွေး ချက်၊ အကြံပြုချက်များ၊ သုံးသပ်ချက်များ သည် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင် ရွက်ရေး အဖွဲ့ဝင်နိုင်ငံများ၏ သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှု များ၊ ခြိမ်းခြောက်မှုများအပေါ် အရေးယူ တုံ့ပြန်ရေးအတွက် ကြိုးပမ်းဆောင်ရွက် ရာတွင် အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုနိုင်မည်ဆိုပါက ယခု ဆွေးနွေးပွဲသည် အမှန်တကယ် အကျိုး ရှိစေတော့မည် ဖြစ်ပါသည်။ ။
- Log in to post comments